အခြေခံပညာကျောင်းများ ပြန်ဖွင့် မဖွင့်ကို ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ဆုံးဖြတ်မည်ဟု ညွှန်ချုပ်ပြောကြား
|အခြေခံပညာကျောင်းများ ပြန်ဖွင့် မဖွင့်ကို ရောဂါထိန်းချုပ်နိုင်မှု အပေါ်မူတည်၍ ဆုံးဖြတ်မည်ဟု ညွှန်ချုပ်ပြောကြား
ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်ဖွင့်ခြင်း၊ မဖွင့် ခြင်းကို COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုထိန်း ချုပ်နိုင်ခြင်းအပေါ် မူတည်ဆုံး ဖြတ်မည်ဟု အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
‘‘ ကျောင်းပြန်ဖွင့်ဖို့က စောင့်ကြည့်ရမယ့် အနေအထားရှိတယ်။လက်ရှိ အနေအထားအရ အခြေအနေ တအားဆိုးနေတဲ့ ဒေသတွေရှိနေတယ်။ ကူးစက်မှု ထိန်းချုပ်ရတာ ခက်ခဲနေတဲ့နေရာ တွေရှိတယ်။ အဲဒါတွေကို စောင့် ကြည့်ရဦးမယ်။
အခြေအနေဘယ် လိုရှိတယ်ဆိုတာ စောင့်ကြည့်၊ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်စရာ ရှိတာတွေကို Policy Maker တွေနဲ့ တိုင်ပင်ပြီးမှ ကျောင်းတွေ ပြန်ဖွင့်ခြင်း၊ မဖွင့်ခြင်းက ရောဂါ ကို ထိန်းချုပ်နိုင်တဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ လုပ်နိုင်လို့ ဖွင့် လို့ရရင်လည်း ဖွင့်လိမ့်မယ် ’’ ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
အာဆီယံဒေသတွင်း၌ COVID-19 ကပ်ရောဂါအန္တရာယ်ကြောင့် ကျောင်းလုံးဝ မဖွင့်ဘဲ အွန်လိုင်းမှသင်ကြားသည့် ဖိလစ်ပိုင်နိုင်ငံကဲ့သို့ နိုင်ငံများရှိသကဲ့သို့ လက်ရှိအချိန်ထိ ရောဂါကူးစက်မှုကို ထိန်းချုပ်ကာ ကျောင်းဖွင့်နေသည့် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများလည်းရှိနေပြီး မြန်မာနိုင်ငံတွင်သာ ကျောင်းဖွင့်ပြီးမှပြန် ပိတ်ထားရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် နိုင်ပြီဆိုပါက ယခုပညာသင်နှစ် တွင် ကျန်ရှိသည့် စာသင်ကာလ ကို တွက်ချက်ပြီး ကျောင်းဖွင့် မည့်အစီအစဉ်ကို စဉ်းစားဆုံး ဖြတ်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
‘‘ စာသင်နှစ်မှာ သင်ချိန် လ ဘယ်လောက်ကျန်လဲပေါ့။ လျော့သွားတဲ့ လတွေကို ဘယ်လိုအစား ထိုးလို့ ရမလဲဆိုတာတွေ ပြန် ကြည့်ရမယ်။ ဒါကလည်း အခြေ အနေကောင်းမှပါ။ နေ့စဉ်အခြေအနေ တွေကိုတော့ စောင့်ကြည့်နေတယ်။ တဖြည်းဖြည်း အချိန်တွေကုန်တယ် ဆိုရင်တော့နောက်ပိုင်းမှာ စဉ်းစားရမယ့် အနေအ ထားပေါ့ ’’ဟု ဦးကိုလေးဝင်းက ဆိုသည်။
အခြေခံပညာအတန်းများ အနက် အထက်တန်းအဆင့်အတန်းများကို ဇူလိုင် ၂၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ် ၂၇ ရက်မှစတင်ကာ တစ်နိုင်ငံလုံးရှိ ဖွင့်လှစ်ထားသည့် ကျောင်းအား လုံးကို ပြန်ပိတ်ရန် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအ မျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားခဲ့သည်။ ကျောင်းများဖွင့်ပြီး တစ်လ ကျော်အကြာတွင် ပြန်ပိတ်ခဲ့ခြင်းဖြစ်ပြီး ပြန်ဖွင့်မည့်ရက်ကို ကြေညာထားခြင်း မရှိသေးပေ။
အခြေခံပညာကျောင်းများ ပြန်ဖွင့်မည့်ရက်ကို ကြေညာခြင်း မရှိသေးသကဲ့သို့ ပုံမှန်မတ်လဆန်းတွင် ကျင်းပနေကျ တက္က သိုလ်ဝင်စာမေးပွဲကို ရွှေ့ဆိုင်းမည်လား၊ ကျင်းပမည်လား ဟူသည်ကိုလည်း ကြေညာခြင်း မရှိသေးပေ။
ကျောင်းပြန်ဖွင့်သည့်တိုင် စာသင်ချိန် နည်းလွန်းသည့်အ တွက် တက္ကသိုလ်ဝင်စာမေးပွဲကို ပုံမှန်အတိုင်း မတ်လတွင် ကျင်းပ နိုင်လိမ့်မည်မဟုတ်ဟု ရန်ကုန် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက် ပြုသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ရှိ၊မရှိ မသေချာခြင်းကြောင့် ပြင်ပတွင် သင်ကြားပေးသင့်သလား၊ အိမ်တွင်ပင် ကျက်၍ရသည့်စာ ကို ကျက်ခိုင်းသင့်သလားဟူသည် ကို လတ်တလော မိဘအများစု ဒွိဟဖြစ်နေကြသည်။
‘‘အားလုံးအတွက်ဆိုရင် တော့ ကျောင်းတွေလည်း မဖွင့် ဘူးဆိုရင် စာမေးပွဲကို တစ်နှစ် အောက်လိုက်တာတော့ပိုကောင်း မှာပေါ့နော်’’ ဟု မြောက်ဒဂုံမြို့ နယ်မှ တက္ကသိုလ်ဝင်တန်း ကျောင်းသားမိခင် ဒေါ်စန်းစန်း မြင့်က ပြောသည်။ Source ; 7Day