ယနေ့တိုင်အဖြေရှာမရသေးတဲ့ ကမ္ဘာပေါ်က ပဟေဠိဆန်သော တံတားတစ်စင်းအကြောင်း

ယနေ့တိုင်အဖြေရှာမရသေးတဲ့ ကမ္ဘာပေါ်က ပဟေဠိဆန်သော တံတားတစ်စင်းအကြောင်း

နာဆာအာကသ အေဂျင်စီဟာ အာကာသထဲမှာ ဂြိုလ်တုပေါင်းမြောက်များစွာ လွင့်တင်ထားတယ်ဆိုတာ အားလုံးသိ ပြီးသားဖြစ်မှာပါ ။ တစ်နေ့မှာတော့ နာဆာရဲ့ ဂြိုလ်တုတစ်ခုကနေ သိရိလင်္ကာ ကမ်းလွန်ဒေသမှာ ထူးဆန်းတဲ့ ပုံရိပ်တစ်ခုကို ဖမ်းမိခဲ့ပါတယ်။ အဲ့ဒါကတော့ ပင်လယ်အတွင်းက သီရိလင်္ကာကျွန်းမြေနဲ့ အိန္ဒိယတိုက်ကို ဆက်သွယ်ထားတဲ့ ထူးဆန်းတဲ့ တံတားတစ်စင်းပါပဲ။

နာဆာရဲ့ ထုတ်ပြန်ချက်တွေအရ စူးစမ်းရှာဖွေသူတွေဟာ ဒီဒေသကို စွန့်စားပြီး ရှာဖွေခဲ့ကြပါတယ်။ သူတို့တွေ့ရှိခဲ့ရတာကတော့ အပိုင်းပိုင်းပျက်နေတဲ့ ပင်လယ်ထဲက လျှောက်လမ်းလေးတစ်ခုပါပဲ။ဒီ လျှောက်လမ်းလေးဟာ သီရိလင်္ကာကျွန်းနဲ့ အိန္ဒိယတိုက်ကိုဆက်သွယ်ထားတဲ့ တံတားလေးတစ်စင်းလို ဖြစ်နေတာပါ။

ထူးဆန်းတာက တခြားပင်လယ်အတွင်းကသဲသောင်တွေလို သောင်ထွန်းပြီးဖြစ်လာတာ ဒါမှမဟုတ်သန္တာကျောက်တန်းလည်းမဟုတ်ပဲ ကျောက်တုံးလေးတွေစုပုံထားပြီး လမ်းလေးတစ်ခုလိုဖြစ်နေတယ် ဆိုတာပါပဲ။ ဒီပင်လယ်အတွင်းက လျှောက်လမ်းလေးဟာ ဘယ်လိုဖြစ် လာခဲ့တာပါလဲ။

စူးစမ်းလေ့လာသူတွေဟာ ဒီလျှောက်လမ်းလေးမှာရှိနေတဲ့ ကျောက်တုန်းတွေကို ကာဗွန်သက်တမ်းတွက်ချက်တဲ့နည်းနဲ့ တွက်ချက်စစ်ဆေးကြည့်တဲ့အခါ ဒီကျောက်တုံးတွေဟာ နှစ်ပေါင်း ၇၀၀၀ ခန့်သက်တမ်းရှိနေတာကိုတွေ့ရှိရပြီး အဲ့ဒိကျောက်တုံးတွေကိုဖုံးအုပ်နေတဲ့ သဲထုကတော့ နှစ်ပေါင်း ၄၀၀၀ ခန့်သာသက်တမ်းရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပြီးတဲ့နောက် စူးစမ်းလေ့လာသူတွေနဲ့ သိပ္ပံပညာရှင်တွေဟာ ဒီလျှောက်လမ်းဟာ သဘာဝအတိုင်းဖြစ်နေတာမဟုတ်ပဲ လူသားတွေဖန်တီးထားခဲ့တာလို့ ကောက်ချက်ချခဲ့ကြပါတယ်။ ထူးဆန်းတာက ပင်လယ်အတွင်းမှာ မိုင် (၃၀) ကျော်ရှည်လျားတဲ့ဒီတံတားကို ဘယ်လိုလူသားတွေကခင်းခဲ့သလဲဆိုတာပါပဲ။

ဒီလျှောက်လမ်းတံတားလေးရဲ့ နောက်ကြောင်းရာဇဝင်ကို လေ့လာ ကြည့်တဲ့အခါ အပိုင်းပိုင်းပြတ်နေတဲ့ ဒီလျှောက်လမ်းဟာ ၁၄၈၀ ခုနှစ် ခန့်က အင်အားကြီးမုန်တိုင်းတွေကြောင့် အပိုင်းပိုင်းပြတ်သွားတယ်လို့ Rameshwaram ဘုရားကျောင်းမှာရှိတဲ့ မှတ်တမ်းတွေမှာတွေ့ရှိရပါတယ်။ အဲ့ဒိမတိုင်ခင်က ဒီလမ်းကို လူသားတွေအသုံးပြုခဲ့တယ်လို့လဲဆိုကြပါတယ်။

ဒီလျှောက်လမ်းကို ပထမဦးဆုံးမှတ်တမ်းတင်ခဲ့တဲ့သူကတော့ ဗြိတိသျှ မြေပုံရေးဆွဲသူတစ်ဦးဖြစ်ပြီး ၁၈၀၄ ခုနှစ်မှာမှတ်တမ်းတင်ခဲ့တယ်ဆိုတာကိုတွေ့ရှိရပါတယ်။ ဒီအချိန်အထိ လူသားတွေဟာ ဒီတံတားလျှောက်လမ်းလေးကို ဘယ်သူတွေကတည်ဆောက်ထားခဲ့တယ်ဆိုတာကို မသိရှိရသေးပါဘူး။

အိန္ဒိယ ဟိန္ဒူဒဏ္ဍာရီတွေအရ ထူးဆန်းတဲ့ ဒီတံတားကိုတည်ဆောက်ထားခဲ့တယ် မှတ်တမ်းရှိပါတယ်။ အဲ့ဒါကတော့ ရာမယန ဇာတ်တော်ပါ။ ရာမယနဇာတ်တော်ဟာ မူလ ဟိန္ဒူနတ်ဘုရားဖြစ်တဲ့ ရာမနတ်ဘုရားရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပြီး အိန္ဒိယတိုက်မှတဆင့် ယိုးဒယား ၎င်းမှတဆင့် မြန်မာနိုင်ငံကိုရောက်ရှိလာတယ်လို့ဆိုရမှာပါ။

ထင်ရှားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ ဒီဇာတ်တော်မှာ ရာမနတ်မင်းသားဟာ ဇနီးသည်ဖြစ်တဲ့ သီတာဒေဝီကို ဒဿဂီရိဘီလူးမင်းလက်ကနေ ပြန်လည်ရယူနိုင်ဖို့စစ်ခင်းတဲ့အခါ စစ်သူကြီးဟာနုမာန်ဦးဆောင်တဲ့ မျောက်စစ်သည်တွေဟာ ကျောက်တုံးတွေကိုအသုံးပြုပြီး တံတားခင်းခဲ့တယ်လို့ဆိုပါတယ်။ ဇာတ်တော်တွေထဲမှာလဲ ယနေ့ထိ ဒီအကြောင်းကိုတင်ဆက်နေဆဲပါပဲ။

ဒါကြောင့် တချို့သီအိုရီတွေအရ ဒီမိုင် (၃၀) ရှည်လျားတဲ့ လျှောက်လမ်းလေးဟာ ဟာနုမာန်တို့ တည်ဆောက်သွားတဲ့ တံတားဖြစ်တယ်လိုယုံကြည်နေကြပြီး အခြားသီအိုရီ တစ်ခုလည်းရှိပါသေးတယ်။

အဲ့ဒါကတော့ ခရစ်ယာန်ယဉ်ကျေးမှုအပြင် ဟီဗရူးကျမ်းစာတွေမှာတွေ့ရတဲ့ လူသားမျိုးနွယ်ရဲ့အစဖြစ်တဲ့ အာဒံနဲ့ ဧဝဒဏ္ဍာရီပါ။ အာဒံနဲ့ဧဝဟာ ဘုရားသခင်ဆီရဲ့အပြစ်ပေးခြင်းကိုခံရပြီး ဧဒင်ဥယျာဉ်ကနေနှင်ထုတ်ခံရပြီးတဲ့နောက်မှာတော့ ကမ္ဘာမြေပေါ်မှာ အိမ်ယာတည်ထောင်ပြီး လှည်လည်လျှောက်သွားခဲ့တယ်ဆိုတာကို အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီနေရာမှာ ဧဒင်ဥယျာဉ်ဟာ ဘယ်နေရာမှာလဲဆိုတာအားလုံးသိချင်နေကြမှာပါ။

တချို့သီအိုရီတွေအရတော့ ဒီဥယျာဉ်ဟာအစ္စရေးမှာ တချို့ကတော့ အီရတ်တချို့ကတော့ ဘေဘီလုံလို့ခေါ်တဲ့ရှေးဟောင်းတိုင်းပြည်မှာရှိတယ်လို့ဆိုကြပေမဲ့ သီအိုရီတစ်ခုမှာတော့ ဧဒင်ဥယျာဉ်ကို သီရိလင်္ကာ ကျွမ်းဆွယ်ဒေသမှာရှိတယ်လို့ဆိုကြပြီး အာဒံဟာ ဧဒင်က နေ ထွက်ခွာခဲ့ရပြီးတဲ့နောက်မှာ ပင်မကုန်းမြေဆီကိုထွက်ခွာဖို့ ဒီတံတားကို တည်ဆောက်ခဲ့တယ်လို့ လဲဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီတံတားလေးဟာ ကမ္ဘာပေါ်မှာ ပဟေဠိဆန်တဲ့နယ်မြေတစ်ခုအဖြစ် ယနေ့ထက်တိုင်တည်ရှိနေပြီး ရာမတံတား ဒါမှမဟုတ် အာဒံတံတားအဖြစ်လူသိများကြပါတယ်။ ခရက်ဒစ် ; ဦးနတ်ရဲ

Add a Comment

Your email address will not be published. Required fields are marked *