ပုသိမ်မှ ၉ရက်သားအရွယ် ကိုဗစ်လူနာကလေးငယ် ရောဂါပျောက် ကင်း၍ ဆေးရုံမှဆင်း

ပုသိမ်မှ ၉ ရက်သားအရွယ် ကိုဗစ်လူနာကလေးငယ် ရောဂါပျောက် ကင်း၍ ဆေးရုံမှဆင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှ ၉ ရက်သားအရွယ် ကိုဗစ် -၁၉ လူနာကလေးငယ်မှာ ရောဂါပျောက်ကင်း၍ အောက်တိုဘာ ၁၁ ရက်က ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ပုသိမ်မြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ထံမှ စုံစမ်း သိရသည်။

အဆိုပါ ကလေးငယ်မှာ မွေးဖွားပြီးနောက် နေအိမ်သို့ ပြန်စဉ် အငှားယာဉ်မောင်းထံမှ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး အောက်တိုဘာ ၁ ရက်က ဓာတ်ခွဲအတည်ပြု လူနာအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပါသည်။

“ပုသိမ်ဆေးရုံရဲ့ အသက်အငယ်ဆုံး ကိုဗစ်လူနာ ၉ ရက်သား ကလေးငယ် မနေ့က ဆေးရုံဆင်းပါပြီ။ ကလေးအမေက အပြင်ဆေးရုံမှာ ကလေးမွေးပြီး အိမ်ပြန်တယ်။ လမ်းမှာ သူငှားစီးနေတဲ့ အိုးဝေယာဉ်မောင်းက ပိုးတွေ့သွားတော့ ကလေးကို ကူးသွားတယ်။ အမေကိုတော့ မကူးဘူး။ မနေ့ကပဲ ဆေးရုံ ဆင်းသွားပါပြီ” ဟု ဒေါက်တာ သန်းမင်းထွဋ်က ပြောကြားခဲ့သည်။

ယင်းကလေး၏ ဖခင်ဖြစ်သူနှင့် အဒေါ်တို့မှာလည်း ကိုရိုနာ ဗိုင်းရပ်ပိုးကူးစက်ခံခဲ့ရပြီး မိခင်နှင့် အဘွားတို့မှာမူ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ကလေးငယ်အား ပြုစုစောင့်ရှောက်ရန် သီးသန့်အဆောင်တစ်ခု စီစဉ်ပေးခဲ့ရပြီး မိခင်ဖြစ်သူမှ နို့ချို တိုက်ကျွေးသည့် အခါတွင် နှာခေါင်းစည်း တပ်ဆင်စေခဲ့ကြောင်း၊ ဆေးရုံ မဆင်းခင်တွင် ၎င်းကို စောင့်ရှောက်နေသော အမေနှင့် အဖွားတို့အား ပိုးကူးစက်ခြင်း ရှိ၊ မရှိ GeneXpert စက်ဖြင့် ဒုတိယအကြိမ် စစ်ဆေးခဲ့ရာတွင်လည်း ပိုးမတွေ့ရှိရသည့်အတွက် ဆေးရုံဆင်းခွင့် ပြုခဲ့ကြောင်း ဒေါက်တာ သန်းမင်းထွဋ်က ဆိုသည်။

ကိုဗစ်ဒုတိယလှိုင်း ပြန်လည်စတင်ချိန်တွင် ကူးစက်ခံရသည့်လူနာ လည်း ပိုမိုများပြား လာသကဲ့သို့ လသား၊ ရက်သားအရွယ် ကလေးငယ်များလည်း ကူးစက်ခံရခြင်းများ ရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်တွင်လည်း မြန်မာတစ်နိုင်ငံလုံး၌ အသက်အငယ်ဆုံးဖြစ်သည့် ပဲခူးတိုင်းဒေသကြီးမှ ၈ ရက်သားအ ရွယ် COVID-19 လူနာကလေးငယ်မှာ ဆေးရုံဆင်းခဲ့ပြီးဖြစ်သည်။ အောက်တိုဘာ ၁၁ ရက်အထိ ဧရာဝတီတိုင်း ဒေသကြီးတွင် ကိုဗစ် – ၁၉ ကူးစက်ခံရသူ ၄၅၈ ဦး အထိရှိပြီဖြစ်သည်။Source ; စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *