သားကို မရိုက်ပါနဲ့ ဦးကြီးရယ် …

သားကို မရိုက်ပါနဲ့ ဦးကြီးရယ် …

ရပ်ကွက်ထဲမှာ …ပိုက်ဆံရှိတဲ့ လူကြီးတစ်ယောက်က အလှူပေးတဲ့ အနေနဲ့ မရှိဆင်းရဲသား ကလေးသူငယ်တွေကို ထမင်းကျွေးတာပေါ့ ။ ကလေးတွေ အများကြီး လာစားကြပါတယ်။ ဝက်သားဟင်းနဲ့ ချဉ်ရည်ဟင်းရယ် ဟင်းကြမ်း တစ်ခွက် ရယ်ပါ။

တစ်ယောက်ကို ဟင်းတုံး နှစ်တုံးစီ ထည့်ပေးပါတယ်။ အလှူ အတန်းလုပ်ပြီးတော့ ကလေးတွေ စားနေကြတာကို လိုက်ကြည့်ကာ အလှူရှင်ကလည်း ပီတိ ဖြစ်နေတာပေါ့။ အဲဒီလို လိုက်ကြည့်တဲ့အခါ ကလေးလေး တစ်ယောက်က ဦးထုပ်မချွတ်ပဲ ထမင်းစား နေတယ်တဲ့။

ပန်းကန်ထဲမှာလည်း ဟင်းတုံးတစ်တုံးမှ မရှိတော့ဘူး။ ချဉ်ရည်ဟင်းလေး ဆမ်းစားနေတာတွေ့တော့ … ဟာ … ဟိုကောင်တွေ ဒီကလေးကို ဟင်း ထည့်မပေးကြဘူးနဲ့ တူတယ်။ ဟေ့ … ဒီကိုလာဦး …

ဟင်းလိုက်တဲ့ တစ်ယောက်က ဗျာ … ဆရာ … ကျွန်တော် ခဏနေကပဲ ဟင်းတုံး နှစ်တုံး ဒီကလေးလေးကို ထည့်ပေး ခဲ့သေးတယ်။ ခု မရှိတော့ဘူးလား ? အဲဒီအချိန်မှာ ကလေးဆောင်းထားတဲ့ ဦးထုပ်ထဲကနေ မျက်နှာပေါ်ကို အရည်တွေ လိုလို ဆီတွေလိုလို ကျလာ ပါတယ်။

အဲဒါနဲ့ လူကြီးက ဦးထုပ်ကို ဆွဲချွတ်လိုက်တော့ ခေါင်းပေါ်မှာဝက်သားတုံးကြီး နှစ်တုံး တင်ထားပါတယ်။ဟင်…မင်းမစားပဲနဲ့ဒါ ဘာလုပ်တာလဲ ? လူကြီးက မေးလိုက်တော့ ကလေးလေးကကြောက်သွားပါတယ်။ သူ့ရဲ့ အကြည့်လေးတွေကလည်း အပြစ်ကင်းစင်ပြီး သနားစရာလည်း အရမ်း ကောင်းနေပါတယ်။

ပြီးတော့ ကလေးလေးဟာ မျက်ရည်လေးတွေ ဝဲလာတယ်လေ …ဦးကြီးရယ် … သားကို … မရိုက်ပါနဲ့နော် … သားလေ …သား … အမေ့အတွက် ယူသွားချင်လို့ပါ။ အမေကအိပ်ယာထဲမှာ နေလည်း မကောင်းဘူး။ ပြီးတော့ သားကို ဝက်သားဟင်းလေး စားချင်တယ်လို့လည်း ပြောပါတယ်။ အမေ ဆာနေမှာမို့ပါ။ သား မစားပဲ အမေ့အတွက် ယူသွား မလို့ပါ။

ကလေးဟာ ခဏနေက မျက်ရည်လေးတွေ ဝဲရုံတင် ဝဲနေပေမယ့်သူပြောချင်တာလေးတွေ ပြောပြီး ငိုပါတော့တယ်။ လူကြီး တော်တော် စိတ်မကောင်း ဖြစ်သွားတယ်လေ။ ရင်ထဲလည်း မကောင်းတော့ပါဘူး။ အေးပါ သားရယ် … မငိုပါနဲ့တော့နော် … တိတ် …တိတ် လိမ္မာလိုက်တဲ့ ကလေးလေးပဲ … အမေကို ချစ်တတ်လိုက်တာ …

သား ထမင်းကို ဝက်သားဟင်းနဲ့ပဲ စားနော်… အပြန်ကျ သားအမေအတွက် ဦး ဟင်းတွေ အများကြီး ထည့်ပေးလိုက်မယ်နော် …အဲဒီလိုလည်း ပြောလိုက်ရော ကလေးလေးဟာ မငိုတော့ပဲ မျက်ရည်တွေ သုတ်လိုက်ပါတယ်။

သား…မကြောက်နဲ့နော် … ဦးကြီးက မင်းကို ဘာလို့ ရိုက်ရမှာလဲကွ မရိုက်ပါဘူးနော် … ကဲ … ငါ့တပည့် … ဒီကလေးကို ဟင်းထပ်ထည့် ပေးလိုက်ပါဦးကွယ်။ ဓမ္မစမ်းရေ

Add a Comment

Your email address will not be published. Required fields are marked *