ကိုဗစ်ပိုးရှိမရှိ စက္ကူသုံးပြီး စစ်ဆေးသည့်နည်းပညာကို အိန္ဒိယတွင်စတင် အသုံးပြုတော့မည်
|ကိုဗစ်ပိုးရှိမရှိ စက္ကူသုံးပြီး စစ်ဆေးသည့်နည်းပညာကို အိန္ဒိယတွင်စတင် အသုံးပြုတော့မည်
ကိုရိုနာ ဗိုင်းရပ်စ်ကို လျင်မြန်စွာ စစ်ဆေးနိုင်ပြီး ဈေးချိုသည့် စက္ကူအခြေပြု စစ်ဆေးနည်းကို အိန္ဒိယနိုင်ငံတစ်ဝန်း မကြာမီရရှိတော့မည် ဖြစ်သည်။ ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးဆုံး ဖြစ်ပွားနေသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သော အိန္ဒိယတွင် ဗိုင်းရပ်စ်ကပ်ဘေးကို လျှော့ချရန် ယင်းစစ်ဆေးနည်းက အထောက်အကူပြုမည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ထားသည်။
ယခုချိန်တွင် အိန္ဒိယ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇.၅ သန်းကျော် ရှိထားပြီး အမေရိကန်ပြီးလျှင် ကူးစက်မှု ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။ မွမ်ဘိုင်းကဲ့သို့ လူဦးရေ ထူထပ်သော မြို့ကြီးများမှသည် ကျန်းမာရေး စောင့်ရှောက်မှု အကန့်အသတ်ရှိသော ကျေးလက်နေရာများအထိ နေရာစုံတွင် ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့ခဲ့သည်။
နာမည်ကျော် အိန္ဒိယစုံထောက် ဝတ္ထုဇာတ်ကောင်တစ်ဦး၏ အမည်ကို အစွဲပြုပြီးပေးထားသော Feluda ဆိုသည့် ယင်းစမ်းသပ်နည်းသည် အိမ်တွင်းစမ်းသပ်မှု ဆောင်ရွက်နိုင်သော ကိုယ်ဝန်စစ်ဆေးနည်းကို နမူနာယူထားပြီး တစ်နာရီအတွင်း အဖြေထုတ်ပေးနိုင်မည် ဖြစ်သည်။
စရိတ် ချိုသာပြီး အသုံးပြုရ လွယ်ကူမှုကြောင့် ဆင်းရဲသော၊ ဝေးလံ သော ဒေသများ၌ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို လျှော့ချနိုင်မည်ဟု သုတေသန ပညာရှင်များက မျှော်လင့်ထားသည်။
“ ဒီစမ်းသပ်နည်းက အဆင့်မြင့် ကိရိယာတွေ၊ လေ့ကျင့် သင်ကြားထားသူတွေ မလိုပါဘူး။ အဆင့်မြင့် ဓာတ်ခွဲခန်းတွေ မရှိတဲ့နေရာတွေ အိန္ဒိယ အစွန်အဖျားဒေသတွေမှာ အများကြီး ရှိပါတယ်။ ဒီစမ်းသပ်နည်းက ဖြန့်ဖြူးရတာ အများကြီး လွယ်ကူပါတယ် ” နယူးဒေလီရှိ CSIR-Institute of Genomics Integrative Biology (IGIB) မှ သိပ္ပံပညာရှင် ဆိုဗစ်မာအီထီက ပြောကြားခဲ့သည်။
အိန္ဒိယသည် လောလောဆယ်တွင် တိကျမှုမြင့်မားပြီး အဆင့်မြင့်ဓာတ်ခွဲခန်းများ၌ စစ်ဆေးသည့် RT-PCR စမ်းသပ်နည်းနှင့် စရိတ်သက်သာသော်လည်း တိကျမှုနိမ့်ကျသည့် အမြန်စစ်ဆေးနည်းတို့ကို သုံးစွဲနေသည်။ အခြားနိုင်ငံများတွင်လည်း ထုတ်လုပ်နေ သော ဗိုင်းရပ်စ်ကို စက္ကူနှင့် စစ်ဆေးသည့် စရိတ်ချိုသာသော စမ်းသပ်နည်း Feluda သည် တိကျမှုမြင့်မားပြီး အသုံးပြုရလွယ်ကူသည်ဟု ဆိုသည်။
CRISPR-Cas9 ဆိုသည့် မျိုးဗီဇပြုပြင်သည့် နည်းကို သုံးစွဲသော စမ်းသပ်နည်းသည် အိန္ဒိယအစိုးရ၏ သဘောတူခွင့်ပြုချက် ရထားပြီးဖြစ်သည်။ Feluda စမ်းသပ်နည်းကို အိန္ဒိယ၏ Tata Group က လာမည့် သီတင်းပတ် အနည်းငယ်အတွင်း စတင်ဖြန့်ကျက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဟက်ရှ်ဗာဒဟန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ထိုအစီအစဉ်အတိုင်း ဖြန့်ကျက်နိုင်ပါက အိန္ဒိယသည် ကမ္ဘာတွင် ဗိုင်းရပ်စ်ကို စက္ကူနှင့် စမ်းသပ်နည်းအား ပထမဆုံး ဖြန့်ဖြူးနိုင်သော နိုင်ငံဖြစ်လာမည် ဖြစ်သည်။ Feluda၏ ဈေးကို မထုတ်ပြန်သေး သော်လည်း ရူပီး ၅၀၀ (၆.၈ ဒေါ်လာ) ခန့် ကျသင့်မည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြခဲ့ကြသည်။ ထိုကုန်ကျမှုသည် နယူးဒေလီတွင် PCR စမ်းသပ်မှု ကုန်ကျစရိတ်၏ ငါးပုံတစ်ပုံခန့် ရှိမည်ဖြစ်သည်။
လက်ရှိ စမ်းသပ်နည်းနမူနာသည် PCR စက်နှင့်တွဲဖက် အသုံးပြုရန် လိုအပ်ပြီးနောင်တွင် အိမ်၌ ကိုယ်တိုင် စမ်းသပ်နိုင်သော နည်းကို တီထွင်နေကြောင်း IGIB မှ သိပ္ပံပညာရှင် ဒေဘောဂျယောတီချာကရာ ဘော်တီက ပြောကြားခဲ့သည်။ ခရက်ဒစ်