လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ငွေအတုရောင်းသည့် အကောင့်ကို ဖော်ထုတ်အရေးယူလိုက်

လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ငွေအတုရောင်းသည့် အကောင့်ကို ဖော်ထုတ်အရေးယူလိုက်

Facebook လူမှုကွန်ရက်တွင် ” ငွေအတုသည်”ဆိုသော အကောင့်ကို ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူ လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်က လူမှုကွန်ရက် စာမျက်နှာ ၌ “ ငွေအတုသည်”အကောင့်မှ ” ငွေအတု ဝယ်လိုသောမိတ်ဆွေများဆက်သွယ်ရန် ဖုန်းအမှတ် ၀၉၆၇၈၅၀၇၅၁၉”ဟု ဖော်ပြထားသည်ကိုတွေ့ရှိရ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ ဝယ်ယူသူတစ်ဦးအဖြစ် အသွင်ယူ၍အဆိုပါ ဖုန်းနံပါတ်သို့ ဆက်သွယ် စုံစမ်းမေးမြန်းခဲ့ရာ ” ငွေအစစ်ကို အတု ၆ ဆ နှုန်းဖြင့် လဲလှယ်ပေးကြောင်း၊ လုံခြုံရေးကြိုး၊ ဗဟိုဘဏ်တံဆိပ် များပါရှိကြောင်း၊ မှာယူလိုပါကဖုန်းအမှတ် ၆၇၈၅၀၇၅၁၉ သို့ Wave Money ဖြင့် ငွေလွှဲပို့ရန်” ညှိနှိုင်းပြောကြား ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကြောင့် အောက်တိုဘာလ ၂၄ ရက် ညနေ ၃ နာရီခန့်တွင် ငွေကျပ် ၁ သိန်းဖိုးဝယ်ယူမည်ဖြစ် ကြောင်း ညှိနှိုင်း ပြောဆိုငွေလွှဲပေးခဲ့ပြီး ငွေထုတ်ယူမှုအား စုံစမ်းစောင့်ကြည့်ခဲ့ရာ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ရပ်ကွက်ရှိ ဖုန်းရောင်းဝယ်နှင့်Wave Money လုပ်ငန်းလုပ်ကိုင်သည့် “Sony” ဈေးဆိုင်သို့ စလင်း မြို့နယ်၊ မကျီးကုန်းကျေးရွာ နေသူများဖြစ်သည့် ဌေးမြင့်ဦး (ခ)ဖိုးနန်း (ဖ) ဦးအောင်အောင်နှင့် မင်းမင်း (ဖ) ဦး သန်းဝင်းတို့ ၂ ဦးမှ လာရောက် ထုတ်ယူသွားကြောင်း သိရှိရကြောင်း ယင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် နေအိမ်များသို့ ဝင်ရောက်ရှာဖွေရာ ၎င်းတို့ ၂ ဦးအား Wave Money လက်ခံထားသည့် Message များနှင့် ” ငွေအတုသည်” Facebook အကောင့် အသုံးပြုသည့် ဖုန်းအမှတ် ၀၉ ၆၇၈၅၀၇၅၁၉၊ ၀၉ ၆၈၂၄၇၁၀၈၆၊ ၀၉ ၈၈၉၈၇၅၈၈၁၊ ၀၉ ၂၅၅၇၅၀၈၂၃ ဆင်းကတ် ၄ ခုပါဖုန်း၃ လုံး၊ ငွေ ၂၅၀၀၀ ကျပ်နှင့် ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။

တရားခံ ၂ ဦး၏ နေအိမ်များတွင် ငွေစက္ကူအတုများနှင့် ဆက်စပ်ပစ္စည်းတစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိဘဲ ၎င်းတို့သည် “ ငွေအတုသည် ” အကောင့်ဖြင့် Onlineမှတစ်ဆင့် ငွေတုများရောင်းချသည် ဟုလိမ်လည် ပြောဆို၍ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေချိန် ပြည်သူလူထု အခက်အခဲအပေါ် အခွင့်ကောင်းယူကာ ပြည်သူများ၏ငွေကြေးကို လိမ်လည်ရယူနေသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းလည်း ဖော်ပြ ထားသည်။

ယခုအခါ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုအတွင်း သတိပြုဆင်ခြင်နိုင်စေရန်နှင့် ငွေစက္ကူအတုများ ဖောင်းပွမှုမရှိစေရေး၊ မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်းစောင့်ကြည့်သတင်းရယူကြိုတင်ထိန်းချုပ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *