သမီးဖြစ်သူက ဘဏ်ကတ်ကိုယူသုံးပြီး Live-Streaming မှာ ကြယ်တွေပေးလို့ ဒေါ်လာတစ်သိန်းကျော် ဆုံးရှုံးသွားရတဲ့ဖခင်
|သမီးဖြစ်သူက ဘဏ်ကတ်ကိုယူသုံးပြီး Live-Streaming မှာ ကြယ်တွေပေးလို့ ဒေါ်လာတစ်သိန်းကျော် ဆုံးရှုံးသွားရတဲ့ဖခင်
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ဖို့ရာ ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကလေးငယ်တွေဟာ နေအိမ်မှာပဲ နေထိုင်ကြရပြီး မိဘတွေရဲ့ဘဏ်ကတ်တွေဖြင့် အွန်လိုင်းမှာ အသုံးပြုမှုတွေ မကြာခဏဖြစ်နေကြောင်း ဒေသခံ မီဒီယာတွေက ရေးသားနေကြပါတယ်။
ဒီထဲကမှ ထူးခြားချက် တစ်ရပ်အနေနဲ့ ဆိုးလ်မြို့မှာ အသက်(၄၈) နှစ်အရွယ် ဖခင်တစ်ဦးဟာ သူနဲ့ ဇနီးဖြစ်သူတို့ အိမ်အသစ်ဝယ်ယူဖို့ စုထားတဲ့ ပိုက်ဆံတွေထဲမှ ဝမ်သန်း ၁၃၀ (အမေရိကန်ဒေါ်လာ ၁၁၅,၀၀၀) ဟာ ဩဂုတ်လအတွင်း ဘဏ် အကောင့်ထဲမှ ပျောက်ဆုံးနေတဲ့အတွက် စစ်ဆေးကြည့် ခဲ့ပါတယ်။
အဲ့ဒီလို စစ်ဆေး ကြည့်ခဲ့ရာမှာတော့ (၁၁) နှစ်အရွယ် သမီးဖြစ်သူဟာ Hakuna Live လို့ခေါ်တဲ့ Live-streaming အက်ပလီကေးရှင်းမှ တစ်ဆင့် အဆိုပါ ပိုက်ဆံတွေ အားလုံးတို့ကို ဖြုန်းတီး ပစ်ခဲ့တယ်လို့ သိရပါတယ်။ Hakuna Live အက်ပလီ ကေးရှင်းမှာ ပြင်ပငွေကြေးတွေကို ဂိမ်းအတွင်း ငွေကြေးဖြစ်တဲ့ “စိန်တုံး” များအဖြစ် ပြန်လည်ဝယ်ယူပြီး လက်ဆောင်ပစ္စည်းအဖြစ် ကြယ်တွေ ဝယ်ယူပေးလို့ရတယ်လို့ သိရပါတယ်။
မိန်းကလေးငယ်က ဝမ်သန်း (၁၃၀) တန်ကြေးရှိတဲ့ စိန်တုံးတွေကို Streamer (၃၅) ဦးအား မိခင်ဖြစ်သူရဲ့ စမတ်ဖုန်းမှ တစ်ဆင့် ဩဂုတ် ၃ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း မိုဘိုင်းငွေလွှဲ ဝန်ဆောင်မှုကို အသုံးပြုကာ ပေးခဲ့တယ်လို့ သိရပါတယ်။
” ကျွန်တော့် မိန်းမက အမြင်အာရုံ မကောင်းသလို ဦးနှောက်လည်း ထိထားတဲ့အတွက် ဖုန်းကို အမြဲတမ်း unlock သာ ပြုလုပ်ထားလေ့ရှိပါတယ် ” လို့ ဖခင်ဖြစ်သူ ကင်မ်အမျိုးသားက CBS ရေဒီယို အစီအစဉ်ကို ဗုဒ္ဓဟူးနေ့က ဖြေကြားခဲ့ပါတယ်။
ဖခင်ဖြစ်သူက Streamer (၃၅) ဦးစလုံးကို ငွေပြန်အမ်းဖို့ ဆက်သွယ်ခဲ့ရာမှာ အချို့က ငွေပြန်အမ်းဖို့ လိုလိုလားလား သဘောတူခဲ့ကြပေမယ့် အခုချိန်ထိတော့ ဝမ် ၄၆ သန်း (အမေရိကန်ဒေါ်လာ ၄၀,၀၀၀) ဆုံးရှုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ MRML / Ref ; SCMP