ကိုဗစ်ကြောင့်အလုပ်လက်မဲ့ဖြစ်ပြီး ကိုယ်ပိုင်လမ်းဘေးဆိုင်ဖွင့်ကာ ကိုယ်တိုင်စားပွဲထိုးနေရတဲ့ မလေးရှားလေယာဉ်မှူးကြီး

ကိုဗစ်ကြောင့်အလုပ်လက်မဲ့ဖြစ်ပြီး ကိုယ်ပိုင်လမ်းဘေးဆိုင် ဖွင့်ကာ ကိုယ်တိုင်စားပွဲထိုးနေရတဲ့ မလေးရှားလေယာဉ်မှူးကြီး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆူဘန်ဂျာယာရှိ လမ်းဘေးဆိုင်တန်း နေရာတစ်ခုတွင် ကိုယ်တိုင်ချက်ပြုတ်၊ ကိုယ်တိုင်စားပွဲထိုးလုပ်နေသည့် လေယာဉ်မောင်းလုပ်သက် အနှစ် ၂၀ ကျော် ရှိပြီဖြစ်သော လေယာဉ်မှူးကြီး Azrin Mohamad Zawawi ကို လမ်းသွားလမ်းများ မြင်တွေ့ရနိုင်သည်။

၎င်းသည် လေယာဉ်မှူးဝတ်စုံ အပြည့်အစုံဖြင့် ချက်ပြုတ်ရာတွင် အသုံးပြုသည့် ခန္ဓာကိုယ်ရှေ့ဖုံး ခါးစည်းအနီ (Apron) ကို ဝတ်ဆင်ကာ ဆိုင်းအတွင်း ဧည့်သည်များအကြား မရပ်မနား သွားလာလှုပ်ရှားနေသည်။

မလေးရှားနိုင်ငံ Malindo လေကြောင်းလိုင်းတွင် လေယာဉ်မှူးတစ်ဦးအဖြစ် လုပ်ကိုင်နေရာမှ COVID – 19 ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် ကျောင်းနေအရွယ် ကလေး ၄ ဦးဖခင် အသက် ၄၄ နှစ်အရွယ် လေယာဉ်မှူးကြီးသည် ယင်း၏ လမ်းဘေးစားသောက်ဆိုင် အလုပ်ကို ဂုဏ်ငယ်သည်ဟု မထင်ဘဲ လေးလေးစားစားဂရုတစိုက် လုပ်ကိုင်နေသည်ကို အားလုံးကတွေ့ရပေမည်။

ထိုသို့ လုပ်ကိုင်နေခြင်းမှာ COVID – 19 ကပ်ရောဂါကြောင့် ကြုံတွေ့နေရသည့် ဝင်ငွေလျော့ပါးမှု စီးပွားရေး မပြေလည်မှု အခက်အခဲကို ကျော်လွှားနိုင်ရန် ပြန်လည်ကြိုးပမ်းသည့် အားထုတ်မှုတစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ သတင်းတွေဆီကနေ လေ့လာသင်ယူမှု လုပ်တယ်၊ ဒီကပ်ရောဂါဟာ အခုချက်ချင်း ပြီးသွားဦးမှာ မဟုတ်ဘူး၊ ဆိုလိုချင်တာက လေ ကြောင်းလိုင်းတွေဟာလည်း သိပ်မကြာခင်ပြန်ပြီး လည်ပတ်နိုင်ဦးမှာ မဟုတ်ဘူးလေ၊ ဒါကြောင့် မိသားစု စားဝတ်နေရေး အသုံးစရိတ်ကို ကာမိဖို့ ကျွန်တော့်အနေနဲ့ အသစ်တစ်ခုကို စမ်းလုပ်ကြည့်ရတာပါ ” ဟု ၎င်းက ပြောကြားခဲ့သည်။

Azrin သည် နံနက် စောစောထကာ ဆိုင်ခင်းခြင်း၊ ချက်ပြုတ်ခြင်းများပြုလုပ်ရပြီး ညမိုးချုပ်သည်အထိ တောက်လျှောက် ရောင်းချရသည်။ နေ့စဉ် စားသုံးသူ ၃၅၀ မှ ၅၀၀ အကြားကို ပုံမှန်ရောင်းချနေရသဖြင့် သူ့အတွက် ပုံမှန်ဝင်ငွေ နှင့် မိသားစု စားဝတ်နေရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေခဲ့သည်။

Azrin သည် လမ်းဘေးဆိုင်အလုပ်ကို အောက်တိုဘာလ တွင် စတင်ခဲ့သည်။ ကပ်ရောဂါကြောင့် ခရီးသွား လုပ်ငန်းများ ရပ်ဆိုင်သွားပြီး လေကြောင်းလိုင်းများ အခက်အခဲ ကြုံတွေ့နေရစဉ် ယင်း အောက်တိုဘာ လမှာပင် သူသည် လေယာဉ်မှူး အလုပ်အတွက် တရားဝင် လစာအလျှော့ ခံခဲ့ရသည်။

မလေးရှားမြောက်ပိုင်း အစားအစာ တစ်မျိုးဖြစ်သည့် အုန်းနို့ခေါက်ဆွဲနှင့် “Rojak” အသီးနှံအသုတ်စုံ ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ် ရောင်းချရန် သူငယ်ချင်းများနှင့် မိသားစုဝင်များက အကြံပေးခဲ့ကြောင်း Azrin ကဆိုသည်။ ယောက္ခမ ဖြစ်သူကလည်း မလေးရိုးရာအစားအစာ Rojak ချက်ပြုတ်ရာ၌ အထူးလက်ရာကောင်းမွန်သူဖြစ်ရာ မိသားစုစီးပွားရေး လုပ်ငန်းတစ်ခုစတင်ရန် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

Azrin သည် ဆိုင်အတွင်း လုပ်ကိုင်နေချိန်များတွင် လေယာဉ်မှူးဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ ထိုသို့ ဝတ်ဆင်ရခြင်းမှာ အလုပ် ၏ အရေးပါပုံ နှင့်အလုပ်ကို တာဝန်ယူမှု တာဝန်ခံမှုဖြင့် လုပ်ကိုင်ရန် ကိုယ့်ကိုယ် ကိုယ် ပြန်လည် သတိပေးခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ ဒီဟာမလုပ်ခင်က ကျွန်တော်တို့ရဲ့ အလုပ်ဟာ လေယာဉ်မောင်/ လေယာဉ်မယ်တွေနဲ့ လေယာဉ်စီး ခရီးသည်တွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးထားဖို့ပေါ့၊ ဒါပေမယ့် စားသောက်ဆိုင်မှာတော့ ခင်ဗျားတို့ကို ဂရုစိုက်ဖို့ပဲလေ ၊

ခင်ဗျားတို့အတွက် သိပ်ကိုအရသာရှိတဲ့ အစားအစာတွေ ဝန်ဆောင်မှု ပေးရမယ်၊ ဒါဟာလည်း တာဝန်ယူမှု တစ်ခုပဲပေါ့ ၊ ဒီလေယာဉ်မှူး ဝတ်စုံလေး ဝတ်ထားရင် ကျွန်တော့်မှာ စားသုံးသူတွေ အတွက် တာဝန်အပြည့် ရှိနေပါလားဆိုပြီး ကိုယ့်ဖာသာကိုယ် ပြန်သတိပေး နေတယ် ” ဟု ၎င်းက ဆိုသည်။

ထိုသို့ လေယာဉ်မှူးဝတ်စုံဖြင့် လမ်းဘေးဆိုင်တွင် ရောင်းချနေသော ၎င်း၏ ဓာတ်ပုံများသည် လူမှုကွန်ရက်ပေါ်တွင် များစွာ ပျံ့နှံ့ခဲ့သည် ။ ထိုသို့ စားပွဲထိုးအလုပ် လုပ်ကိုင်နေသည့် Azrin အား လူများစွာက လူမှုကွန်ရက်တွင် ချီးကျူးစကား မှတ်ချက်ပြုခဲ့ပြီး အချို့က ၎င်းဆိုင်သို့ ကိုယ်တိုင်လာရောက်၍ အားပေးကြသည်များလည်း ရှိ နေခဲ့သည်။

“ မီဒီယာတွေမှာ ဖော်ပြလာပြီးတဲ့နောက် ကျွန်တော့်ဆိုင်မှာ လာစားတဲ့လူတွေဟာ ပိုပြီးများများလာတယ် ၊ ဆိုင်ချဲ့ဖို့တောင် စီစဉ်နေရပြီ ” ဟု ၎င်းက ဆိုသည်။Azrin က ကမ္ဘာ့နိုင်ငံပေါင်းများစွာ ပျံသန်းမောင်းနှင်ခဲ့ရသည့် လေယာဉ်မှူးဘဝ နေ့ရက်များကို ပြန်လည်သတိရ တမ်းတနေခဲ့ပြီး ကပ်ရောဂါအလွန် ကာလများတွင် ၎င်း ၏ လေယာဉ်မှူးအလုပ်ကို ပြန်လည်ရရှိရန်လည်း မျှော်လင့်နေသည် ။

လေယာဉ်မှူးတစ်ဦးအနေဖြင့် တရုတ်နိုင်ငံသို့ အခေါက်ပေါင်းများစွာ လေယာဉ် မောင်းနှင်ခဲ့ဖူးကြောင်း နှင့် တရုတ်နိုင်ငံမှ အစားအစာများကို နှစ်သက်ကြောင်း ၎င်းက ဆိုသည်။ “တရုတ်နိုင်ငံက အ စားအစာတွေဟာ သိပ်ကိုအရသာရှိတယ်” ။သို့သော် ယခုအတွက်မှာမူ Azrin က ၎င်း၏ စားသောက်ဆိုင် လုပ်ငန်းအပေါ်တွင်သာ အာရုံစိုက်နေကြောင်း ဆက်လက် ပြောကြားခဲ့သည်။

“ ရှက်စရာမလိုဘူးလေ၊ အကောင်းဘက်ကပဲ တွေးရမယ်၊ ကျွန်တော့်အတွက်တော့ ရှေ့ကိုပဲ အမြဲကြည့်တယ်။ ဒါကလေယာဉ်တစ်စင်းလိုပါပဲ ၊ ဘာကြောင့်လဲဆိုတော့ လေယာဉ်ဟာ ခင်ဗျားနောက်ကို ပြန်ဆုတ်မောင်းလို့မရဘူး၊ ရှေ့ကိုပဲ ဆက်ပြီး ဦးတည်ပျံသန်းရတယ်၊ ဒီလိုပါပဲ ဘယ်စီးပွားရေး လုပ်ငန်းမဆို အထူးသဖြင့် ခက်ခဲတဲ့ ကာလထဲမှာဆိုရင် ခင်ဗျားနောက်ကို လုံးဝ ပြန်လှည့်ကြည့်လို့မရဘူး ” ဟု ၎င်းက ဆိုသည်။

“ ခင်ဗျားရှေ့ကိုပဲ ကြည့်ရမယ်၊ အပြုသဘော ဆောင်ရမယ် ။ ခင်ဗျားမှာ မျှော်လင့်ချက်အချို့ ရှိနေဆဲပါ၊အနည်းဆုံးတော့ အဲဒီမှာ လုပ်စရာ အလုပ်တွေ အများကြီးရှိမှာပေါ့၊ အမှန်တကယ်တော့ဒီနေရာရဲ့ အပြင်ဘက်မှာလည်း အခွင့်အလမ်းတွေအများကြီးရှိပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ Source ; Popolay

Add a Comment

Your email address will not be published. Required fields are marked *