မြန်မာပြည်ရဲ့ပထမဆုံး မြေအောက်လမ်းကူးဥမင် ၂၀၂၀ဒီဇင်ဘာ လမှာ အပြီးသတ်နိုင်မယ်
|မြန်မာနိုင်ငံရဲ့ ပထမဆုံးမြေအောက်လမ်းကူးဥမင် ၂၀၂၀ဒီဇင်ဘာ လမှာ အပြီးသတ်နိုင်မယ်
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်အရှေ့ကနေ Junction Square ဘက်ကို ဖောက်လုပ်နေတဲ့ မြေအောက် လမ်းကူးဥမင်ဟာ လာမယ့် ဒီဇင်ဘာလမှာ အပြီးသတ်နိုင်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။
အခုအဲဒီဥမင် တည်ဆောက်မှုဟာ Junction Squareဘက် အတက်စက်လှေကား မုခ်ဦးတစ်ပေါက်သာ ဆောက်လုပ်နေဆဲဖြစ်ပြီး ကျန်အပိုင်းတွေအတွက် အချောသပ်လုပ်ငန်းတွေ ဆောင်ရွက်နေတာမှာ (၈၅) ရာခိုင်နှုန်းဝန်းကျင် ပြီးစီးသွားပြီလို့ သိရပါတယ်။
အဲဒီမြေအောက် ဥမင်ကို ၂၀၁၉ ဖေဖော်ဝါရီလမှာ စတင် တည်ဆောက်ခဲ့ပြီး နိုင်ငံတကာအဆင့်မီ ဈေးဆိုင်ခန်း (၁၈) ခန်း ပါဝင်ကာ မကြာခင်အချိန်အတွင်း တင်ဒါခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
” ပထမတော့ ရွေးကောက်ပွဲမတိုင်ခင်ဖွင့်ဖို့ ကြိုးစားတယ်ပေါ့။ ဒါပေမဲ့ ညမထွက်ရ အမိန့်ရှိတဲ့အခါကျတော့ ညဘက်လုပ်လို့ မရခဲ့ဘူး ပေါ့နော်။ ဒီဇင်ဘာလထဲတော့ ဖွင့်နိုင်အောင် ကျွန်တော်တို့ လုပ်နေတယ်။” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။
မြေအောက်လမ်းကူး ဥမင်ကိုသံကူကွန်ကရစ် အမျိုးအစားနဲ့တည် ဆောက်ထားတာဖြစ်ပြီး ပင်မဥမင်အလျား (၄၂၇) ပေ (၂) လက်မ၊ အမြင့် (၁၁) ပေ၊ ခန်းဖွင့် အကျယ်ပေ (၄၀) ရှိတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ မှန်းတာကတော့ ဒီဇင်ဘာလလောက်ဖွင့်ဖို့ မှန်းတာပဲ။ မဖြစ်လည်း နည်းနည်းနောက်ရွေ့ရမှာပေါ့။”လို့ ကမာရွတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောပါတယ်။
ဥမင်ရဲ့လူသွားလမ်း အကျယ်မှာ (၁၉) ပေ (၈) လက်မ အထိရှိပြီး တစ်နာရီကို လူဦးရေ (၆၀၀၀) ဝန်းကျင် ဖြတ်သန်းသွားလာနိုင်မယ်လို့ သိရပါတယ်။
ဥမင်အတွင်း အတက်အဆင်းလုပ်ဖို့ ရွေ့လျားစက်လှေကားသုံးစင်းနဲ့ မသန်စွမ်းတွေ အသုံးပြုဖို့ လူ (၈) ယောက်စီး စက်လှေကား နှစ်စင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ Photo : MRTV / Source ; Omedia