နေ့တိုင်းဆန်ပြုတ်ပဲ သောက်နေရတဲ့ အခြေအနေကနေ ကမ္ဘာစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာခဲ့တဲ့ တရုတ်ကပေးသော စီးပွားရေးသင်ခန်းစာ

နေ့တိုင်းဆန်ပြုတ်ပဲ သောက်နေရတဲ့ အခြေအနေကနေ ကမ္ဘာစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာခဲ့တဲ့ တရုတ်ကပေးသော စီးပွားရေးသင်ခန်းစာ

ဒီလိုအစိုးရအပြောင်းအလဲအချိန်ရောက်လာတော့ ကိုယ့်နိုင်ငံရဲ့စီးပွါးရေးကိုဘယ်လိုဆွဲတင်တဲ့ အစိုးရဖြစ်မလဲလို့ စိတ်ကူးယဉ်မိတယ်။ နိုင်ငံ့စီးပွားရေးအပြောင်းအလဲကို အမြန်တိုးတက်စေချင်လို့ကမ္ဘာမှာ ပြန်ကြည့်တဲ့အခါ ကမ္ဘာ့သမိုင်းကြောင်းမှာတော့ အချိန်တိုအတွင်း အလျင်အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်သွားတာ တရုတ်ပြည်တပြည်ပဲ ရှိခဲ့ပါတယ်။

တရုတ်ပြည်ကို လေ့လာရင် လူဦးရေအင်အား အသာစီး ရတာရယ်၊ မွေးကတည်းက အရင်းရှင်စိတ်ရှိတဲ့ ကုန်သည်လုပ်ငန်းရှင် ပေါတာရယ်၊ တသွေးတသံတမိန့် ကွန်မြူနစ်လူထုရယ် ပေါင်းတဲ့အခါ နိုင်ငံဟာ ဟုန်းကနဲ ထတောက်တဲ့မီးလိုပဲ၊ ဘယ်လိုမှ ပြန်ဆင်းစရာမရှိတဲ့ စီးပွါးရေးကို ပိုင်သွားကြရော။

၁၉၇၈တိန့်ရှောင်ဖိန်တက်လာကတည်းက ပြောင်းလာလိုက်တဲ့တရုတ်နိုင်ငံဟာ 2018မှာ ကမ္ဘာ့တခုလုံးရဲ့ ၁၈.၆% အထိ GDP ထုတ်လာနိုင်ခဲ့တယ်။ ကမ္ဘာပေါ်က ကွန်ပြူတာ အလုံးတရာမှာ ၄၁ လုံးက တရုတ်ပြည်မှာ ထုတ်တာတဲ့၊ တကမ္ဘာလုံးရဲ့ အဲယားကွန်း ၁၀၀မှာ ၃၄ လုံးက တရုတ်မှာဆင်ကြတာ၊၁၀၀ မှာ ဆဲလ်ဖုံး အလုံး ၇၀ က တရုတ်ပြည်က ထွက်တာ။

သမိုင်းကိုပြန်ကြည့်ရင် ဒုတိယ ကမ္ဘာစစ်ပြီးတော့ တရုတ်နိုင်ငံဟာ ယဲ့ယဲ့ပဲ ကျန်ခဲ့တယ်။ အဲ့ဒီအချိန် ပြည်တွင်းစစ်ဖြစ်ပြန်ရော၊ ကွန်မြူနစ်ပါတီ နဲ့ အာဏာရ ချန်ကေရှိတ်တို့ တိုက်၊ ချန်ကေရှိတ် စစ်တပ်က ထိုင်ဝမ်ကျွန်းကိုပြေးပြီး ထိုင်ဝမ်နိုင်ငံထူထောင်၊ နိုင်ငံက ကွန်မြူနစ်ဖြစ်လာတော့ အနောက်ကမ္ဘာနဲ့ ဘာအဆက်အသွယ်မှ လုပ်မရ၊ ၁၉၇၀ တုန်းကဆို လူတဘီလီယံ မှာ GDP က ၅၈ ဘီလီယံပဲရှိတယ်။ တယောက်မှာ တနှစ်လုံးမှ ၅၉ ဒေါ်လာလောက်ပဲသုံးနိုင်ဆွဲနိုင်တဲ့ နိုင်ငံလို့ ဆိုရမယ်။ ဆန်ပြုတ်ချည်းပဲ သောက်ခဲ့ကြရတဲ့ နိုင်ငံ။

ဒီနေ့ပြန်ကြည့်တော့ GDP က ၁၃.၆၁ ထရီလီယံရှိတယ်။ ကမ္ဘာ့ စီးပွါးရေးကို နှစ်ရာချီ ကြီးစိုးခဲ့တဲ့ အမေရိကန်ကိုမှီဖို့ ၇ ထရီလီယံပဲ လိုတော့တယ်။ တရုတ်ရဲ့ GDP ဟာ ၄၂ နှစ်အတွင်း အဆပေါင်း ၂၃၀ တိတိ ခုန်တက်သွားတယ်။ ဒီကြိမ်နှုံးနဲ့ဆို လေးငါးနှစ်အတွင်း အကြီးဆုံးစီးပွါးရေး ဖြစ်လာတော့မယ်။ အနောက်ကမ္ဘာကကြောက်တာ သူ့ရဲ့စီးပွါးရေးအင်အားနဲ့ ကွန်မြူနစ်နိုင်ငံရေး ကမ္ဘာမှာ ခေါင်းထောင်လာမှာ အတော်ကြောက်တယ်။

ပြန်ကြည့်မယ်ဆိုရင် တရုတ်ပြည်အပြောင်းအလဲက အမေရိကန်သမ္မတရစ်ချပ်နစ်ဆင် တရုတ်ပြည်လာတာကနေ စတာပါပဲ။ ပထမတုန်းက အမေရိကန်က သူတို့ထောက်ခံအားပေးတဲ့ ကူမင်တန်တွေရှုံးသွားတာက တကြောင်း၊ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲ တွေမှာ တရုတ်ဝင်ပါခဲ့လို့ တရုတ်ကို ကြဉ်ထားခဲ့တယ်။ တရုတ်နဲ့ဆယ်စုနှစ် နှစ်ခုကျော် အဆက်အစပ် မလုပ်ခဲ့ဘူး။

နောက်တော့ ဒီလိုကြဉ်ထားရင် တရုတ်နဲ့ ဆိုဗီယက်ယူနီယံ ပေါင်းသွားရင် အနောက်အုပ်စုအတွက် အကြပ်အတည်းတွေ့မှာ ကြောက်လို့ နစ်ဆင် ဟာ တရုတ်ပြည်ကို ၁၉၇၂ မှာသွားခဲ့တယ်။ အဲ့ဒီအချိန်တုန်းက အမေရိကန်ဟာ ထိုင်ဝမ် အစိုးရကိုသာ တရုတ်ပြည်ရဲ့ အစိုးရအဖြစ် သတ်မှတ်ထားတုန်းပဲ ရှိပါသေးတယ်။ အမေရိကန်နဲ့တရုတ် ဆက်ဆံရေးပြန်စပေမဲ့ တိုးတက်မှုဘာမှမရှိခဲ့ဘူး။

၁၉၇၈ မှာ တိန့်ရှောင်ဖိန် တက်လာတော့ တရုတ်ပြည်ဟာ ဒီအတိုင်းသွားရင် မဖြစ်ဘူး၊ အနောက်နိုင်ငံတွနဲ့ဆက်ဆံပြီး ဘာဝင်ငွေလေးနည်းနည်းဝင်ဝင် ဝင်လာဖို့ ကြိုးစားသင့်တယ် ဆိုပြီး အမေရိကန်နိုင်ငံ ကို အလည်သွားခဲ့တယ်။

အမေရိကန်နိုင်ငံကို ပတ်ကြည့်ပြီး တိန့်ရှောင်ဖိန်ဟာ နိုင်ငံရေးကိုမပြောင်းပဲ တံခါးဖွင့်ဝါဒကို ကျင့်သုံးခဲ့တယ်။ အထူးစီးပွားရေးဇုံလေးခု ဆောက်ခဲ့တယ်။ အဲ့ဒီစီးပွားရေးဇုံထဲတွေထဲဟာ တရုတ်နိုင်ငံရဲ့တခြားနေရာတွေလို နိုင်ငံရေး ငွေကြေးစနစ်တွေလို တင်းကြပ်မထားဘူး၊ ဖြေလျော့ပေးခဲ့တယ်။

နိုင်ငံတခုထဲမှာ အုပ်ချုပ်ရေး စီးပွားရေးစနစ်မတူတဲ့ နိုင်ငံအသေးလေးတွေ တည်ဆောက်တာမျိုး ကျင့်သုံးခဲ့တယ်။ တရုတ်ရဲ့ အလုပ်သမား ပေါတာရယ်၊ အခြေခံထုတ်ကုန်တွေ ထုတ်နိုင်တာရယ်၊ စီးပွားရေးလုပ်ရတာ ကိုယ့်နိုင်ငံနဲ့ဘာမှ မကွာပဲ သက်သာတာရယ်ကြောင့် အနောက်နိုင်ငံတွေဟာ တရုတ်မှာ စက်ရုံတွေထောင်ဖို့ စုပြုံတိုးလာကြတယ်။

ရှမ်ဇူးမြို့မှာရှိတဲ့ အထူးစီးပွားရေးဇုံဆိုရင် လူငါးသောင်းလောက်နေတဲ့မြို့လေးကို စီးပွားရေးဇုံလုပ်လိုက်တာ ၂၀၁၆ မှာ လူ ၁၂ သန်းအလုပ်လုပ်တဲ့ မြို့တော်ကြီး ဖြစ်လာတယ်။ တရုတ်ရဲ့ GDP ဟာ ၁၉၈၀ ကနေ ၂၀၁၆ အတွင်း GDP 24569% ခုန်တက်လာတယ်။ တရုတ်ဟာ အနှစ်၂၀ အတွင်း စီးပွားရေးဇုံအမျိုးမျိုး တည်ထောင်လာတာ ဒီနေ့ဆို စိုက်ပျိုးရေး၊ မွေးမြူရေး၊ IT အထည်ချုပ် စတဲ့ ဇုံပေါင်းတရာလောက် တည်ဆောက်ပြီးသွားပြီ။တချို့ဇုံတွေဟာ ရန်ကုန်မြို့ထက် ပိုကြီးတယ်။

အခုအချိန်မှာ တရုတ်နိုင်ငံဟာ နှစ်ပါတ်ကြာတိုင်းကြာတိုင်း မန္တလေးထက်ကြီးတဲ့ မြို့တမြို့ တည်ပြီးနေပြီတဲ့။ ၂၀၁၁ ကနေ ၂၀၁၃ ခုကာလ သုံးနှစ်အတွင်း တရုတ်ပြည်ဟာ အမေရိကန်နိုင်ငံက နှစ်တရာအတွင်းသုံးခဲ့တဲ့ ဘိလပ်မြေ ပမာဏ ကို သုံးနှစ်အတွင်းသုံးခဲ့တယ်တဲ့။ စဉ်းစားသာကြည့်ပေတော့။

တရုတ်ပြည်ဟာ စီးပွားရေး တက်လာတာနဲ့အမျှ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု ကို တောင်းဆိုလာတဲ့ လူငယ်တွေပေါ်လာတယ်။ ၁၉၈၉ မှာ တိန့်အင်မင်ရင်ပြင်မှာ ဖြစ်ခဲ့တဲ့ ဒီမိုကရေစီတောင်းဆိုမှု ပေါ်လာတယ်။ တရုတ်က စီးပွားရေး လွတ်လပ်ခွင့်ပဲပေးမယ်၊ နိုင်ငံရေး လွတ်လပ်ခွင့်တော့ မရဘူးဆိုပြီး ပြင်းပြင်းထန်ထန် နှိပ်နှင်းခဲ့တယ်။

၁၉၉၀ မှာ ရှန်ဟိုင်းစတော့အိပ်ချိန်းကို ဖွင့်တဲ့အခါ စီးပွားရေးကို အ သွေးအသားထဲက စိတ်ဝင်စားတဲ့ တရုတ်လူမျိုးတွေဟာ စတော့ခ်ရှယ်ယာတွေ တိုးဝှေ့ဝယ်ကြတယ်။ တရုတ်ဟာ တကယ့်အရင်းရှင်စနစ်ကို အမြန်ကူးသွားပါတယ်။ မက်ဒေါနယ်လို ကိုကာကိုလာတို့ လို ကမ္ဘာ့နိုင်ငံတွေက ဆိုင်အမျိုးမျိုး တရုတ်ပြည်မှာ လာဖွင့်ကြတယ်။

မြန်မာနဲ့ကွာတာက မြန်မာနိုင်ငံရဲ့ စတော့ခ်ရှယ်ယာ ဈေးကွက်က ကြီးထွားမလာခဲ့ဘူး။ တရုတ်နိုင်ငံက အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေဟာ ၁၉၉၀ နောက်ပိုင်း အထူးစက်မှုဇုံတွေထဲက အနောက်တိုင်းပစ္စည်းတွေကို တရုတ် စက်ရုံတွေကနေ အတုခိုးထားတဲ့ ပစ္စည်းတွေ အရေအသွေးနိမ့်နိမ့် နဲ့ ပြည်တွင်းသုံးအတွက် အတုခိုး ထုတ်လုပ်ခဲ့ကြတယ်။

နောင်ကျတော့ တရုတ်ပြည်ကျော်ပြီးမြန်မာနဲ့အရှေ့တောင်အာရှဈေးကွက်၊ နောက်ပိုင်းအနောက်နိုင်ငံတွေအထိ ပြန်ရောင်းချခဲ့ကြတယ်။ ဒီနေ့မှာတော့ အတုဈေးကွက်ဟာ တရုတ် GDP ရဲ့ ၈% အထိ ရောက်လာပါတယ်။ အနောက်နိုင်ငံတွေအတော်ခေါင်းကိုက်ရတဲ့ပြဿနာဖြစ်လာတယ်။

တရုတ်ကို ချန်ထားလို့မရတော့လို့ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်ထဲဝင်ခွင့်ပြုလိုက်ပြီး အတု မထုတ်ရဘူး၊ ဥပဒေနဲ့အညီလုပ်ဖို့တွန်းအားပေးကြတယ်။ တရုတ်က အတုမထုတ်ဖို့ လိုက်နာပါ့မယ်ဆိုပေမဲ့ အတုကနေဝင်တဲ့ ငွေမမာဏအရမ်းများတော့ အခုထိမသိဟန်ဆောင်ပေးနေသလိုပါပဲ။ ဒီနေ့အထိ ကမ္ဘာ့ ပစ္စည်း အတု ၈၅% က တရုတ်ပြည်ကထွက်နေဆဲ။

smart phone တွေလည်း အတုထုတ်ရင်း ထုတ်ရင်း ကနေ Huawei လို ကုမ္ပဏီကြီးတွေတောင် တည်ထောင်နိုင်တဲ့အထိ နည်းပညာသစ်တွေ တိုးတက်လာတယ်။ ပထမ အတုခိုးထုတ်တဲ့ဘဝကနေ တီထွင်သူဖြစ်လာတဲ့ အခြေအနေအထိ တက်လာတာတော့ တရုတ်ရဲ့ စဉ်ဆက်မပြတ်လေ့လာသင်ယူမှု အားကြီးတာကအဓိက ပါပဲ။ အခုဆို 5G ကိုသူတို့စထုတ်မှာ ကမ္ဘာက လန့်ရတဲ့အနေအထား ရောက်နေပြီ။

၂၀၀၈ ခုနှစ်မှာ တကမ္ဘာလုံး စီးပွားပျက်ကပ် ကျရောက်တော့ တရုတ်လည်း အတော်ထိသွားတယ်။အမေရိကန်က တရုတ်ပစ္စည်းတွေ မဝယ်နိုင်တော့ သူ့မှာကုန်တွေ စုပုံနေရော။တရုတ်က အရုပ်စက်ရုံ တွေဆို ပိုင်ရှင်ကပိတ်ပြီး ထွက်ပြေးတဲ့အထိ ဖြစ်လာတယ်။တရုတ်အစိုးရဟာ တရုတ်ပြည်မှာထုတ်တဲ့ ပစ္စည်းတွေ ကမ္ဘာက ဝယ်သူမရှိ ပျက်လုနီးပါးအခြေအနေမှာ သူ့နိုင်ငံထဲ လှည့်ရောင်းခိုင်းတယ်။

စီးပွားပျက်ကပ်ကိုကျားကန်ဖို့ အစိုးရက ဘီလီယံ ၅၀၀ ကျော်ထုတ်သုံးတယ်။ စက်ရုံတွေကို နိုင်ငံက ပြန်ဝယ်တယ်၊ ရပ်နေတဲ့စက်ရုံတွေ ပြန်လည်ခိုင်းတယ်။ တရုတ်ဟာ ၂၀၀၈ စီးပွားပျက်ကပ်ကို ငွေသုံးပြီး ပြည်တွင်းဈေးကွက်နဲ့ ကျားကန်တဲ့နည်းဟာ အတော်အောင်မြင်ခဲ့တယ်။ စီးပွားပျက်ကပ်ကို သီသီလေး လွတ်သွားခဲ့တယ်။၂၀၁၀ လည်းကျရော ပြန်ထလာနိုင်တယ်။ ကမ္ဘာနိုင်ငံတွေဟာ စီးပွားပျင်ကပ်ဖြစ်တိုင်း အစိုးရက နိုင်ငံရဲ့ အခြေအနေမပျက်သွားဖို့ ငွေကို ချေးငှားပုံသုံးပါတယ်။ ငွေမျှောငွေနဲ့လိုက်ဆိုသလိုပါပဲ။

တရုတ်ဟာ သူ့နိုင်ငံထဲမှာပဲ ပြင်ပက ရင်းနှီးမြုပ်နှံတာစောင့်နေရင် တခြားနိုင်ငံစီးပွားရေးပျက်တိုင်း သူတို့ပျက်မယ်ဆိုတာမြင်လာတော့ ကမ္ဘာပါတ်ပြီးရင်းနှီးမြုပ်နှံလာတယ်။

အာဖရိက နိုင်ငံတိုင်းမှာ တရုတ်စီးပွားရေးတွေပေါ်လာတယ်။ အရှေ့တောင်အာရှမှာ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုတိုးလာတယ်။ မကြာသေးတဲ့စီးပွားတိုးတက်မှုသမိုင်းကို လူတိုင်းမြင်တွေ့ခဲ့ရတာကြောင့်တရုတ်ဟာ ဘယ်လိုစီးပွားရှာမလဲဆိုတာ မျိုးဆက်အကုန်လုံးသိနေကြတဲ့အတွက် လုပ်သမျှအောင်မြင်နေကြတယ်။

ရှိကျင့်ဖျင် လက်ထက်မှာ တရုတ်ရဲ့ ရည်ရွယ်ချက် ပြောင်းသွားတယ်။ ကမ္ဘာ့စီးပွားရေး နိုင်ငံရေးကို မောင်းနှင်တဲ့ အင်အားကြီးနိုင်ငံဖြစ်ရမယ်လို့ ရည်မှန်းလာတယ်။ အမေရိကန် သမတ ထရန့်နဲ့တွေ့၊ ကိုဗစ်နဲ့တွေ့ပြီး တရုတ်ပြည် ဘယ်လို ချိုးကွေ့မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ စီးပွါးရေးဟာ ၁၉၇၈ တိန့်ရှောင်ဖိန်အမေရိကန်နိုင်ငံသွားခါစ စီးပွါးရေးအခြေအနေပဲရှိပါသေးတယ်။ တရုတ်ပြည်ဘယ်လိုတက်လာသလဲကို လေ့လာကြည့်ပြီး ပုံသဏ္ဍာန်တူနည်းလမ်းတူ၊ ပုံသဏ္ဍာန်မတူ နည်းလမ်းတူ၊ နည်းလမ်းမတူ ပုံသဏ္ဍာန်တူ ဘယ်လိုအယူအဆ အချိုးအကွေ့နဲ့ နိုင်ငံစီးပွါးရေးကို ဆွဲတင်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

သမိုင်းမှာ ကျွန်တော်တို့ဟာ တရုတ်ကို စစ်နိုင်ခဲ့ဖူးတယ်လောက်နဲ့ မုတ်ဆိတ်လေးစမ်းပြီး သာယာနေရင်တော့ ဘိန်းစားအိမ်မက်နဲ့တူ နေပါလိမ့်မယ်။ တပါးနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှု သာဓကတွေကြည့်ပြီး အမြန်လိုက်ကြဖို့ လိုနေပါပြီ။ Ref ; history 101 / လေးစားစွာဖြင့် Crd ; ကျော်စွာမင်း (ပုဂံ)

Add a Comment

Your email address will not be published. Required fields are marked *