နေအိမ်ခေါင်မိုးပေါ် ဥက္ကာခဲကျလို့ နေ့ချင်းညချင်း မီလျံနာဖြစ်သွားတဲ့ အမျိုးသား
|နေအိမ်ခေါင်မိုးပေါ် ဥက္ကာခဲကျလို့ နေ့ချင်းညချင်း မီလျံနာဖြစ်သွားတဲ့ အမျိုးသား
အင်ဒိုနီးရှားနိုင်ငံက အသက် (၃၃) နှစ်အရွယ် အခေါင်းပြုလုပ်သူတစ်ဦးဟာ နေအိမ်ခေါင်မိုးကို ဖောက်ထွက်ပြီး ဒေါ်လာ (၁.၄) သန်း တန်ကြေးရှိ ဥက္ကာခဲ တစ်ခဲ ခြံထဲကျလာတဲ့အတွက် နေ့ချင်းညချင်းကို မီလျံနာ တစ်ဦးအဖြစ် ရောက်ရှိခဲ့ပါတယ်။
ဆူမားတြားမြောက်ဘက် ခိုလန်မှာ နေထိုင်တဲ့ ဂျိုရှုအာ ဟျူတာဂလတ်လို့ အမည်ရတဲ့ အမျိုးသားဟာ နေအိမ်နဲ့ကပ်ရက် အလုပ်ရုံမှာ အခေါင်းပြုလုပ်နေစဉ် အာကာသထဲက ပျံသန်းရောက်ရှိလာတဲ့ ဥက္ကာခဲ တစ်ခဲဟာ ခေါင်မိုးစွန်းကို ဖောက်ထွင်းပြီး နေအိမ်ခြံဝန်းထဲကို ကျဆင်းလာတာကို ကြုံတွေ့ခဲ့ရပါတယ်။
ဂျိုရှုအာက သွားရောက်စစ်ဆေးစဉ်မှာ ဥက္ကာခဲက (၁၅)စင်တီမီတာ အနက်တင် နစ်မြုပ်နေတဲ့အတွက် တူးယူခဲ့ပါတယ်။ သူက ဥက္ကာခဲကို တူးယူချိန်မှာ ပူနွေးနေဆဲပဲဖြစ်ပြီး ထိမိလိုက်ချိန်မှာ အစိတ်အပိုင်းတစ်ချို့ ပဲ့ကျသွားတယ်လို့ ဆိုပါတယ်။ (၂.၁)ကီလိုဂရမ်လေးတဲ့ ယင်းဥက္ကာခဲကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရာမှာ သက်တမ်းအားဖြင့် နှစ်ပေါင်း (၄.၅) ဘီလီယံ ရှိမယ်လို့ ခန့်မှန်းထားပြီး CM1/2 carbonaceous Chondrite ရှားပါးသတ္တု ပါဝင်နေပါတယ်။ ပျှမ်းမျှ တန်ကြေးအားဖြင့် (၁.၈၅)သန်း ဒါမှမဟုတ် တစ်ဂရမ်ကို (၈၅၇) ဒေါ်လာလောက်ထိ တန်ကြေးရှိပါတယ်။
ဥက္ကာခဲ ကျဆင်းလာတဲ့အသံဟာ အင်မတန်းကျယ်သလို မြေပြင်နဲ့ ထိတွေ့ချိန်မှာတုန်ခါမှုတွေပါ ဖြစ်သွားတဲ့အတွက် ပတ်ဝန်းကျင်က လူအများကလည်း သူ့အိမ်သို့ လာရောက်စူးစမ်းကြတယ်လို့ ဂျိုရှုအာက ဆိုပါတယ်။
ထိုဥက္ကာခဲကို ယူအက်စ်နိုင်ငံမှ ဥက္ကာခဲကျွမ်းကျင်သူ ဂျဲလ် ကောလင်းကိုယ်တိုင် လာရောက်စမ်းသပ်စစ်ဆေးပြီးနောက် ယူအက်စ်၊ အင်ဒီယာနာပိုစ်လစ်က ဆရာဝန်တစ်ဦးနဲ့ ဥက္ကာခဲ စုဆောင်းသူတစ်ဦးဖြစ်တဲ့ ဂျေးလ် ပြောင်တက်ထံကို အမေရိကန်ဒေါ်လာ (၁.၈၅) သန်းဖြင့် ရောင်းချခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပမာဏာဟာ ဂျိုရှုအာအတွက်တော့ နှစ်ပေါင်း သုံးဆယ်ရှာမှ ရမယ့် လစာနဲ့ ညီမျှနေကြောင်း The Sun က သတင်းဖော်ပြထားပါတယ်။ ” ကျနော်က သမီးလေးတစ်ယောက် လိုချင်နေခဲ့တာ ၊ ခုလို ဥက္ကာခဲကျလာတယ်ဆိုတာက သမီးလေးတစ်ယောက်ရမယ့် လက္ခဏာပြတာပဲလို့ ကျနော်ကတော့ မျှော်လင့်နေပါတယ်” လို့ ဂျိုရှုအာက ဆိုပါတယ်။ Ref ; Dailymail / The Sun