Pfizer နှင့် BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးကို ခရစ္စမတ်ကာလမတိုင်မီ ဖြန့်ဖြူးနိုင်ဖွယ်ရှိ
|Pfizer နှင့် BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးကို ခရစ္စမတ်ကာလမတိုင်မီ ဖြန့်ဖြူးနိုင်ဖွယ်ရှိ
နောက်ဆုံးစမ်းသပ်မှု ရလဒ်အရ Pfizer နှင့် BioNTech ထုတ် ကာကွယ်ဆေးမှာ ၉၅ ရာခိုင်နှုန်းအထိ ထိရောက်မှု ရှိသည်ကို တွေ့ရှိခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံတို့ မှာ ယင်းကာကွယ်ဆေး သုံးစွဲခွင့်ကို ဒီဇင်ဘာလ အစောပိုင်းမှာပင် အတည်ပြုသွားဖွယ်ရှိပြီး ဆေးဖြန့်ဖြူးမှုကို ခရစ္စမတ်ကာလ မတိုင်မီ ဆောင်ရွက်နိုင်ဖွယ် ရှိနေပြီဖြစ်ပါတယ်။
အဆိုပါ ကာကွယ်ဆေးမှာ လူမျိုးမရွေး အသက်အရွယ် မရွေးအတွက် ထိရောက်မှု ရှိသည်ကို တွေ့ရှိခဲ့ပြီးနောက် ဆေးအသုံးပြုခွင့်ကို ဒီဇင်ဘာလလယ် တွင် အမေရိကန်အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု အဖွဲ့က အတည်ပြုဖွယ် ရှိကြောင်း BioNTech ကုမ္ပဏီ၏ အမှုဆောင်ချုပ် ဆာဟင်က ပြောကြားခဲ့ပါတယ်။“ ဒီအတိုင်းဆိုရင်တော့ ဒီဇင်ဘာလ ဒုတိယပတ်ထက်နောက်မကျဘဲ ခွင့်ပြုပါလိမ့်မယ်။ ဒါကြောင့် ဖြန့်ဖြူးမှုတွေကို ခရစ္စမတ် မတိုင်မီ လုပ်ဆောင်နိုင်ဖို့ ရှိနေပါတယ် ” လို့ ဆာဟင်က ပြောပါတယ်။
လူဦးရေ ၄၃၀၀၀ ကို စမ်းသပ်ခဲ့ရာတွင် ၁၆၂ ဦးသာ ကိုဗစ်-၁၉ ရောဂါကို တွန်းလှန်နိုင်ခြင်း မရှိခဲ့သဖြင့် ယင်းမှာ ၉၅ ရာခိုင်နှုန်း ထိ ရောက်မှု ရှိတယ်လို့ ယူဆရပါတယ်။ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ အကြံပေးဌာနက အတည်ပြုမည့်ရက်ကို စောနိုင်သမျှရှေ့တိုးရန် အကြံပြုထားသောကြောင့် လာမည့်နိုဝင်ဘာ ၂၁ရက်မှာပင် အတည်ပြုပေးမည်ဟု Pfizer ဘက်က မျှော်လင့်ထားပါတယ်။
Pfizer နှင့် BioNTech ထုတ် ကာကွယ်ဆေး အပြင် Moderna ကလည်း ၎င်းတို့ စမ်းသပ်နေသည့် ဆေးမှာ ၉၄ ဒ သမ ၅ ရာခိုင်နှုန်း ထိရောက်ကြောင်း နိုဝင်ဘာ ၁၆ ရက်က ကြေ ညာခဲ့ပါတယ်။ လတ်တလောတွင် အမေရိကန် ပြည်ထောင်စုမှ စမ်းသပ်သည့် ဆေးနှစ်မျိုးမှာ ၉၀ ရာခိုင်နှုန်းကျော် ထိရောက် ကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
အမေရိကန် ကျန်းမာရေးနှင့် လူထု ဝန်ဆောင်မှုလုပ်ငန်း အတွင်းရေးမှူး အစ်ဇာက “ ကျွန်တော်တို့မှာ အစွမ်းထက်ပြီး ဘေးကင်းတဲ့ ဆေးနှစ်မျိုး ပိုင်ဆိုင် ထားပါပြီ။ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့က အတည်ပြုပြီးတာနဲ့ ဆေးဝါးဖြန့်ဖြူးတော့မှာဆိုတော့ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ဒီဆေးတွေ အသုံးပြုခွင့် ရ တော့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။ Source ; CNA