ကျိုက်မရောမြို့နယ် ပိန်န္နဲကုန်းဈေး ဝါယာရှော့ဖြစ်ပြီးမီးလောင်ရာမှ ဆိုင်ခန်း၂၀၀နီးပါး မီးလောင်ဆုံးရှုံးသွား
|ကျိုက်မရောမြို့နယ် ပိန်န္နဲကုန်းဈေး ဝါယာရှော့ဖြစ်ပြီးမီးလောင်ရာမှ ဆိုင်ခန်း၂၀၀နီးပါး မီးလောင်ဆုံးရှုံးသွား
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ပိန္နဲကုန်းရွာလယ်ဈေး ဟာဆိုရင် နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် (၁) နာရီကျော် အချိန်ခန့်က ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တဲ့အတွက် ဈေးအတွင်းရှိ ဆိုင်ခန်း (၁၈၅) ခန်း မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
” မနက်က (၁) နာရီ (၄၅) မှာစလောင်တာပါ ၊ သိရသလောက်က တော့ ဆိုင်ခန်းတစ်ခုရဲ့ မိန်းဘုတ်ကနေ ဝါယာလျော့ဖြစ်ပြီးလောင်တာပါ၊ ဆရာတို့ကတော့ သိသိချင်း မီးများတယ်ဆိုလို့ ကား (၄) စီးလုံးထွက်ကြပါတယ်၊ ဟိုရောက်တော့ လမ်းကလည်း ကျဉ်းနေတာ လေ ခက်ခက်ခဲခဲ ဝင်ခဲ့ရတယ် ။
ဈေးကတော့ တစ်ဈေးလုံး ကုန်သွားပါတယ်၊ ဘေးမှာ အိမ်တွေလည်းကပ်နေတော့ မကူးစက်အောင် အားလုံးစုပေါင်းပြီး ငြိမ်းသတ်ခဲ့တာပါ၊ မီးက (၃) နာရီကျော်မှာ ငြိမ်းပါတယ်၊ လောင်ချိန်က (၂) နာရီလောက် ကြာပါတယ် “လို့ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းတင်က ပြောပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီးငြိမ်းသတ်ရန်အတွက် ကျိုက်မရောမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ် ရေသယ်ယာဉ် (၁) စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၁၁) ဦး၊ မော်လမြိုင်ခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၆) စီး၊
မီးသတ်ရေသယ်ယာဉ် (၄) စီး၊ တပ်ဖွဲ့ဝင် (၅၀) ဦး၊ ကျိုက်မရောစည်ပင် သာယာရေးမှ ရေသယ်ယာဉ် (၁) စီး၊ ပိန္နဲကုန်းကျေးရွာမှ ရေသယ်ယာဉ် (၁) စီးနဲ့ ကိုယ်ထူကိုယ်ထ ရေသယ်ယာဉ် (၃) စီးဖြင့် မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
အခုလို မီးလောင်ကျွမ်းခဲ့တဲ့အပေါ် ” ဘယ်ကနေ စဖြစ်မှန်းတော့မသိဘူး၊ ပြောကြတာက အလယ်ကနေစပြီး လောင်တယ်လို့ပြောတယ် ၊ စလောင်တဲ့ချိန် ရွာထဲက မီးသတ်ကားကို ခေါ်တယ်၊ ဘထ္ထရီမရှိဘူး ရေလည်းမရှိဘူးလို့ ပြောတယ်၊ ရွာထဲက မီးသတ်ကားက မလာဘူး ၊ မီးတွေစွဲကုန်မှ မြို့မီးသတ်ကားတွေ မော်လမြိုင်က ကယ်ဆယ်ရေး အဖွဲ့တွေ လာကြတာပါ၊
အဲ့ချိန် ဘာမှ လုပ်မရတော့ဘူး၊ မီးကပြန့်သွားပြီး ခုလိုအခက်ခဲဖြစ် နေတဲ့ ကာလမှာ မီးကထပ်လောင်တယ် ဒုက္ခအရမ်းရောက်သွားပြီး၊ ဆိုင်က ပစ္စည်းတွေအားလုံး သိန်း ၁၀၀ လောက် ဆုံးရှုံးသွားတယ် ” အထည်နှင့်စက်ချုပ်ဆိုင် ဖွင့်လှစ်ထားတဲ့ မသန်းသန်းဝင်းက ပြောပါတယ်။
လက်ရှိ မီးလောင်ကျွမ်းခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က “အန်တီက ညက သိသိချင်း AD ဆီဖုန်းဆက်တယ်၊ မီးသတ်ကားတွေလွှတ်ပေးဖို့ ၊ ခုကတော့ ဈေးမီးလောင် သွားတဲ့အတွက် ဈေးသူ ဈေးသားတွေရဲ့ ဆန္ဒအတိုင်း ကူညီပေးသွားဖို့ရှိပါတယ်၊ လက်ရှိ ပုဂ္ဂလိကဈေး ဖြစ်နေတာကနေ စည်ပင်ဈေးပြောင်းလိုက်ရင်တော့နောက်ပိုင်းဆို အဆင်ပြေသွားကြမယ်လို့ ထင်ပါတယ် ဈေးသူဈေးသားတွေရဲ့ဆန္ဒပါပဲ ” လို့ ပြောပါတယ်။
အခုလို မီးလောင်ကျွမ်း ခဲ့တဲ့အတွက် ဆိုင်ခန်း (၁) ခန်း အကျယ် (၇×၆) ပေရှိ ဆိုင်ခန်းပေါင်း (၁၈၅) ခန်း ဆုံးရှုံးခဲ့ကြောင်း၊ ဆိုင်ရှင်စုစုပေါင်း (၈၅) ဦး ရှိကြောင်းနဲ့ ဆုံးရှုံးမှု တန်ဖိုးအနေဖြင့် သိန်း (၉၈၀) ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အပေါ် ကျိုက်မရောမြို့မ ရဲစခန်းမှ (ပ) ၅၇၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့အမှုဖွင့်လှစ်ထားတာရှိပြီး စတင်လောင်ကျွမ်းတဲ့ ဆိုင်ခန်းနဲ့ပိုင်ရှင်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကျိုက်မရောမြို့မ ရဲစခန်းကနေ သိရပါတယ်။ Source ; ရာမညတိုင်း (မ်) သတင်းအေဂျင်စီ