ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှ ပေါက်စီမုန့်တိုက်၌ အလုပ်လုပ်သည့် ကလေး ၁၀ ဦးတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိ

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှ ပေါက်စီမုန့်တိုက်၌ အလုပ်လုပ်သည့် ကလေး ၁၀ ဦးတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိ

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၈၇) ရပ်ကွက် မဂ္ဂင်လမ်းရှိ ပေါက်စီမုန့်တိုက်တွင်အလုပ်လုပ်သည့် ကလေး(၁၀)ဦးတွင်COVID -19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့ မှူး၊ ရဲမှူးကျော်စွာက ယနေ့ (နိုဝင်ဘာ ၂၁ ရက်) မွန်းလွဲ​ပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ ကလေးများကို ရဲစခန်းတွင် ကြာကြာထား၍ မဖြစ်နိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ၄င်းတို့မိဘများရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့မှ ရွာသို့ ပြန်လည်အပ်နှံရန် ကနဦးဆုံးဖြတ်ခဲ့ကြောင်း၊ သို့ရာတွင်မိဘများဆီ အပ်နှံရန်လည်း လွယ်ကူသည့် အခြေအနေမဟုတ်သည့်အတွက် ကလေးများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၌ စောင့်ရှောက်မှု ခံယူစေရန် ရောဂါပိုး ရှိ ၊ မရှိ စစ်ဆေးခဲ့ရာမှ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ရဲမှူးကျော်စွာက ဆိုသည်။

“ ကလေးတွေမှာ Positive တွေ့တာ ဟုတ်ပါတယ်။ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ကျန်းမာရေးနဲ့ ချိတ်ဆက်ပြီးတော့ မြို့နယ်အစီအစဉ်နဲ့ပဲ ကိုဗစ်စစ်လိုက်တဲ့အခါမှာ ၁၈ ယောက်စစ်လိုက်တာ ၁၀ ယောက်မှာ Positive တွေ့ပါတယ်။

လောလောဆယ်တော့ ပိုးတွေ့တဲ့ ကလေးတွေကို အ.ထ.က (၄) အခြေခံ အထက်တန်းကျောင်းမှာ ထားပြီးတော့ ဆေးကုသမှုခံယူနေပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ကလေးတွေကလည်း Contact ဖြစ်သွားတဲ့အတွက် အ.ထ.က (၁) Quarantine Center မှာထားထားပါတယ် ” ဟု ရဲမှူးကျော်စွာက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါမုန့်တိုက်တွင်လုပ်ကိုင်နေသည့် အလုပ်သမား ၁၈ဦး (ကျား ၄ ၊ မ ၁၄) တို့ ရှိပြီး အငယ်ဆုံးမှာ ၈ နှစ်နှင့် အကြီးဆုံးမှာ ၄၇ နှစ် ဖြစ်သည်။ “ Positive တွေ့တာက ၁၈နှစ်ကလေး ၂ ယောက် ၊ ၁၇ နှစ်ကလေး ၁ ယောက်၊ ၁၆ နှစ်ကလေး ၂ ယောက်၊ ၁၉ နှစ်ကလေး ၂ ယောက်၊ ၁၅ နှစ်ကလေး ၁ ယောက်၊ ၁၂ နှစ်ကလေး ၂ ယောက်တို့ ဖြစ်ပါတယ် ” ဟု ရဲမှူးကျော်စွာက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ မုန်တိုက်ရှိရာနေရာသည် လတ်တလောတွင် ဆူပူအုံကြွမှုဖြစ်ခဲ့သည့် နေရာဖြစ်ပြီး ရပ်ကွက်နေပြည်သူများနှင့် လူအချို့မှာ အလုပ်ရှင်မှ ကလေးအလုပ်သမားများကို ရိုက်နှက် နှိပ်စက်သည် ဆိုသည့် သတင်းကြောင့် နိုဝင်ဘာ ၁၉ ရက်ညတွင် ဦးစွာလူစုလူဝေးဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ၄င်းတို့က အလုပ်ရုံအတွင်း၌ အခြားကလေးငယ်များ ကျန်ရှိသည်ဟု ယူဆသောကြောင့် အိမ်အတွင်းဝင်ရောက်ရှာဖွေလို၍ ၂၀ ရက်၊ နေ့လည်ပိုင်း၊ ညပိုင်းများတွင် လူရာချီခန့် စုဝေးမှုများ ထပ်မံ ဖြစ်ပေါ်ခဲ့သည်။ ပုံစာ – ပိုးတွေခဲ့သော ကလေးများ အလုပ်လုပ်သည့် မုန့်တိုက်ရှေ့တွင် ယမန်နေ့က လူစုလူဝေး ဖြစ်ပေါ်ခဲ့စဉ်။ Source ; စံတော်ချိန်

Tags:

Add a Comment

Your email address will not be published. Required fields are marked *