မန္တလေးတွင်ကိုဗစ် အတည်ပြုလူနာ သုံးဆကျော် မြင့်တက်လာဟု မြို့တော်ဝန်ပြောကြား

မန္တလေးတွင် ကိုဗစ်အတည်ပြုလူနာ သုံးဆကျော် မြင့်တက်လာဟု မြို့တော်ဝန်ပြောကြား

မန္တလေးမြိ့တွင် ကိုဗစ်အတည်ပြုလူနာ ရက်ပိုင်းအတွင်း သုံးဆကျော် မြင့်တက်လာကြောင်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည် ။

မန္တလေးမြို၌ ကိုဗစ်ကူးစက် ဖြစ်ပွားမှုနှုန်း တိုးမြင့်လာသလို သေဆုံးသူ အရေအတွက်လည်း များပြားလာသလို ICU ( အထူးကြပ်မတ် စောင့်ရှောက်မှုယူနစ် ) ၌ ထားရှိ၍ အထူးကြပ်မတ် ကုသပေး နေရသော လူနာအရေအတွက် များလာကြောင်း သိရသည် ။

” အသက်အရွယ် မရွေး ရောဂါအခံ မရှိသူများပါ အဆုပ်ပျက်စီးမှုတွေ တွေ့လာရတယ် ” မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

ထို့ပြင် တန်ဆောင်တိုင် ကာလ ရုံးပိတ်ရက်များဖြစ်သည့် နေ့များတွင် အခြားမြို့ရွာ နေရာဒေသများသို့ သွားလာလည်ပတ်ပါက ရောဂါဖြန့်သည့် သဘောမျိုး ဖြစ်နိုင်သလို အတူလည်ပတ်သူများနှင့် ထမင်း အတူ ဝိုင်းဖွဲ့ စားရာတွင်လည်း ရောဂါကူးစက် နိုင်ခြင်းကြောင့် သွားလာ လည်ပတ်ခြင်းများ မပြုလုပ်စေလိုကြောင်း မြို့တော်ဝန်က ရေးသားထားသည် ။

” အခုလို လေးရက်ဆက်တိုက် တန်ဆောင်တိုင် ရုံးပိတ်ရက်မှာ ဘယ်ကိုမှ ထွက်မလည် စေချင်ဘူး။ အခြားမြို့တွေကိုရောဂါဖြန့်နိုင်သ လို ထမင်းအတူစားရင်း မိတ်ဆွေတွေဆီက ကူးစက်နိုင်လို့ပါ ” ဟု ၎င်းက ရေးသားထားသည်။

လက်ရှိ နိုဝင်ဘာလ ၂၇ ရက်နေ့ထိ မန္တလေး ခရိုင်အတွင်းတွင် ကိုဗစ်ပိုးတွေ့ လူနာ ၄၁၉၃ ဦးရှိကာ ဆေးရုံးဆင်းသူ ၂၃၈၄ ကျော်ရှိပြီး ဆေးရုံတက်နေသူ ၁၇၈၂ ဦး နှင့် မန္တလေးတိုင်း အတွင်းတွင်ပိုး တွေ့လူနာ ၅၂၇၁ ကျော် နှင့် ဆေးရုံဆင်းသူ ၃၁၈၉ဦးနှင့် သေဆုံးသူ ၃၃ ဦး ရှိကြောင်း သိရသည် ။

မန္တလေးတွင် ပိုးတွေ့လူနာများကို ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံ ၊ ခုတင် (၃၀၀) ဆံ့ သင်ကြားရေးဆေးရုံ ကုတင် ၁၀၀ ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံ နှင့် ဧရာဝတီဖောင်ဒေးရှင်း ကိုဗစ်စင်တာ တို့တွင် ကုသပေးလျက်ရှိသည် ။

မန္တလေးတွင် Quarantine Center များကို ဇီးပင်ကြီးဗဟို ဝန်ထမ်း တက္ကသိုလ်၊ သံဃာ့ဆေးရုံ ၊ ဧရာဝတီ စင်တာ ၊ မန္တလာဒီဂရီကောလိပ်တို့တွင် ထားရှိထားကာ ယင်းနေရာများတွင် လူဦးရေပြည့်သွားသဖြင့် တိုးချဲ့ကာ လုပ်ဆောင်နေပြီး ကျန်းမာရေးဝန်ထမ်း နှင့် ဗော်လန်တီယာများ ရှာရခက်နေကြောင်း သိရသည် ။Source ; TheFifthWaveNews

Add a Comment

Your email address will not be published. Required fields are marked *