ကမ္ဘာ့အထီးကျန်ဆုံးဆင်ကြီး ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာပြီဖြစ် … ရက်ပိုင်းအတွင်း ဘေးမဲ့တောထဲ ပြန်လွှတ်ပေးတော့မည်

ကမ္ဘာ့အထီးကျန်ဆုံးဆင်ကြီး ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာပြီဖြစ် … ရက်ပိုင်းအတွင်း ဘေးမဲ့တောထဲ ပြန်လွှတ်ပေးတော့မည်

ပါကစ္စတန်နိုင်ငံက တိရစ္ဆာန်ရုံတခုမှာ တကောင်တည်း နှစ်ပေါင်းများစွာနေခဲ့ရလို့ ကမ္ဘာ့အထီးကျန်ဆုံး ဆင်အဖြစ် တင်စားခေါ်ဝေါကြတဲ့ Kaavan အမည်ရှိဆင်ကြီးဟာ တနလာင်္နေ့က ကမ္ဘောဒီးယားနိုင်ငံဆီ ရောက်လာပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတွေက အခမ်အနားနဲ့ ကြိုဆိုခဲ့ပါတယ်။

အဲဒီလိုကြိုဆိုသူတွေထဲမှာ အမေရိကန်အဆိုတော်မင်းသမီး Che r လည်းပါဝင်ပြီး သူဦးဆောင်တဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအဖွဲ့နဲ့ အခြားအဖွဲ့တွေက ဒီဆင်သယ် ယူရေးအတွက် အမေရိဒေါ်လာ ၄ သိန်းအထိ အလှူငွေ ထည့်ဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုကာလဟာ ကိုဗစ်ကာလဖြစ်လို့ ခရီးသွားတဲ့ လူတွေတင် ဗိုင်းရပ်စ် စစ်ဆေးခံရတာ မဟုတ်ပဲ ဆင်ကြီး Kaavan ဟာလည်း လေယာဉ်ပေါ် မတင်ခင် ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကီလို ၂၀၀ လောက် အလေးချိန်ရှိတဲ့ သတ္တုတွေနဲ့ အခိုင်အမာလုပ်ထားတဲ့ ဆင်လှောင်အိမ်ထဲကို Kaavan ဆင်ကြီးကိုထည့်၊ အဲဒီလှောင်အိမ်ကို လေယာဉ်ပေါ်တင်ပြီး ခက်ခက်ခဲခဲ ၇ နာရီကြာ သယ်ယူ လာရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆင်ကြီးဟာ ဒီလိုသယ်ယူလာတဲ့အပေါ် စိတ်ညစ်တဲ့ပုံမပြပဲ အစာစားမပျက်ဘူးလို့ ဆင်နဲ့အတူ ဒီခရီးစဉ်မှာလိုက်ပါလာတဲ့၊ ခုနက အမေရိကန် မင်းသမီးဦးဆောင်တဲ့ ခြေလေးချောင်း သတ္တဝါ တွေ ကယ်တင်ရေးအဖွဲ့က Amir Khalil ကပြောပါတယ်။

ဆင်ကြီး Kaavan ဟာ ၁၉၈၅ တုန်းက သီရီလင်္ကာနိုင်ငံကနေ ပါကစ္စတန် နိုင်ငံဆီ လက်ဆောင်ပေးခံရတဲ့ ဆင်ဖြစ်ပြီး မဟာဇာ တိရစ္ဆာန်ရုံမှာ Saheli အမည်ရှိ ဆင်မတကောင်နဲ့ အတူနေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဆင်မက ၂၀၁၂ မှာ သေဆုံးသွားပြီးနောက် Kaavan ဟာ တကောင်တည်း အထီးကျန်ဖြစ်လာခဲ့ပါတယ်။

တိရစ္ဆာန်ရုံ ဆက်ထားရေးအတွက် အခက်အခဲရှိလာလို့ ပြီးခဲ့တဲ့ သြဂုတ်လမှာ ပါကစ္စတန် အာဏာပိုင်တွေက တိရစ္ဆာန်ရုံကို ပိတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ အထီးကျန်ဆင်ကြီးအပေါ် ကမ္ဘာ့အာရုံစိုက်မှုရလာပြီး နောက်ဆုံးတော့ အမေရိကန်မင်းသမီး Cherပါဝင်လှုပ်ရှားနေတဲ့ ခြေလေးချောင်း သတ္တဝါတွေ ကယ်ဆယ်ရေးအဖွဲ့က အကူညီပေးဖို့ ဖြစ်လာခဲ့တာပါ။

မင်းသမီးပါဝင်တဲ့ ခြေလေးချာင်း သတ္တဝါတွေ ကယ်ဆယ်ရေးအဖွဲ့ နဲ့ ပရဟိတ ကူညီရေး သမားတဦးတို့က ဒီဆင် သယ်ယူရေးအတွက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၄ သိန်းခန့်ကို ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။

တနလာင်္နေ့နှောင်းပိုင်းမှာတော့ ဒီအထီးကျန်ဆင်ကြီးကိုထရပ်ကား ပေါ်တင်ပြီး ကမ္ဘောဒီးယားမြောက်ပိုင်းဒေသရှိဘေးမဲ့တောမှာ သွားလွတ်ပေးဖို့ ရှိနေပါတယ်။ အဲဒီမှာ အာရှင်ဆင် အကောင် ၆၀၀ ရှိနေတဲ့အတွက် ဆင်ကြီး Kaavan ရဲ့ အထီးကျန်ဘဝကို ကုန်ဆုံး စေပြီး သဘာဝအတိုင်း နေထိုင်သွားနိုင်မှာ ဖြစ်တယ်လို့ ကမ္ဘောဒီယား သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ ။ Source ; AP

Add a Comment

Your email address will not be published. Required fields are marked *