ရေချိုးကန်ထဲပြုတ်ကျနေတဲ့ဖုန်းကြောင့် ရုရှမိန်းမပျိုတစ်ဦး ဓာတ်လိုက် သေဆုံး
|ရေချိုးကန်ထဲ ပြုတ်ကျနေတဲ့ဖုန်းကြောင့် ရုရှမိန်းမပျိုတစ်ဦး ဓာတ်လိုက် သေဆုံး
အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ Lesya Semenova ဆိုတဲ့ ရုရှ မိန်းကလေးတစ်ဦးကို သူမရဲ့ နေအိမ်မှာရှိတဲ့ ရေချိုးခန်းအတွင်းဓာတ်လိုက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ရေချိုးနေစဉ်မှာ သူ့ ရဲ့ iPhoneကို အားသွင်းထားတာဖြစ်ပြီးတော့ ဖုန်းဟာ Bathtub အတွင်း ပြုတ်ကျပြီးနောက် ဓာတ်လိုက်သေဆုံးခဲ့တာလို့ သိရပါတယ်။
Arkhangelsk မြို့က သူမရဲ့နေအိမ်မှာ သေဆုံးခဲ့တာကို သူ မရဲ့ အဖော်ဖြစ်သူက မြင်တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ” ကျွန်မ တော်တော်လေး ထိတ်လန့်ခဲ့ ရပါတယ်၊ သူ့ကို လှုပ်နိုးခဲ့ပေမယ့်လည်း သူက ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့ပါပြီ၊ ပြီးတော့အသက်မရှူတော့ဘူး၊ အသက်ရှင်နေတဲ့ လက္ခဏာလည်း မပြတော့ဘူး” လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရဲ့ အေးဂျင့်ဖြစ်သူ Daria က ပြောပြခဲ့ပါတယ်။
“တကယ်ကိုကြောက်လန့်မိတာပါ၊ သူ့ကိုသွားကိုင်တဲ့အချိန်မှာ ကျွန်မလည်း ဓာတ်လိုက်ခဲ့ပါတယ်၊ ရေထဲမှာ ဖုန်းကပြုတ်ကျနေပြီးတော့ အားသွင်းလျက် တန်းလန်းကြီးနဲ့ပါ” လို့လည်း သူမကဆက် ပြောခဲ့ပါတယ်။ ကျန်းမာရေး အရာရှိတွေကတော့ Semenova သေဆုံးခဲ့တာကို အတည်ပြုခဲ့ပါတယ်။
သူမဟာ အဝတ်အထည်ဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး iPhone 8ကို အားသွင်းထားစဉ်မှာ ရေထဲပြုတ်ကျပြီးနောက် ရေချိုးနေတဲ့ သူမလည်း သေဆုံးခဲ့ရတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။သူမဟာ လွန်ခဲ့တဲ့ တစ်နှစ်ကလည်း ရေချိုးခန်းအတွင်းမှာ သူမရဲ့ Selfie Video ကို ရိုက်ကူးပြီး လူမှုကွန်ရက်တွေပေါ် တင်ထားခဲ့တယ်လို့ သိရပါတယ်။
ရုရှအရေးပေါ် ကိစ္စများဝန်ကြီးဌာနကလည်း ဒီသေဆုံးမှုဖြစ်ပြီးတဲ့နောက်မှာ သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သြဂုတ်လ အတွင်းကလည်း အသက် ၁၅ နှစ်အရွယ် Anna K ဆိုတဲ့ ရုရှကျောင်းသူတစ်ဦးဟာလည်း မော်စကိုမှာ ဒီလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး သေဆုံးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ နိုင်ငံတကာ အသိအမှတ်ပြု ပိုကာ စတားတစ်ယောက်ဖြစ်တဲ့ Liliya Novikova ဆိုတဲ့ အမျိုးသမီးဟာလည်း အလားတူ ဖြစ်ရပ်နဲ့ ကြုံတွေ့ပြီး သေဆုံးခဲ့ပါတယ်။ သူမဟာ ရုရှထိပ်တန်း တက္ကသိုလ်တစ်ခုကနေ အင်ဂျင်နီယာ ဘာသာရပ်မှာ ဘွဲ့ရရှိတဲ့ ပထမဆုံးအတန်းသူ တစ်ဦးဖြစ်ခဲ့ဖူးပြီး သေဆုံးချိန်မှာတော့ နေအိမ်မှာ တစ်ဦးတည်းနေထိုင်ခဲ့တာလို့လည်း သိရပါတယ်။Source ; therivernews