၉၃ မိုင်ရှည်ပြီး ၂၄ မိုင်ကျယ်တဲ့ ရေခဲတောင်ကြီး တောင်ဂျော်ဂျီယာကမ်းခြေရဲ့ ၁၂၅ မိုင်အကွာကို ရောက်ရှိနေပြီး ရက်ပိုင်းအတွင်း ကမ်းခြေသို့ရောက်မည်
|၉၃ မိုင်ရှည်ပြီး ၂၄ မိုင်ကျယ်တဲ့ ရေခဲတောင်ကြီး တောင်ဂျော်ဂျီယာ ကမ်းခြေရဲ့ ၁၂၅ မိုင်အကွာကို ရောက်ရှိနေပြီး ရက်ပိုင်းအတွင်း ကမ်းခြေသို့ရောက်မည်
ရေခဲဖုံးလွှမ်းနေတဲ့ အန္တာတိက တိုက်ကြီးထဲက ရေခဲတောင် ကျွန်းကြီးတွေဟာ ကမ္ဘာကြီးရဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ပူနွေးသထက် ပူနွေးလာတာနဲ့အတူ အပိုင်းအစ အဖြစ် ပဲ့ထွက်တာတွေ ဆက်တိုက် ဖြစ်နေပါတယ်။
အခုအတ္တလန္တိတ် သမုဒ္ဒရာကြီးထဲမှာ အာန္တာတိက တိုက်ကပဲထွက်လာတဲ့ ရေခဲတောင် မျှောကြီးဟာ ဗြိတိန်ရဲ့ နိုင်ငံရပ်ခြားက ရှားရှားပါးပါး ပိုင်နက်ဖြစ်တဲ့ တောင်ဂျော်ဂျီယာကျွန်းကို တစ်နာရီမိုင်ဝက်နှုန်းနဲ့ ဦးတည်ပြီး စီးမျောလာနေရာမှာ ကမ်းခြေနဲ့တိုက်မိဖို့ (၁၂၅) မိုင်ပဲ လိုပါတော့တယ်။
ဗြိတိန် တော်ဝင်လေတပ်က Airbus A400M Atlas လေယာဉ်ပေါ်ကနေ ရိုက်ကူးခဲ့တဲ့ ရေခဲတောင် ကျွန်းမျှောကြီးဟာ အရှည် (၉၃) မိုင်၊ အကျယ် (၂၄) မိုင်ရှိကာ ရေပြင်ပေါ် အမြင့်က ပေ (၁၀၀) ကျော်ရှိပြီး ရေအောက်မြုပ် ရေခဲထုက ( ပေ ၆၅၀) အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။
A68a လို့ အမည်ပေးထားတဲ့ ရေခဲကျွန်းမျှောကြီးရဲ့ အလေးချိန်က တန်ချိန် တစ်ထရီလီယံကျော် အထိရှိပြီး အရည်ပျော်ခဲ့မယ်ဆိုရင် ရေဂါလံ ထရီလီယံရာပေါင်းများစွာ ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီရေခဲကျွန်းမျောကြီးဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လက အန္တာတိကတိုက်ရေခဲထုကြီးကနေ စတင်ပဲ့ထွက်ခဲ့ပြီး မြောက်ဘက်ကို အနည်းဆုံးခရီးမိုင် (၆၅၀) အထိ မျောလာခဲ့ပြီး ရက်ပိုင်းအတွင်း တောင်ဂျော်ဂျီယာကျွန်းကို ဝင်တိုက်တော့မှာ ဖြစ်ပါတယ်။
ရေခဲထုကြီး အရေပျော်အောင်လုပ်မယ်ဆိုရင် ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်မှာ ဖြစ်သလို ခွဲချေဖို့ ဆိုတာလည်း ဘယ်လိုနည်းလမ်းမှမရှိတဲ့အတွက် တောင်ဂျော်ဂျီယာကျွန်းကို ဒီအတိုင်း အတိုက်ခံလိုက်ဖို့ပဲရှိတယ်လို့ ဗြိတိန်အန္တာတိက လေ့လာရေး စစ်တမ်းအဖွဲ့ဝင် ပရော်ဖက်ဆာ ဂီးယားရန့်တာလင်းက ထုတ်ဖော်ပြောဆို ပါတယ်။
၂၀၀၄ ခုနှစ်က A38 ရေခဲကျွန်းမျှော တောင်ဂျော်ဂျီယာကို လာတိုက်တုန်းကလည်း အဲဒီဒေသမှာ မှီတင်းနေထိုင် အသက်ရှင်တဲ့ပင်ဂွင်း၊ ဖျံနဲ့ အအေးပိုင်းဒေသနေ တိရစ္ဆာန်တွေက ကျွန်းမျောကိုကျော်ပြီးအစာသွားရှာဖို့ မတတ်နိုင်တဲ့အတွက် ငတ်မွတ်ပြီး သေဆုံးခဲ့ရပါ သေးတယ်။
တောင်ဂျော်ဂျီယာကမ်းခြေကို ဝင်တိုက်လိုက်ရင် ရေခဲတွေ အရည် ပျော်တာတွေကြောင့် သဘာဝ ဂေဟစနစ်တွေ များစွာ ပျက်စီးမှာဖြစ်သလို အန္တာတိက ရေခဲဖျံကောင်ရေ ခြောက်သန်းကျော် (ကမ္ဘာရေခဲဖျံ အရေအတွက်ရဲ့ ၉၅ ရာခိုင်နှုန်း) နဲ့ ပင်ဂွင်းကောင်ရေ သန်းပေါင်းများစွာအတွက် အစားအသောက် အခက်အခဲဖြစ်ပြီး များစွာသေကြေရမယ့် ဘေးလည်း ရှိနေတယ်လို့ ဆိုပါတယ်။ Ref ; Independent / Source ; O Media