အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်မှစကာ ယနေ့ချိန်အထိလုပ် ကိုင်လျှက်ရှိတဲ့ နွယ်ငြိမ်းကျေးရွာမှ စဥ့်အိုးလုပ်ငန်းအကြောင်း

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်မှစကာယနေ့ ချိန်အထိ လုပ်ကိုင်လျှက်ရှိတဲ့ နွယ်ငြိမ်းကျေးရွာမှ စဥ့်အိုးလုပ်ငန်းအကြောင်း

လွန်ခဲ့သောနှစ်ကပုဂံမြို့ အာနန္ဒာဘုရားပွဲသို့ ရောက်ဖြစ်ခဲ့သည်။အမျိုးမျိုးသော ဒေသထွက်ကုန်များကို ရောင်းချပေးနေသည့် ပွဲဈေးတန်းကြီးကိုလည်း ၀င်ရောက်လေ့လာ ခဲ့ရသည်။ ထိုအထဲတွင် အိုးနှင့် ပတ်သက်သည့် ဈေးတန်းတစ်ခုကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရသည်။

ကလေးကစားစရာ အိုးခွက်ကလေးမှသည် ရာဝင်၊ ရာကျော် အိုးမျိုးစုံ၊ အိမ်သုံး လုပ်ငန်းသုံး စဥ့်အိုး စဥ့်ခွက်မျိုးစုံ ကို ဖွယ်ဖွယ်ရာရာ ခင်းကျင်း ရောင်းချထားသည်။ ထွက်ရှိရာဒေသမှာ စစ်ကိုင်းတိုင်း၊ နွယ်ငြိမ်း ကျေးရွာမှ ဟုသိရသည်။ ရွာလုံးကျွတ်နီးပါး အိုးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြစ်ပြီး စဥ့်အိုးနှင့်ပတ်သက်၍ လုပ်ငန်း ကြီးများကို လုပ်ကိုင်လျှက် ရှိကြသည်။

မြန်မာ့ လက်မှု အနုပညာရပ်လုပ်ငန်းများ တိမ်ကောလာသည့် ကာလတွင် ယခုကဲ့သို့ ရွာလုံးကျွတ်နီးပါး အိုးပညာရပ်ကို တတ်မြောက်လုပ်ကိုင်လျှက်ရှိသည်မှာ များစွာစိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။စာ ရေးသူအနေဖြင့် နွယ်ငြိမ်းကျေးရွာ၏ စဥ့်အိုးလုပ်ငန်းအကြောင်းကို မှတ်တမ်း တင်လိုစိတ်ဖြစ်မိသည်။

ထို့အတွက် ကုန်းဘောင်ခေတ်ကို တည်ထောင်ခဲ့သည့် အလောင်းမင်းတရားကြီး၏ အနွယ်တော်များ ငြိမ်းချမ်းစွာ လုပ်ကိုင် စားသောက် အခြေချရာဒေသ နွယ်ငြိမ်း ရွာကလေးသို့ အရောက် သွားကာ အိုးလုပ်ငန်းနှင့် ပတ်သက်သည်များကို လေ့လာ မှတ်သား၍ ရေးသားတင်ပြ လိုက်ရပါသည်။

နွယ်ငြိမ်းရွာနှင့်အိုး

နွယ်ငြိမ်းကျေးရွာသည် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်တွင်းတွင် တည်ရှိသည်။ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသော ရတနာသိင်္ခတံတားအဆင်း၊ ဧရာဝတီမြစ်ကမ်းပါးတွင် တည်ထားသော ရွာကြီးတစ်ရွာဖြစ်ပြီး ဖန်ချက်ဝန်မင်းဦး ရွှေအိုး၏ မွေးဖွားရာဒေသလည်း ဖြစ်သည်။

စဥ့်အိုးလုပ်ငန်းကိုသာ ရွာ၏အဓိက စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသော ရွာဖြစ်သည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ လက်ထက် မြန်မာပြည် အောက်ပိုင်းရပ်ကို တိုက်ခိုက်သိမ်းပိုက် အောင်မြင်ပြီးချိန်တွင် အိုးလုပ်ငန်း တတ်ကျွမ်းသော မွန် တိုင်းရင်းသားများကို ရွှေဘိုဒေသသို့ ခေါ်ဆောင်လာခဲ့ပြီး ပညာရပ်များကို ဆက်လက်ပြန့်ပွား ဆောင်ရွက်စေခဲ့သည်။

စတင် တည်ထောင်ခဲ့သော ရွာမှာ မအူ ကျေးရွာ ဖြစ်ခဲ့သော်လည်း အိုးလုပ်သည့် မြေသားများ ကုန်သွားသည့်အတွက် စဥ့်အိုးမြေသားများ ပေါများစွာရှာဖွေတွေ့ရှိသည့် ပန်းပင်စွန်း၊ လက်ရွေး၊ နွယ်ငြိမ်း၊ ရွှေဂွန်၊ ရွှေတိုက် အမည်ရသည့် ကျေးရွာများသို့ ပြောင်းရွှေ့လုပ်ကိုင် ဆောင်ရွက်လာခဲ့ကြရသည်။ အလောင်းမင်းတရားကြီးကလည်း အိုးလုပ်ငန်းကို များစွာအားပေး ချီးမြောက် ခဲ့သည်ဟုသိရသည်။

နွယ်ငြိမ်း ကျေးရွာသည် အိုးလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ကြသည့် ရွာများတွင် အတိုးတက်ဆုံး အင်အားအကောင်းဆုံး ရွာကြီး ဖြစ်ပြီး လက်ရှိ အချိန်တွင် မြန်မာမှု အိုးလုပ်ငန်းများအတွက် အားထားရမည့် ရွာကြီးတစ်ရွာလည်း ဖြစ်ပေသည်။

အလောင်းမင်းတရား လက်ထက်မှစတင်ကာ လုပ်ကိုင်ဆောင်ရွက်လာကြသည့် နွယ်ငြိမ်း၏ အိုးလုပ်ငန်းသည် ယခုအချိန်တွင် နှစ်ပေါင်း ၂၅၀ ကျော် တည်တံ့လာခဲ့ပြီ ဖြစ်သည်။ နွယ်ငြိမ်း သည် မြန်မာပြည် အထက်အရပ်တွင် ရှိသော်လည်း အားထားရသည့် ဈေးကွက်မှာ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန် နှင့် ပဲခူး တို့ဖြစ်ကြသည်။

မြန်မာပြည် အောက်ပိုင်းဒေသ စီးပွားရေး အခြေအနေကောင်းမှ နွယ်ငြိမ်း၏ အိုးလုပ်ငန်း ရပ်တည်နိုင်မည် ဖြစ်သည်။ ၂၀၀၈ ခုနှစ်အတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီနှင့် ရန်ကုန်တို့ထိခိုက်ခဲ့သောကြောင့် နွယ်ငြိမ်း အပါအ၀င် အထက်ပိုင်းမှ အိုးလုပ်ငန်းများသည် ခြောက်လကျော်ခန့် လုပ်ငန်းရပ်နားသွားခဲ့သည်။ အချို့သော လုပ်ငန်းငယ်လေးများက လုပ်ငန်းပြောင်းသွားကြ ရသည်။

၂၀၁၂ ခုနှစ်အတွင်း စစ်ကိုင်းငလျင် လှုပ်ခဲ့ရာ စစ်ကိုင်းဒေသမှ အိုးလုပ်ငန်းများ လက်ချိုးရေတွက် ရလောက်အောင် နည်းပါးသွားခဲ့ရပြန်ပါသည်။ လုပ်ငန်းများအားလုံး ပြန်လည်ထူထောင် လာနိုင်ခြင်း မရှိသော်လည်း စဥ့်အိုးလုပ်ငန်းများသည် ပျောက်ကွယ်ခဲ့ခြင်းကား မရှိခဲ့ပေ။ ဆက်လက်လုပ်ကိုင် ဆောင်ရွက်လျှက်ရှိနေသည်ကိုတွေ့ရသည်။

ပိတ်သိမ်း လိုက်ရသည့် အလုပ်ရုံ များမှ မှီခိုလုပ်ကိုင်နေသည့် လုပ် သားများကို ပြန်လည်ဖွင့်လှစ်သည့် အလုပ်ရုံက ခေါ်ယူလုပ်ကိုင်စေခြင်းဖြင့်ရပ်ရွာတွင်း အလုပ်လက်မဲ့နှုန်းကိုတတ်နိုင်သလောက် ထိန်းထား ပေးကြသည်။ သို့သော် လူတိုင်းကိုကား အလုပ်ပေးနိုင်ခြင်းမရှိ။

ထို့အတွက် ရွာမှ လုပ်ငန်းလက်ကိုင်မရှိသူများ အနေဖြင့် အလုပ်အကိုင် ပေါများစွာ ရှိနေသော ရွှေတူးသည့် လုပ်ငန်းများသို့ စွန့်စားထွက်ခွာ လုပ်ကိုင်ကြရသည်။ ရွှေတူး လုပ်ငန်းများသည် စဥ့်ကူးအထက်ပိုင်းတွင်တည်ရှိနေပြီး လုပ်အားများစွာလိုအပ်သည့် လုပ်ငန်းများ ဖြစ်ကြသည်။ အောင်မြင်ဖြစ်ထွန်းသူ ရှိသကဲ့သို့ ပျက်စီးဆုံးရှုံးရသူများလည်း ရှိကြသည်။

ယင်းလုပ်ငန်းများသည် အိုးလုပ်ငန်းထက် ၀င်ငွေပိုရသည်မှန်သော် လည်း မိမိအရပ် ဒေသအား ခွဲခွာ လုပ်ကိုင် ဆောင်ရွက်ရသည်ကို အိုးလုပ်သားများ နှစ်သက်မှု မရှိကြသည်ကိုတွေ့ရသည်။ အိုးလုပ်ငန်းရှင်များ အနေဖြင့်လည်း တစ်ရွာလုံးကို အလုပ်အကိုင်ပေးထားရန်လည်း အဆင်မပြေလှပေ။ ထို့အတွက် စဥ့်အိုးလုပ်ငန်း ဈေးကွက် တည်ငြိမ်စွာရှိမှ အမှာပုံမှန်ရှိပါမှ အိုးလုပ်သားထု အိုးအိမ်မကွာ လုပ်ကိုင် ဆောင်ရွက်နိုင်ကြပေမည်။

စဥ့်အိုးလုပ်ငန်း

နွယ်ငြိမ်းတွင် လုပ်ငန်းသုံး အိမ်သုံး စဥ့်အိုး၊ စဥ့်ခွက်များကို အဓိကထား ထုတ်လုပ်ကြသော်လည်း အခြား လူသုံး ကုန်များ အိမ်သုံးကုန်များကိုလည်း ထုတ်လုပ်ပေးလျှက် ရှိနေသည်။

ခေတ်မီအသုံးဆောင် ပစ္စည်း များကို အသုံးပြုမှုတိုးလာသော်လည်း စဥ့်အိုး၊ စဥ့်ခွက် များကို အိမ်ရှင်မများ၊ လုပ်ငန်းရှင်များက နှစ်သက်အသုံးပြုလျှက် ရှိနေဆဲပင် ဖြစ်သည်။ စဥ့်အိုးများကို ရေချို သိုလှောင်ရန်အတွက် အဓိက အသုံးပြုကြသည်ကို တွေ့ရသည်။

ဆန်၊ဆား အပါအ၀င် စားသုံးကုန်များကိုလည်း တစ်နှစ်စာ၊ တစ်မိုး စာ သိုလှောင်စားသုံးသည့် ကျေးလက်၏ ဓလေ့ကလည်း စဥ့်အိုး၏ လိုအပ်ချက်ကို မြင့်မားစေသည်။ နွယ်ငြိမ်းတွင် ကလေးငယ်များ ဆော့ကစားသည့် အိုးခွက်ကလေးများ၊ ပူဇော်ကိုးကွယ်မှုတွင် အသုံး ပြုသော ပန်းအိုး၊ ညောင်ရေအိုးများ၊ ဆီမီး အမွှေးတိုင် ထွန်းသည့်ခွက်များကိုလည်း ထုတ်လုပ်ဖြန့်ချီ ပေးလျှက်ရှိသည်။

စဥ့်အိုးအဓိက ထုတ်လုပ်နေသည် ဆိုသော်လည်း အမှာနည်းသည့်အခါမျိုးတွင် အခြားသော ထုတ်ကုန်များကို အစားထိုးနိုင်ရန် ပြင်ဆင်လုပ်ကိုင် ကြရခြင်းလည်းဖြစ်သည်။ အိုးလုပ်ငန်းတွင် သုံးမျိုးခွဲခြား ထုတ်လုပ်ကြသည်။

လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အိမ်အလှဆင်နှင့် လုပ်ငန်းအလှဆင် အိုးအမျိုးမျိုး ထုတ်လုပ်ခြင်း၊ လူသုံးအိမ်သုံးပစ္စည်း အမျိုးမျိုး ထုတ်လုပ်ခြင်းတို့ဖြစ်သည်။

အိုးလုပ်သားများ အနေဖြင့်ရောင်းချရသည့် အိုးအမျိုးအစားပေါ်ကိုလိုက်ကာ လုပ်ကိုင်ဆောင်ရွက် ကြရသည်။ အိုးကြီးအမှာရှိနေလျှင် ပန်းအိုးနှင့် အိုးသေးများကို ရပ်၍ အိုးကြီး ပြောင်း၍ လုပ်ကိုင်ကြသည်။

ထို့အတူ ပန်းအိုး အမှာကျနေလျှင် စဥ့်အိုးကြီးများကို ရပ်နားထားပြီး ပန်းအိုးကိုအချိန်ပေး လုပ်ကိုင်ကြရသည်။ လုပ်သားများအားလုံးလိုလို ဘက်စုံ တတ်ကျွမ်းနေကြ သူများဖြစ်သည့်အတွက် လုပ်ငန်းခွင် အခက်အခဲ မကြုံရပေ။

ကုန်ပစ္စည်းများအနေဖြင့် ရာသီပေါ်လိုက်ကာ အရောင်း အ၀ယ်ဖြစ်ကြ သည်ကို တွေ့ရသည်။ မိုးကာလ ရေသိုလှောင်ရန်အတွက် စဥ့်အိုးကြီးများကို အများဆုံး ဝယ်ယူဖြစ်ကြသည်။ ထို့အတူ ပန်းအလှအိုးများကိုလည်း မိုးကျခါနီးချိန်တွင်သာ ၀ယ်ယူကြသည်ကို တွေ့ရသည်။

စဥ့်အိုးလုပ်ကိုင်ပုံ အဆင့်အဆင့်

စဥ့်အိုးတစ်လုံး ဖြစ်ပေါ်လာစေရန် အဓိကအားဖြင့် အဆင့် ၆ ဆင့် ကို ဖြတ်သန်း လုပ်ဆောင် ရသည်။ ယင်းတို့မှာ (၁) မြေပြုပြင်ခြင်း၊(၂) အိုးပြုလုပ်ခြင်း၊ (၃) ပန်းရေးခြင်း၊ (၄) အခြောက်ခံခြင်း၊ (၅)စဥ့်ရေသုတ်ခြင်း၊ (၆) မီးဖုတ်ခြင်း တို့ ဖြစ်ကြသည်။

စဥ့်အိုးပြုလုပ်ရာတွင် မြေနီနှင့်မြေ၀ါကို ရောစပ်ကာ လုပ်ကိုင်ရခြင်း ဖြစ်ပြီးယင်း မြေ အမျိုးအစားများသည် ရွာအနီးဝန်းကျင်တွင် ရှိနေသဖြင့် အဆင်ပြေ လွယ်ကူစွာ ထုတ်ယူရရှိနိုင်သည်။ မြေနီ မြေ၀ါများကို အမှုန့်ဖြစ်စေရန်အထိ စက်အသုံးပြု ကြိုက်ခွဲကာ ရောနှောပြီး မြေနယ်စက်ဖြင့် သမအောင် မွှေလိုက်ခြင်းသည် ပထမအဆင့်ဖြစ်သည်။

ရွှံ့စေးအဖြစ်ရောက်သွားသော မြေကိုအသုံးပြုကာအိုးလုပ်သည့် လက်မှု အတတ်ပညာဖြင့် အိုးအမျိုးမျိုးကို ဒုတိယအဆင့်တွင် လုပ်ကိုင်ဆောင်ရွက် ရခြင်းဖြစ်သည်။ တတိယအဆင့်တွင် ပြုလုပ်ထားသည့်အိုးအပေါ်၌ ပန်းရေးခြင်း၊ မြေဖြူသုတ်ခြင်းကို လုပ်ကိုင် ရသည်။

ပန်းရေးခြင်း မြေဖြူဆွဲခြင်း ပြီးပါက စတုတ္တ အဆင့်တွင် အိုးကို ခြောက်သွေ့စေရန် နေရောင်ပြ အခြောက်လှမ် ပေးရသည်။ နေရောင်ကောင်းစွာရပြီး ခြောက်သွေ့သွားသောအိုးပေါ်တွင် စဥ့်ရေကို သုတ်လိမ်းရခြင်းသည် ပဉ္စမအဆင့်ဖြစ်သည်။

နောက်ဆုံးအဆင့်တွင် ဖိုတွင်းသို့ စဥ့်ရေသုတ်ထားသော အိုးများကို သွင်းရသည်။ ယင်းကို လုပ်ငန်း အခေါ်အားဖြင့် ဖိုဝင် ဟုခေါ်ကြပြီး ဖိုအပြင်ဘက်မှထင်းမီးတိုက် အပူပေးရခြင်းကို ဖိုဖုတ်သည်ဟုခေါ်ကြသည်။ ဖိုအတွင်းမှမီးအပူလုံလောက်စွာရပြီး ပြန်လည်ထုတ်ယူရ သည်ကို ဖိုပေါ်သည်ဟု ခေါ်ကြသည်။

ဖိုအတွင်း မီးအပူပေးရသည့် အခြေအနေမှာ လွန်စွာ အရေးကြီးသည်။ ဖိုတစ်ခုကို တည်ဆောက်မည် ဆိုပါက အကြီးနှင့် အသေးနှစ်မျိုး ခွဲထားလေ့ရှိပြီး အလျား ပေ ၅၀၊ အနံ ၁၅ ပေ ရှိသည်ကို ဖိုကြီး ဟုသတ်မှတ်ကာ အလျားပေ ၂၀ ၊ အနံ ၁၀ ပေရှိသည့် ဖိုကိုဖိုသေး ဟု သတ်မှတ်ထားကြသည်။ဖိုသေးကို မီးတိုက်လျှင် နာရီ ၂၀ အချိန် ကြာမြင့်လေ့ ရှိပြီး ဖိုကြီးကို ယင်း၏ နှစ်ဆ နာရီ ၄၀ အချိန်ပေးလေ့ ရှိကြသည်။

ကုန်ကြမ်းအဖြစ်အသုံးပြုရသည့် မြေနီ မြေ၀ါ များကို ရွာအနီးမှ ရသည့် အတွက် အခက်အခဲ မတွေ့ရပေ။ အိုးတွင် သုတ်လိမ်းရသည့် မြေဖြူ ကိုမန္တလေးတိုင်းဒေသကြီး ရမည်းသင်းမှ ၀ယ်ယူရရှိနိုင်ပြီး စဥ့်ရည်အဖြစ် အသုံးပြုရသည့် ခဲချော်ချေး၊ ခဲကာဗွန်နိတ်တို့ကို ရှမ်းပြည်နယ်တောင်ပိုင်း ဘော်ဆိုင်းမိုင်းတွင်းမှ ရရှိကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေး

ယခင်ကာလက ရေလမ်းကြောင်းကို အားထား၍ ဖောင်ဖွဲ့ကာ မြန်မာပြည်အ နှံ စဉ်အိုးများကို ပို့ဆောင်ရောင်းချ ခဲ့သော်လည်း မြစ်ကြောင်း အခြေအနေဆိုးရွားလာမှု များကြောင့် ကုန်းလမ်းကိုသာ ပြောင်းလဲ အသုံးပြု လာခဲ့ကြရသည်။ အန္တရာယ်ကင်းစေရေးအတွက် ဖောင်ဖွဲ့ အသုံးပြုခြင်းကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ သင်္ဘောဖြင့်တင်ပြီး ပို့ဆောင်လာခဲ့သည်။

သင်္ဘောဖြင့်ပို့ဆောင်ခြင်းနှင့် ကုန်လမ်းမှကားဖြင့် ပို့ဆောင်ခြင်းတွင် အားသာချက် အားနည်းချက် ကိုယ်စီရှိနေ ကြသည်။ သင်္ဘောဖြင့်ပို့ရာတွင် သယ်ယူစရိတ် သက်သာသော်လည်း အချိန်ကုန်သည်။

သင်္ဘောတစ်စီးစာ ကုန်ပြည့်ရန် အတွက် ထုတ်လုပ်ရသည့် အိုးအရေအတွက်မှာ တစ်ထောင်ခန့် ရှိသည်။ ကားဖြင့် ပို့ဆောင်ရာတွင် အချိန်ကုန်သက်သာ မြန်ဆန်မှုရှိသော်လည်း သယ်ယူပို့ဆောင်ရေး စရိတ် ကြီးမြင့်သည်။ ၁၂ ဘီးကားတစ်စီးတွင် အိုးအလုံးရေ တစ်ရာနီးပါး ဆံ့သည်ကို တွေ့ရသည်။

ကားဖြင့်ပို့ခြင်းသည် စရိတ်ကြီးမြင့်သည် ဆိုသော်လည်း ဈေးကွက်သို့ လွယ်ကူလျှင်မြန်စွာ ရောက်ရှိ စေနိုင်သည်။ ရေလမ်းဖြင့်ပို့ရာတွင် သင်္ဘောတစ်စင်းစာပြည့်ရန် ထုတ်လုပ်နေရသည့်အတွက် ငွေအိပ်၊ အချိန်အိပ် သဖြင့် ကုန်သည်များက ကုန်းလမ်းကို ပိုမို အသုံးပြုလာကြသည်။

လမ်းပမ်းဆက်သွယ်ရေး အခြေအနေများ ပိုမို ကောင်းမွန် လာခဲ့ခြင်း ကလည်း အိုးလုပ်ငန်းဈေးကွက်ကို ဖွံ့ဖြိုးတိုးတက် လာစေခဲ့သည်။ ယခင်က တစ်လ တစ်ကြိမ်သာ ဈေးကွက်ကို ပို့ဆောင်နေရသည့် နွယ်ငြိမ်းမှ အိုးများသည် ယခုဆိုလျှင် တစ်ပါတ်တစ်ကြိမ် မက ကားကြီးကားငယ်များဖြင့် ပို့ဆောင်ရောင်းချ ပေးနေရပြီဖြစ်သည်။

နွယ်ငြိမ်းရွာမှအိုး

အိုးနှင့်ပတ်သက်သည့် လုပ်ငန်းများသည်ယခင်ကမြန်မာ့မြေ အနှံ့ တွင် အရေအတွက်များစွာ တည်ရှိနေသော်လည်း တဖြည်းဖြည်းနှင့် လျော့နည်းပျောက်ကွယ် လာခဲ့သည်ကို တွေ့ရသည်။ အိုးလုပ်ငန်းများထွန်းကားခဲ့ရာ ပဲခူးနယ်တစ်ဝိုက်တွင်လည်း အခြားဒေသများနည်းတူ တိမ်မြုပ်စ ပြုလာပြီဖြစ်သည်။

ယခုအချိန်တွင် စဥ့်အိုးကဲ့သို့ အိုးကြီးများ၊ အိမ်သုံး၊ လူသုံး၊ အလှဆင်အိုးကြီး အိုးငယ်များကို ပြည့်ပြည့် စုံစုံ ထုတ်လုပ် ပေးနိုင်သည့်နေရာမှာ နွယ်ငြိမ်း နှင့် နီးနားရွာများသာ ကျန်ရှိတော့သည်။ သဘာဝ ဘေး အန္တရာယ်များဖြစ်ပေါ်လာတိုင်း အိုးထုတ်လုပ်သူများ လုပ်ငန်း ပြောင်း သွားကြသည်ကို တွေ့နေရသည်။

ပြည်တွင်းဈေးကွက် ခိုင်မာမှုရှိသော်လည်း ပြည်ပသို့ထိုးဖောက် တင်ပို့နိုင်ခြင်း မရှိသေးခြင်းမှာ နွယ်ငြိမ်းဒေသ အတွက် အာနည်းချက် တစ်ခုဖြစ်နေသည်။စဥ့်အိုးလုပ်ငန်းများသည် ဒေသတွင်း လုပ်သားများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနေသည့်အတွက် ယင်းလုပ်ငန်းများ ဈေးကွက်ပိုမိုရရှိရန်မှာ အရေးကြီးသည့်လိုအပ်ချက်ဖြစ်ကြောင်း ရေးသားလိုက်ပါသည်။(ဗဟုသုတအနေဖြင့် ပြန်လည်၍ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်ခင်မျာ )

Add a Comment

Your email address will not be published. Required fields are marked *