လမ်းသွားလမ်းလာများအား ရန်မူနေသည့် ရှားပါးတောရိုင်းတိရိစ္ဆာန် ဝံကြောင် တစ်ကောင်ကို လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ထိန်းသိမ်းထား
|လမ်းသွားလမ်းလာများအား ရန်မူနေသည့် ရှားပါးတောရိုင်းတိရိစ္ဆာန် ဝံကြောင် တစ်ကောင်ကို လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ထိန်းသိမ်းထား
လမ်းသွားလမ်းလာများအား ရန်မူနေသည့် ရှားပါးတောရိုင်း တိရိစ္ဆာန် ဝံကြောင်တစ်ကောင်ကို လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ထိန်းသိမ်းထားကြောင်း လွိုင်ကော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနထံမှ ဒီဇင်ဘာလ ၁၅ ရက်တွင် သိရသည်။
ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာရဝတီ တံတားအနီး လမ်းမပေါ်တွင် တောရိုင်းတိရိစ္ဆာန် ဝံကြောင် (Binturong) တစ်ကောင်အား တွေ့ရှိခဲ့ပြီး လမ်းသွား လမ်းလာ ပြည်သူများအား ရန်မူသဖြင့် မြို့ဒေသခံများနှင့်မီးသတ် တပ်ဖွဲ့ဝင်တို့မှ ဝိုင်းဝန်းဖမ်းဆီးကာ လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသည့် ရှားပါး ဝံကြောင်သည် အမဝံကြောင် တစ်ကောင်ဖြစ်ပြီး ပြည်သူများအား ရန်မူသောကြောင့် မြို့ဒေသခံများက ရိုက်နက် ဖမ်းဆီးခဲ့ရာ မျက်လုံးတစ်ဖက်တွင် ဒဏ်ရာ အနည်းငယ် ရရှိထားသဖြင့် မီးသတ်ဦးစီးဌာနတွင် ထိန်းသိမ်းထားရှိကာ ဆေးကုသပေးလျက်ရှိသည် ဟုဆိုသည်။
သံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာဥပဒေပုဒ်မ ၁၉ ၊ ပုဒ်မခွဲ (က) အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထား သည့် တိရိစ္ဆာန်များထဲတွင် ဝံကြောင်အမျိုးအစားပါဝင်ကြောင်း
၂၀၂၀ မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာ အရသိရှိရပြီး ရှားပါးတောရိုင်း တိရိစ္ဆာန် ဝံကြောင်များကို အရှေ့တောင် အာရှနိုင်ငံများ၊ ဘင်္ဂလားဒေ့ရှ် ၊ တရုတ်၊ နီပေါ ၊ အိန္ဒိယနိုင်ငံရှိ ရွက်အုပ် ပိတ်တောများတွင် မြင်တွေ့ရလေ့ ရှိကြောင်း သိရသည်။ ခရက်ဒစ်