လွန်ခဲ့သောနှစ်ပေါင်း ၇၀ကျော်က ဖန်တီးခဲ့တဲ့ ဓာတ်ပုံတစ်ပုံ … ဖန်တီးထားတဲ့ ဓာတ်ပုံဆရာ ဆရာကျချက်
|လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က ဖန်တီးခဲ့တဲ့ ဓာတ်ပုံတစ်ပုံ … ဖန်တီးထားတဲ့ ဓာတ်ပုံဆရာ ဆရာကျချက်
ဒီဓာတ်ပုံကတော့ Dali Atomicus အမည်နဲ့ နာမည်ကြီးခဲ့တဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ဓာတ်ပုံပညာ တိုးတက်နေတဲ့ ယနေ့ခေတ်မှာ ဒီလို ဓာတ်ပုံဖန်တီးတာဟာ အရမ်းမခက်ခဲလှပေမယ့် ဒီဓာတ်ပုံကို ဖန်တီး ရိုက်ကူးခဲ့တဲ့ အချိန်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ကျော် ( ၁၉၄၈ ခုနှစ်) က ဖြစ်ပါတယ်။
ဖန်တီးသူတွေကတော့ အမေရိကန် ဓာတ်ပုံဆရာ Philippe Halsman နဲ့ သရုပ်မှန်လွန် surrealist စပိန် အနု ပညာရှင် Salvador Dalí ဖြစ်ပါတယ်။ Salvador Dalí ကို ပန်းချီဆရာအဖြစ်သာ လူသိများပေမယ့် တကယ်က ပန်းပု ၊ ဒီဇိုင်း နဲ့ရုပ်ရှင်နယ်ပယ်တွေမှာလည်း ထူးချွန်ပြောင်မြောက်သူ တဦးဖြစ်ပါတယ်။
သူတို့နှစ်ဦးပူးပေါင်းကာ ဆန်းသစ်တဲ့ အိုင်ဒီယာနဲ့ ဓာတ်ပုံဆိုင်ရာ ပရောဂျက်တခုပြုလုပ်ရာကနေ ဒီဓာတ်ပုံဟာ ဖြစ်ပေါ်လာခဲ့တာပါ။ ဘယ်လိုဖန်တီးခဲ့သလဲဆိုရင်တော့ ညဘက်မှာ Salvador Dalí ရေးဆွဲထားတဲ့ Leda Atomicus ပန်းချီကားကို လေထဲမြောက်နေစေဖို့ ဝါယာကြိုးမျှင် လေးတွေနဲ့ ချည်လိုက်တယ်။
ဘယ်ဘက်မှာတော့ Dali ရဲ့ ဇနီးက ထိုင်ခုံကို ကိုင်မြှောက်ပေးထားရတယ်။ ဓာတ်ပုံရိုက်ဖို့ အမှတ်စဉ် ၁ ကနေ ၄ အထိ ရေတွက်တယ်။ အမှတ်စဉ် ၃ ရောက်တဲ့အခါမှာ ဘေးနားမှာရှိတဲ့ အကူတွေက ကြောင် ၃ ကောင်ကို လေပေါ်ကို ပစ်တာနဲ့ ရေပက်တာကို ပြိုင်တူလုပ်လိုက်ကြတယ်။ အမှတ်စဉ် ၄ ရောက်တဲ့အခါမှာတော့ Dali က လေပေါ်ကို ခုန်လိုက်တယ်။
အဲဒီ အချိန်မှာပဲ ဓာတ်ပုံဆရာ Philippe Halsman က ဓာတ်ပုံကို ရိုက်လိုက်တာ ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာပါဝင်နေတဲ့ အရာရာဟာ ချိန်သားကိုက်နေပြီး အချိန်ကို ရပ်တန့်ထား သဏ္ဍာန် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ချိန်သားကိုက်အောင် တကြိမ်လုပ်ဖို့ရန် ခက်ခဲတဲ့ ဒီပရောဂျက်ကို အကြိမ်ကြိမ် ထပ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ စုစုပေါင်း ၂၆ ကြိမ် ခက်ခက်ခဲခဲ ဖန်တီးခဲ့ပြီးမှ ရရှိခဲ့တဲ့ ဒီဓာတ်ပုံဟာ ဂန္တဝင်မြောက် ဓာတ်ပုံတပုံ ဖြစ်လာခဲ့ပါတယ်။ လေးစားစွာဖြင့်ခရက်ဒစ် ; သုတဇုန်