နှင်းအများအပြား ကျဆင်းခဲ့တာကြောင့် ဂျပန်အဝေးပြေး လမ်းမကြီးပေါ် ကားထောင်နဲ့ချီကာ ပိတ်မိနေခဲ့

နှင်းအများအပြား ကျဆင်းခဲ့တာကြောင့် ဂျပန်အဝေးပြေး လမ်းမကြီးပေါ် ကားထောင်နဲ့ချီကာ ပိတ်မိနေခဲ့

ဆီးနှင်းစံချိန်တင် ကျဆင်းခဲ့မှုကြောင့် ဂျပန်နိုင်ငံက အဝေးပြေးလမ်းမတွေပေါ်မှာကားပေါင်း တစ်ထောင်ကျော်အထိ ပိတ်မိနေခဲ့တယ်လို့သိရပါတယ်။ တိုကျိုနဲ့ နီဂါတာ ကြားမှာရှိတဲ့ Kanetsu အမြန်လမ်းမကြီးမှာ ဗုဒ္ဓဟူးနေ့ကစတင်ပြီး ဆီးနှင်းတွေ တော်တော်လေးကျဆင်းခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ မော်တော်ယာဉ်တွေဟာ လမ်းရှင်းဖို့ အတွက်ကို စောင့်ဆိုင်းနေခဲ့ ကြရပါတယ်။

သောကြာနေ့ မနက်ပိုင်းမှာ အဝေးပြေးလမ်းကြီးကို ပိတ်ပစ်ခဲ့ရပြီးပိတ်မိခဲ့သူတွေဟာ သူတို့ရဲ့ကားတွေပေါ်မှာ ညအိပ်စောင့်ဆိုင်းခဲ့ရကာ အစားအသောက်ပါ အခက်တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆီးနှင်း ကျဆင်းမှုကြောင့် ကားအမိုးတွေကိုတောင် ဖုံးအုပ်သွားခဲ့ပြီး လမ်းလျှောက်ဖို့တောင် တော်တော်လေး ခက်ခဲတဲ့ အနေအထားမှာရှိနေခဲ့ကာ ပိတ်မိသူတွေအနေနဲ့လည်း ထိတ်လန့်ခဲ့ရတယ်လို့ သိရပါတယ်။

ယာဉ်မောင်းတစ်ဦးက NHK သတင်းဌာနကို ပြောဆိုရာမှာတော့ ” နှင်းတွေက တော်တော် ဆိုးဆိုး ဝါးဝါးကို ကျဆင်းနေခဲ့တာပါ၊ ကားတွေသွားဖို့ လည်း အခက်တွေ့ခဲ့ရပြီး ကျွန်တော်ကတော့ တော်တော်လေး ထိတ်လန့်နေခဲ့ရပါတယ်၊ ကျွန်တော့်မှာပါတဲ့ စားစရာ၊ သောက်စရာတွေလည်း ကုန်သွားပါပြီအ ခု ရေပဲ သောက်နေရပြီး အဲဒါကလည်း ပုလင်းအလွတ်ထဲကို နှင်းတွေရွေးထည့်ပြိး အရည်ပျော်တော့မှ သောက်ရတာပါ ” လို့ဆိုပါတယ်။

တန်းစီစောင့်ဆိုင်းနေတဲ့ ကားတန်းဟာ ၁၅ ကီလိုမီတာအထိကို ရှည်လျားနေခဲ့တယ်လို့ သိရပြီး တဖြည်းဖြည်းချင်းသာ ရွေ့လျားနေခဲ့ရပြီး နာရီပေါင်း ၄၀ အထိကို ကြာမြင့်အောင် စောင့်ဆိုင်းရသူတွေလည်း ရှိခဲ့ကြောင်း CNN က ဖော်ပြခဲ့ပါတယ်။ တိုကျိုကလာတဲ့ ယာဉ်အသွားအလာ ရှင်းလင်းခဲ့ပြီဖြစ်ပေမယ့်လည်း မြို့တော်ကိုသွားမယ့် လမ်းတွေကတော့ ပိတ်ဆို့နေဆဲ ဖြစ်ပါတယ်။

ဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေးအဖွဲ့ကလည်း ယာဉ်မောင်းတချို့ကို ကယ်တင်ပေးခဲ့ရပြီး အနည်းဆုံး သုံးဦးအထိကို ဆေးရုံပို့ပေးခဲ့ရပါတယ်။ နှင်းထုက တော်တော်လေးကို ကြီးမားတာကြောင့် ရှင်းလင်းရေးအဖွဲ့ဟာ ပင်ပန်းကြီးစွာ လုပ်ကိုင်နေရပြီး နှင်းသည်းထန်စွာ ထပ်မံကျဆင်းနိုင်တယ်လို့လည်းမိုး လေဝသ အေဂျင်စီက ထပ်မံသတိပေး ထားခဲ့ပါတယ်။

တစ်နိုင်ငံလုံးမှာ ဆီးနှင်းထူထပ်စွာကျရောက်ခဲ့ပြီး တချို့နေရာတွေမှာ ဆီးနှင်းထုဟာ ၃၂ လက်မအထိ ရှိတယ်လို့ သိရပါတယ်။ ဂျပန်စစ်တပ်အနေနဲ့လည်း ကူညီပေးဖို့အတွက် ဆောင်ရွက်နေပြီဖြစ်ကာ နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာတော့ အိမ်ခြေတစ်သောင်းကျော်အထိ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ပါ ရင်ဆိုင်ခဲ့ရပြီး ဝန်ကြီးချုပ်ယိုရှိဟီဒီဆူဂါက အရေးပေါ်အစည်းအဝေးခေါ်ယူကာ အမြန်ဆုံးဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဆီးနှင်းတွေ အများအပြားကျဆင်းခဲ့မှုကြောင့် နိုင်ငံတဝှမ်းက ဒေသတချို့မှာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပြီး အကောင်းဆုံးကူညီပေးနိုင်ဖို့ကို သက်ဆိုင်ရာဌာနတွေက ကြိုးစားနေကြပါတယ်။ Crd ; therivernews

Add a Comment

Your email address will not be published. Required fields are marked *