ကိုဗစ်ရောဂါပိုးရဲ့ မူလဇစ်မြစ်ကိုသိဖို့ WHO စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ကိုသွားမယ်

ကိုဗစ်ရောဂါပိုးရဲ့ မူလဇစ်မြစ်ကိုသိဖို့ WHO စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ကိုသွားမယ်

ကိုဗစ်အရေးမှာ တရုတ်နိုင်ငံဘက်က ကာကွယ်ရပ်တည်တယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ဟာ လာမယ်နှစ် ဇန်နဝါရီလထဲမှာ ကိုဗစ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို နိုင်ငံတကာ သိပ္ပံပညာရှင် (၁၀) ယောက်ပါတဲ့ အသင်းကို စေလွှတ်ပြီး ရောဂါဇစ်မြစ်ကို စုံစမ်းမယ်လို့ အတည်ပြု ကြေညာပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ တရုတ်နိုင်ငံကို ဒီရောဂါနဲ့ ပတ်သက်လို့ အပြစ်တင်လိုတဲ့ ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ ရောဂါဇစ်မြစ်ကို သိရှိနိုင်ရင် ကြိုတင်ကာကွယ်မှုတွေကို ပိုလုပ်နိုင်ဖို့အတွက် ရည်ရွယ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တိရစ္ဆာန် အသားဈေးကွက်ကြီးဖြစ်တဲ့ ဝူဟန်မြို့မှာ ကိုဗစ်ပိုးကတိရစ္ဆာန်တွေဆီကနေ လူတွေဆီကို စတင်ကူးစက်ခဲ့တယ်လို့ သိရှိထားကြပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာကတည်းက ဒီဗိုင်းရပ်စ်ကိုသတိထားသိရှိခဲ့တဲ့ တရုတ်ဆရာဝန် လီဝန်လင်းဟာ အသိဆေးဘက်ဆိုင်ရာ မိတ်ဆွေတွေကို ကပ်ဆိုးဖြစ်နိုင်တဲ့ ရောဂါတစ်ခု တွေ့ရှိကြောင်း သတိပေးခဲ့ပါတယ်။

ဒါကို မှားယွင်းတဲ့ မှတ်ချက်တွေပေးနေတယ်ဆိုပြီး တရုတ်ရဲတပ်ဖွဲ့က ဒေါက်တာလီကို ဖမ်းဆီးစစ်ဆေးမှု တွေလုပ်ခဲ့ကာ ဖေဖော်ဝါရီလ အရောက်မှာတော့ သူဟာ လူနာတွေကို ကုသပေးရင်း ရောဂါပိုးကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရဘက်က ကိုဗစ်ဗိုင်းရပ်စ်ဟာ သူတို့ဝူဟန်က စတင်ဖြစ်တာ မဟုတ်ဘဲ ဝူဟန်ကို အသားစိမ်း တွေတင်ပို့တဲ့ အခြားနိုင်ငံတွေဆီက တင်ပို့မှုကနေ ပါလာတာလို့ သတင်းလွှင့်မှုတွေ ရှိလာပါတယ်။

ဒီလိုသတင်းလွှင့်တာကို အမေရိကန်နိုင်ငံက ပေါက်ကွဲပြီး တရုတ်နိုင်ငံဟာ ရောဂါစဖြစ်တာကို ကွယ်ဝှက်ရာကနေ တစ်ကမ္ဘာလုံး ကပ်ဘေးဖြစ်သွားစေတယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ဒီဗိုင်းရပ်စ်ဟာ နှစ်အတော်ကြာကတည်းက ရှိနေခဲ့ပြီး ဓာတ်ခွဲခန်းကနေ စတင်ပေါက်ကြား ပျံ့နှံ့သွားတာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။

WHO က တရုတ်အစိုးရရဲ့ ရောဂါ ထိန်းချုပ်လိုက် နိုင်ပုံကို ချီးကျူးကြောင်း ထုတ်ပြန်သလို ရောဂါရဲ့ မျိုးရိုးဗီဇကုတ်ကို အမြန်ဆုံး ကမ္ဘာသိထုတ်ပေးခဲ့လို့ ကျေးဇူးတင် ချီးကျူးရမယ်လို့ ထုတ်ပြန်တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က WHO ကို ထောက်ပံ့မှုတွေ ရပ်ဆိုင်းတယ်လို့ ကြေညာခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့်ပဲ WHO ဟာ သိပ္ပံပညာရှင်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဝူဟန်မြို့ကိုသွားပြီး ဇစ်မြစ်လိုက်ဖို့စီစဉ်ခဲ့ရာမှာ တရုတ်အစိုးရဘက်က သဘောမတူတဲ့အတွက် လပေါင်းများစွာဆွေးနွေးပြီးမှ သဘောတူညီချက်ရခဲ့လို့ အနည်းဆုံးလေးငါးပတ်အထိ ဝူဟန်မြို့မှာ သုတေသနပြုစုံစမ်းမှုတွေကို လုပ်သွားဖို့ စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။ Source ; O Media

Add a Comment

Your email address will not be published. Required fields are marked *