ဧည့်သည်တစ်သောင်းနဲ့ ကိုဗစ်ကိုအံတုပြီး မင်္ဂလာပွဲကိုဆင်နွှဲခဲ့တဲ့ မလေးရှားမှဇနီးမောင်နှံ
|ဧည့်သည်တစ်သောင်းနဲ့ ကိုဗစ်ကိုအံတုပြီး မင်္ဂလာပွဲကိုဆင်နွှဲခဲ့တဲ့ မလေးရှားမှဇနီးမောင်နှံ
ကိုဗစ်ဒုတိယလှိုင်းဒဏ် အလူးအလဲခံနေရချိန်မှာ မလေးရှားနိုင်ငံက စုံတွဲတစ်တွဲဟာ ဧည့်ပရိသတ် တစ်သောင်းပါဝင်တဲ့ မင်္ဂလာပွဲကြီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၁) ရက်က ကျင်းပသွားခဲ့ပါတယ်။ အဲဒီမင်္ဂလာ မောင်နှံကတော့ မလေးရှားဝန်ကြီးဟောင်းတစ်ဦးရဲ့ သားဖြစ်သူ တန်ကူမိုဟာမက်ဟာဖစ်ဇ်ဖြစ်ပြီး သတို့သမီးကတော့ အိုရှန်နီအလာဂျီယာတို့ပဲ ဖြစ်ပါတယ်။
မလေးရှားမှာ ကိုဗစ်ဒုတိယလှိုင်းကြောင့် လူတွေသီးခြားခွဲနေရမယ့် အကွာအ ဝေးသတ်မှတ်ထားပြီး လူစုလူဝေးလည်း လုပ်ခွင့်မပြုထားချိန်မှာ အဲဒီမင်္ဂလာမောင်နှံဟာ စည်းကမ်း မဖောက်ဖျက်ဘဲ ဧည့်ပရိသတ်တစ်သောင်းကို မင်္ဂလာပွဲမှာပါဝင် ဆင်နွှဲသွားစေခဲ့တာ ဖြစ်ပါတယ်။
သူတို့ မင်္ဂလာစုံတွဲဟာ ကွာလာလမ်ပူ မြို့တောင်ဘက် ပူထရာဂျာရာအရပ်က အစိုးရရုံးကြီးတစ်ခုရှေ့မှာ အားလုံးကို လက်ပြနှုတ်ဆက်နေပြီး ဧည့်ပရိသတ် တစ်သောင်းက ကားအစီး ပေါင်းများစွာနဲ့ ရှည်လျှားတဲ့ ယာဉ်တန်းကြီးအဖြစ် မင်္ဂလာမောင်နှံရှေ့က ဖြတ်သန်းသွားလာခဲ့တာသာ ဖြစ်ပါတယ်။
မင်္ဂလာပွဲဆင်နွှဲသူတွေဟာ မင်္ဂလာခန်းမကို စုပြုံလာတာမဟုတ်ဘဲ ဘယ်သူမှ ကားထဲကမထွက်ဘဲ ဂုဏ်ပြုတက်ရောက် ပေးခဲ့တာဖြစ်ပြီး အဲဒီကားတန်းကြီးကို လက်ပြနှုတ်ဆက်တဲ့ အစီအစဉ် တစ်ခုတည်းက သုံးနာရီကြာ ခဲ့တယ်လို့ ဆိုပါတယ်။
သတို့သားရဲ့ဖခင် ဝန်ကြီးဟောင်းက ဒီမင်္ဂလာပွဲကို ဂုဏ်ယူဝင့်ကြွားပြီး Facebook မှာ “ ဒီမနက် ဧည့်ပရိသတ် တစ်သောင်းပါမယ့် မင်္ဂလာပွဲကျင်းပမယ်လို့ ကြိုအကြောင်းကြားခဲ့ပါတယ်။ လမ်းညွှန်ချက်တွေအားလုံးကိုလိုက်နာပြီး ကားထဲက တစ်ယောက်မှမထွက်ဘဲ မင်္ဂလာပွဲတက် ရောက်ပေးခဲ့ကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်။ အသားကျမှုအသစ် (New Normal) ထဲက ပုံသေနည်းမဆန်တဲ့ မင်္ဂလာအခါသမယပါပဲ။”လို့ ရေးတင်သွားပါတယ်။
အသက် (၇၀) အရွယ် ဝန်ကြီးဟောင်း မစ္စတာအဒနန်ဟာ ဒီမင်္ဂလာပွဲအပြီး တစ်ရက်အကြာမှာပဲ ၂၀၁၆ ခုနှစ်က ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံကနေ ဒေါ်လာ (၆၅၆,၀၀၀) လာဘ်စားထားတဲ့စွဲချက်အတွက်တရားစီရင်ခံရပြီး ထောင်ဒဏ်တစ်နှစ်နဲ့ ဒဏ်ငွေ ရင်းဂစ်နှစ်သန်း ပေးဆောင်ဖို့အမိန့်ချခံရတဲ့အတွက် ထောင်ကျခံလိုက်ရပါတယ် ။ Ref ; BBC