ကူးစက်မြန်တဲ့ ကိုဗစ်ဗိုင်းရပ်စ်ဗီဇကွဲ အသစ်များနှင့် သိကောင်းစရာများ

ကူးစက်မြန်တဲ့ကိုဗစ်ဗိုင်းရပ်စ် ဗီဇကွဲအသစ်များနှင့် သိကောင်းစရာများ

ကိုဗစ်ဗိုင်းရပ်စ် သန္ဓေဗီဇကွဲတာ ဘယ်နှစ်မျိုးရှိတာလဲ ? ကူးစက်တာ အရမ်းမြန်နိုင်တယ်လို့ ပြောထားတာ အဓိက “အသစ်”  နှစ်မျိုးရှိပါတယ်။

(၁) အရင်အပတ်က  ယူကေနိုင်ငံမှာ စတွေ့တာက B.1.1.7 (သို့မဟုတ်) VUI202012/01 ပါ။ VUI202012/01 ဆိုတာက variant under investigation ( လေ့လာစုံစမ်းနေတဲ့ဗီဇကွဲ ၂၀၂၀ ခုနှစ် ၁၂ လပိုင်း အမှတ်စဉ် ၀၁) လို့ဆိုလိုပါတယ်။

VOC202012/01 လို့ သတင်းတွေမှာ တွေ့လည်း အတူတူပဲ ။variant of concern လို့ခေါ်တာ။ B.1.1.7 လို့ခေါ်တာက Spike ပရိုတိန်းရဲ့ ပြောင်းသွားတဲ့နေရာပါ။ သူ့ရဲ့ ကူးစက်မှုနှုန်းကယူကေနိုင်ငံ NERVTAG ရဲ့ သက်သေတွေ့ရှိချက်အရ အရင် ဗိုင်းရပ်စ်ထက် ၇၁ ရာနှုန်းပိုတယ်။ တိတိကျကျ ပြောရရင် ၆၇ ကနေ ၇၅ ရာနှုန်းကြားရှိကြောင်း ၉၅ % ခိုင်မာစွာ တွေ့ရတယ်။

(၂) နောက်တစ်မျိုးက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တောင်အာဖရိကမှာ စတွေ့တာပါ။ 501.V2 ဗီဇကွဲလို့ ခေါ်ပါတယ် ။ ကိုဗစ်ဗိုင်းရပ်စ်မှာ လူရဲ့ဆဲလ်တွေထဲ ပေါင်းစပ်ဖောက်ဝင်တဲ့နေရာ Receptor-binding domain RBD မှာ Spike glycoprotein ပါပါတယ်။

အဲ့ဒီ spike glycoproteinရဲ့ အမိုင်နိုအက်ဆစ်နေရာ 501မှာ asparagine (N ) ကနေ tyrosine (Y ) အဖြစ်ပြောင်းသွားတာပါ။ ဒါကြောင့် N501Y လို့လည်း ခေါ်ပါတယ်။ သူကအပေါ်(၁) မှာပြောထားတဲ့ VUI202012/01 နဲ့မတူပါ။

အပေါ်က(၁)မှာပြောထားတဲ့ B.1.1.7 ( ခေါ်) VUI202012 / 01 ထက် N501Y က ပိုပြီးကူးစက် မြန်သေးသတဲ့။ သူ့ထက်သူလက် စောင်းထက်သူတွေပေါ့။

အဲ့ဒီN501Y ( ခေါ်) 501.v2ဟာ တောင်အာဖရိကကနေ ယူကေနိုင်ငံကို ရောက်လာပြီး ယူကေနိုင်ငံထဲမှာ ကူးစက်ခံထားရသူ နှစ်ယောက်ရှိတယ်လို့ ယူကေကျန်းမာရေးဝန်ကြီး Matt Hancock က ပြောသွားပါတယ် ။ Sars-CoV-2 လို့ခေါ်တဲ့ ကိုဗစ်ဗိုင်းရပ်စ်က ဗီဇကွဲ စုစုပေါင်းဘယ်လောက်တောင် ရှိတာလဲ ?

ကိုဗစ်ဗိုင်းရပ်စ်ကို စတွေ့ကတည်းက ဗီဇကွဲ ၄၀၀၀ လောက်တွေ့ထားပြီးပါပြီ ။ အဲ့ဒီ Spike glycoprotein နေရာမှာပဲ အပြောင်းအလဲ နေရာကွဲ တာလေးတွေဖြစ်တာပါ။VUI202012/01 ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာတွေ့တဲ့ အုပ်စုမှာတင် ၂၃ မျိုး ဗီဇကွဲရှိပါတယ်။ ဘာ့ကြောင့် ဒီကောင်က အဲ့ဒီလောက်ဆင်တူရိုးမှား ဗီဇကွဲရပါသလဲ?

မြန်မာပြည်မှာတောင် ပါတီကြီးတစ်ခုတည်းကနေ ပါတီကွဲတွေ ဆင်တူရိုးမှားကွဲထွက်ပြီး မဲပေးတဲ့သူတွေတောင် မျက်စိမလည်အောင် တံဆိပ်တုံးထုတုန်းက အတော် သတိထားစစ်ရတာ။ သူလည်းပဲ အဲ့လောက်တော့ ဗီဇကွဲလေမပေါ့။ ကိုဗစ်ဗိုင်းရပ်က အလိမ်တစ်လိမ်ပဲပါတဲ့ RNA အမျိုးအစားပါ။ သူကလူ့ကိုယ်ခန္ဓာထဲဝင်ပြီးပုံတူမျိုးပွားပါတယ်။

ကျနော်တို့ မိတ္တူကူးစက်မတူရင် မိတ္တူတွေ နည်းနည်းကွဲတယ်မလား? အစက် အပျောက်လေးတွေ ပါတာမတူဘူး။ မူရင်းနဲ့တော့ အများစုတူတယ်။ အဲ့ဒီသဘောပါပဲ။ လက်ခံလူမတူပဲ မျိုးပွားချိန်မှာဗီဇကွဲတွေ ဖြစ်သွားတာပေါ့။ နည်းနည်းလေး ကွဲထွက်သွားတာ။

ဘယ်တုန်းကစပြီး အဲ့ဒီအကူးမြန်တဲ့ ဗီဇကွဲပေါ်တာလဲ ?

အရင်စောစောပိုင်း ကာလကတည်းက အကူးမြန်တဲ့ D614G ပေါ်ခဲ့တာကို သတိရကြမှာပါ။ သူကလည်း spike glycoprotein ရဲ့ 614 နေရာမှာ D ကနေ G အဖြစ် ပြောင်းခဲ့တာပါ။ အခုဗီဇကွဲ အသစ်တွေဟာ စက်တင်ဘာလလောက် ကတည်းက စပေါ်ပါတယ်။

ဗိုင်းရပ်စ်ကို Genome sequencing ဗီဇ အစဉ်အဆက် လိုက်ခြင်းဖြင့် အပြောင်းအလဲ ဗီဇကွဲခြင်းကို ထောက်လှမ်းသိရှိနိုင်ပါတယ်။ WHO ကသိသလား ? WHO ကသိပြီး လေ့လာနေပါတယ်။

အရင်ကတည်းက နိုင်ငံ့ကျန်းမာရေး အာဏာပိုင်အဖွဲ့တွေ ဘယ်လောက်သိသလဲဆိုတာ မသိရပါ။ ဒီဇင်ဘာလထဲမှာ ဒီဗီဇအပြောင်းဟာ အရေးပါမှန်းရှင်းရှင်းလင်းလင်း သိလာကြတာပါ။ အဲ့ဒီဗီဇအပြောင်းကို မြန်မာပြည်က စစ်နေတဲ့နည်းတွေနဲ့ သိနိုင်မလား ? PCR testing နည်းကတော့ assays ၃ မျိုးကို အခြေခံတော့ သေချာပေါက်တွေ့မှာပါ။

အခြား Rapid Test kit တွေနဲ့လည်း တွေ့ပါလိမ့်မယ်။ သုံးတဲ့ assays က ဗိုင်းရပ်စ်ရဲ့ spikeပရိုတိန်းကို ဘယ်လောက်သိနိုင်သလဲ အရေးကြီးပါတယ်။ အရေးကြီးတာက မနေ့က မြန်မာFDAကစာထုတ်သလို WHO ရဲ့ အသိအမှတ်ပြု Test kitကိုပဲ မြန်မာ FDA က အသိအမှတ်ပြုမယ်ဆိုတာက အခုTest ki သွင်းနေတဲ့သူတွေကို လက်ဝါးကြီးအုပ် လုပ်စားခွင့် ပေးလိုက်သလိုပါပဲ။ WHO ရဲ့ EUL listကိုပဲ မြန်မာ FDA က လက်ခံတာ ဘာကြောင့်လဲ ? WHO အပေါ်ရော မြန်မာပြည်သူ တွေက ဘယ်လောက်ယုံကြည်မှု ရှိနေလို့လဲ ?

အမေရိကန် FDA ကအသိအမှတ်ပြုထားတဲ့ test kits တွေ၊ EU အသိအမှတ်ပြု Test kits တွေ၊ စင်ကာပူ HSA အသိအမှတ်ပြု Test kits တွေကို ဘာလို့အသိအမှတ်မပြုတာလဲ ?

အမေရိကန် FDA တို့ စင်ကာပူ HSA တို့က မြန်မာ FDA လောက်စိတ်မချရလို့လား ? အခုလက်ဝါးကြီးအုပ်သွင်းနေတဲ့ rapid test kits တွေကရော ဘယ်လောက်မှန်နေလို့လဲ?ကျနော်အမှားထောက်ပြရမလား ? ပွင့်ပွင့်လင်းလင်း ကမ္ဘာ့အသိအမှတ်ပြု certificate ပြနိုင်ရင်ရမယ်ဆိုတာမျိုးလုပ်ကြပါ။ brand နှစ်ခုတည်း လုပ်စားခွင့်ရအောင်မဖန်တီးကြပါနဲ့။

အခုအချိန်မှာ လက်ဝါးကြီးအုပ် လုပ်စားခွင့်တွေ မဖန်တီးကြပါနဲ့။နိုင်ငံတကာ အသိအမှတ်ပြုကို ရဲရဲတင်းတင်း ပွင့်လင်းမြင်သာစွာလက်ခံကြပါ။ အင်္ဂလန်မှာ ကျောင်းတွေပြန်ဖွင့်ဖို့ ဇန်နဝါရီလထဲမှာ Rapid test kits တွေနဲ့ စစ်ပြီး rapid lareral flow test လုပ်တော့မှာပါ။

ယူကေနိုင်ငံလို ဗီဇကွဲစတွေ့တဲ့ နိုင်ငံမှာတောင် rapid test kits နဲ့ လုပ်ငန်းတွေ လည်ပတ်ဖို့ လုပ်နေကြတာပါ။နိုင်ငံတကာမှာရော WHO ရဲ့ EUL list ပဲလက်ခံမယ်လို့ လုပ်ထားတဲ့နိုင်ငံရှိသလား ?လုပ်ငန်းတွေလည်ပတ်ဖို့က မြန်မာပြည်မှာအရမ်းအရေးကြီးနေပါပြီ။ ရောမမြို့ကြီး မီးလောင်နေချိန်မှာစောင်းတီးနေတဲ့ အင်ပါယာဘုရင်ကြီး Neroကို ပြေးမြင်နေတယ် ။ ပြည်သူတွေ ဘယ်လောက် ထပ်အငတ်ခံရမှာလဲ ?

ကဲ … ဗီဇကွဲကိစ္စ ဆက်ပြောမယ်။ အခုဗီဇကွဲကြောင့် ဘာတွေသတိထားရမလဲ ? အသက်၁၅ နှစ်အောက် ကလေးတွေကို ကူးစက်မှု အနည်းငယ်တက်လာတယ်။ ဒါကြောင့် ပိုသတိထားရမယ် ။ အကူးစက်ပိုမြန်တယ် ဆိုရင် လူစုလူဝေးလုပ်တာ ပိုသတိထားရမယ်။ အကူးစက်မြန်လာရင် အိမ်ကသက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေ ထိခိုက်ဆုံးရှုံးမှု အရင်ကထက်ပိုများလာနိုင်ပါတယ် ။ လေကြောင်းအဝင်အထွက်ကို ပိုသတိထားရပါပြီ။ အခုပေါ်နေတဲ့ ကာကွယ်ဆေးက ဗီဇကွဲအသစ်ကို ထိရောက်မှုရှိမှာလား ?

အခုထိတော့ Oxford ကာကွယ်ဆေးရော mRNA ကာကွယ်ဆေးကရော ထိရောက်မှုရှိမှာ သေချာသလောက်ရှိပါတယ် ။ အကယ်၍တစ်ခုခုဆို mRNA က code အသစ် ပြန်ဖန်တီးရတာမြန်လို့ လေးပတ်အတွင်း ဗီဇကွဲအသစ်အတွက် ကာကွယ်ဆေးအသစ်ကို ဖန်တီးနိုင်ပါတယ်။ဒါက beauty of mRNA technology ပါ။

အရေးကြီးတာတစ်ခုကို နောက်ဆုံးအနေနဲ့ ထည့်ပြောပါမယ်။ ကျနော်တို့ကာကွယ်ဆေးထိုးပြီး herd immunity ယူဖို့ကိစ္စ ပိုခက်သွားပါမယ်။ ကိုဗစ်ဂရုကြီး Dr. Fauci က အခုအနေအထားနဲ့ အရင်လို နိုင်ငံလူဦးရေရဲ့ ၆၀ – ၇၀ ရာနှုန်းထိုးပြီး herd immunity ရဖို့မသေချာတော့ပါတဲ့။

နိုင်ငံလူဦးရေရဲ့ ၉၀ ရာနှုန်းနီးပါးအထိ ကာကွယ်ဆေးထိုးမှ herd immunity ရပြီး တစ်နိုင်ငံလုံး ကာကွယ်နိုင်ပါလိမ့်မယ်တဲ့။ သဘောကတော့ ဗီဇကွဲအသစ်က ပိုကူးစက်လွယ်တော့ လူများများကို ပိုကူးစက်လွယ်လို့ ကာကွယ်ဆေးကို လူများများမှာ ပိုထိုးရမယ့် သဘောပါ။ အားလုံး Merry Christmas ပါ။ လေးစားစွာဖြင့် Crd ; Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *