၈ လအကြာမှ ပြည်တွင်းကူးစက်မှု ပြန်ဖြစ်စေခဲ့တဲ့ လေယာဉ်မှူးကို အလုပ်ဖြုတ်ကာ ဒဏ်ငွေရိုက်လိုက်တဲ့ ထိုင်ဝမ်
|၈ လအကြာမှ ပြည်တွင်းကူးစက်မှု ပြန်ဖြစ်စေခဲ့တဲ့ လေယာဉ်မှူးကို အလုပ်ဖြုတ်ကာ ဒဏ်ငွေရိုက်လိုက်တဲ့ ထိုင်ဝမ်
ပြည်တွင်းကူးစက်မှုမရှိတာ ၈ လကျော်ခဲ့ပြီဖြစ်တဲ့ ထိုင်ဝမ်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းကူးစက်မှု တစ်ခုကို ပြန်လည်တွေ့ရှိ ခဲ့ရပြီဖြစ်ပါတယ်။ ကူးစက်မှု စတင်ခဲ့သူဟာ နယူးဇီလန်နိုင်ငံသား လေယာဉ်မှူး တစ်ဦးဖြစ်ပြီးတော့ သူ့ဆီကနေတဆင့် လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို ထပ်မံကူးစက် စေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီကူးစက်မှုဖြစ်ပွားအပြီးမှာ ထိုင်ဝမ်နိုင်ငံတကာ လေကြောင်းလိုင်းအဖြစ် ပျံသန်းနေတဲ့ EVA Air လေကြောင်းလိုင်းက နယူးဇီလန်သား လေယာဉ်မှူးကို အလုပ်ကနေ ထုတ်ပယ်ခဲ့တဲ့အထိ ပြင်းပြင်းထန်ထန် အရေးယူခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ဒေါ်လာ သုံးသိန်းအထိလည်း ဒဏ်တပ်ရိုက်ခဲ့ပြီး ထုတ်ပယ်ရခြင်းနဲ့ ဒဏ်ငွေရိုက်ရခြင်းမှာ ကူးစက်ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ဖြစ်တယ်လို့ လေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။
တရုတ်ပြည်မကြီးနဲ့ နီးကက်စွာတည်ရှိနေတဲ့ ကျွန်းနိုင်ငံလေးဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို အကောင်းဆုံး ဟန့်တားကာကွယ်နိုင်ခဲ့ပြီး နိုင်ငံတွင်းမှာ ထိန်းချုပ် ထားနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပြည်တွင်းမှာ ကူးစက်မှုက နည်းပါးခဲ့ကာ ပြည်တွင်းကူးစက်မှု မရှိခဲ့တာ ၂၅၃ ရက်အထိ ရှိခဲ့တဲ့အထိ နိုင်ငံတကာအလယ်မှာ လက်မထောင် နေနိုင်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က အမျိုးသမီးတစ်ဦးဆီမှာ ကူးစက်မှုတွေ့ရှိခဲ့ရပြီး အဆိုပါ အမျိုးသမီးဟာ နယူးဇီလန် လေယာဉ်မှူးနဲ့ ထိတွေ့မှု ရှိခဲ့တယ်လို့ စစ်ဆေးတွေ့ရှိ ခဲ့ရပါတယ်။ လေယာဉ်မှူးအနေနဲ့လည်း သူ့ရဲ့သွားလာခဲ့မှုတွေကို အမှန်အတိုင်း ဝန်ခံခြင်းမရှိခဲ့တာကြောင့်လည်း ဒဏ်ရိုက်ခံခဲ့ရပြီး ဒီလအတွင်းက ထမ်းဆောင်ခဲ့တဲ့ သူ့ရဲ့တာဝန်ချိန်အတွင်းမှာ နှာခေါင်းစည်းတပ်ဆင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
လေယာဉ်မှူးနဲ့ ထိတွေ့မှုရှိခဲ့တဲ့ အမျိုးသမီးမှာ ဗိုင်းရပ်စ်တွေ့ရှိ ခဲ့တာကြောင့် ထိုအမျိုးသမီးနဲ့ ထပ်မံထိတွေ့ခဲ့သူပေါင်း ၁၇၃ ဦးကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ၁၇၀ ဦးမှာ နဂ္ဂတစ် ရလဒ်ထွက်ပေါ်ခဲ့ပြီး ကျန် ၃ ဦးရဲ့ ရလဒ်ကိုတော့ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ ထိုင်ဝမ်မှာတော့ ကူးစက်မှုပေါင်း ၇၇၇ ဦးသာရှိခဲ့ပြီး ၇ ဦးသေဆုံးခဲ့ကာ ၁၃၀ ဦးကတော့ ဆေးရုံတွေမှာ ကုသမှု ခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။ Source ; therivernews