ဘော့စနီးယား တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုရခဲ့တဲ့ ၁ဝ နှစ်အရွယ် မသန်စွမ်းရေကူးချန်ပီယံ အစ္စမေးလ်
|ဘော့စနီးယား တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုရခဲ့တဲ့ ၁ဝ နှစ်အရွယ်မသန်စွမ်း ရေကူးချန်ပီယံ အစ္စမေးလ်
ဘော့စနီးယားနိုင်ငံက အသက်၁၀နှစ်အရွယ် သာရှိသေးတဲ့ အစ္စမေးလ်ဇူလ်ဖစ်ဆိုတဲ့ ကလေးငယ်ဟာ ဘော့စနီးယားနိုင်ငံရဲ့ တစ်နှစ်တာ အကောင်းဆုံးအား ကစား သမားဆုကို ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ အစ္စမေးလ်ကတော့ လက်နှစ်ဖက် မရှိသူတစ်ဦးဖြစ်ပေမယ့် ရေကူးချန်ပီယံအဖြစ် နိုင်ငံတွင်းမှာကျော်ကြားနခဲ့သူလည်း ဖြစ်ပါတယ်။
ဒီအကောင်းဆုံး အားကစားသမားဆုကိုတော့ ဘော့စနီးယား သတင်းစာ Nezavisne novine ကပေးအပ်ချီးမြှင့်နေတာလည်း ဖြစ်ပါတယ် ။ သူတို့ရဲ့ သတင်းစာကို ဖတ်ရှုနေတဲ့ ပရိသတ်တွေရဲ့ ဆန္ဒမဲပေးမှုနဲ့ ရွေးချယ် ပေးခဲ့တာဖြစ်ပြီး အစ္စမေးလ်ကမဲပေါင်းနှစ်သောင်းကျော် အထိရရှိကာ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
Zenica မှာ နေထိုင်တဲ့ အစ္စမေးလ်ဟာ ဆာရာယေဗိုမှာရှိတဲ့ ရေကူးကလပ်ကို သွားရောက်ပြီး လေ့ကျင့်ရလေ့ရှိပါတယ်။ ဒီအတွက် တစ်ပတ်ကို ၃ ရက်အထိ သူ့ရဲ့ဖခင်နဲ့အတူ ကီလို ၁၅၀အထိ ဝေးကွာတဲ့နေရာကို သွားနေခဲ့ရတာပါ။အဆိုပါရေကူးကလပ်မှာတော့ အခြားရေကူးသင်တန်းသား ၈၇ ဦးရှိပြီး အစ္စမေးလ်က အထင်ရှားဆုံးပါပဲ။
သူဟာဘော့စနီးယား ပြည်တွင်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်ပေါင်း ၄၀ကျော်အထိ ရရှိထားခဲ့ပြီး ခရိုအေးရှားမှာကျင်းပခဲ့တဲ့ ပက်လက်ကူး မီတာ ၅၀ ပြိုင်ပွဲမှာ ရွှေတံဆိပ် ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ ဘဲလ်ဂရိတ်အိုးပင်းပြိုင်ပွဲမှာလည်း ပက်လက်ကူးမှာ ရွှေတံဆိပ်နဲ့ စိတ်ကြိုက် ကူးပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုတွေကို ရရှိခဲ့ပါသေးတယ်။
လက်ရှိမှာတော့သူက အိုလံပစ်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပစ်မှတ်ထား နေပြီး ကြိုးစားလေ့ကျင့် နေပါတယ်။ သူဟာတချိန်ကတော့ ရေကိုတော်တော် လေး ကြောက်ရွံ့ခဲ့တယ်လို့ ဖခင်ဖြစ်သူက ဖွင့်ဟခဲ့ပြီး သူ့ရဲ့သင်ကြားပေးမှု၊ တိုက်တွန်းမှုတွေကြောင့် ရေကူးသမားတစ်ဦး ဖြစ်လာခဲ့တာပါ။
သူ့ရဲ့ မသန်စွမ်းမှုကြောင့်ရော ၊ အရည်အသွေး ပြည့်ဝမှုကြောင့်ပါ အချိန်တိုအတွင်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပြီးနောက် အစ္စမေးလ်ဟာ နိုင်ငံတွင်းမှာ ကျော်ကြားနေခဲ့ပြီး စူပါဟီးရိုးဇာတ်ကောင် Hulk နဲ့တောင်မှ ခိုင်းနှိုင်းခံနေရပြီလည်းဖြစ်ပါတယ်။ ခရက်ဒစ်