လူပေါင်း ၅၀၀ ကို ကိုဗစ်ပိုးဖြန့်ချီခဲ့တယ်လို့ ဝေဖန်ပြစ်တင် ခံနေရတဲ့ ဘောလုံးမင်းသားနေမာ
|လူပေါင်း ၅၀၀ ကို ကိုဗစ်ပိုးဖြန့်ချီခဲ့တယ်လို့ ဝေဖန်ပြစ်တင် ခံနေရတဲ့ ဘောလုံးမင်းသားနေမာ
ဘရာဇီးလ်ဘောလုံး အကျော်အမော်နေမာဟာ ကိုရိုနာဗိုင်းရပ်စ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ဘရာဇီးလ်မှာ လူပေါင်း ၅၀၀ အထိ ဖိတ်ကြားပြီး ကြီးမားတဲ့ ပါတီပွဲပြုလုပ်ခဲ့လို့ ဝေဖန်ပြစ်တင်မှုတွေကို ခံနေရပြီ ဖြစ်ပါတယ်။၅ ရက်ကြာမြင့်တဲ့ ပါတီပွဲပေးခဲ့ပြီး ခရစ္စမတ်ကာလကို ဖြတ်သန်းခဲ့တာဖြစ်ပြီး ရီယိုဒီဂျနေရိုးမြို့က သူ့ရဲ့နေအိမ်မှာ အကြီးအကျယ် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ဘရာဇီးလ် သတင်းဌာန O Globo က ဖော်ပြခဲ့တာဖြစ်ပြီး နေမာဟာ နေအိမ် မြေအောက်ခန်းမှာ ဆူညံသံတွေ မထွက်ပေါ်လာဖို့အတွက် အထူးပြင်ဆင်ထားခဲ့ပြီး တီးဝိုင်းအဖွဲ့ကိုလည်း ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။ ပါတီပွဲပြုလုပ်တဲ့သတင်း မပေါက်ကြားဖို့ အတွက်လည်း လာရောက်သူတွေကို မိုဘိုင်းဖုန်းတွေ ယူဆောင်မလာဖို့ နေမာကကြိုတင်တားမြစ်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ အမုန်းကဲနေခဲ့တာ ဖြစ်ပါတယ်။
ဖိတ်ကြားခဲ့တဲ့ ဧည့်သည်တွေထဲမှာ နေမာရဲ့ ညီမ၊ ဘရာဇီးလ်လူမှုကွန်ရက်လောကမှာ နာမည်ကျော်ကြားနေတဲ့ ကာမီလာလောရက်စ်တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ နေမာကိုယ်တိုင်လည်း သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ဘာတစ်ခုမှ ဖော်ပြတာမျိုး မပြုလုပ်ခဲ့ဘဲ ခရစ္စမတ်နေ့ကသာ သူ့ရဲ့မိသားစု ဝင်တွေနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီပါတီပွဲကြီး ပြုလုပ်ခဲ့တဲ့သတင်းက ပေါက်ကြားခဲ့တဲ့နောက်မှာ နေမာကို အပြင်းအထန် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။ ဘရာဇီးလ်မှာ ကိုဗစ် ကြောင့် သေဆုံးသူ တစ်သိန်း ကိုးသောင်းကျော် အထိရှိနေပြီး ကမ္ဘာပေါ်မှာ ကူးစက်ခံရမှုအများဆုံး တတိယနိုင်ငံအဖြစ် ရှိနေချိန်မှာ နေမာရဲ့လုပ်ရပ်က ဗိုင်းရပ်စ်ကို လက်ယက်ခေါ်သလိုဖြစ်ခဲ့ပြီး အခန့်မသင့်ခဲ့ပါက အကြီးအကျယ်ကူးစက်မှုတွေကိုပါ ဖြစ်ပွားစေနိုင်မှာဖြစ်ပါတယ်။
ပါတီပွဲကို လာရောက်ခဲ့သူတွေကို ကြိုတင်ဆေးစစ်မှုတွေ ပြုလုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာကလည်း သေချာမသိရသေးဘဲ လူ့အခွင့်အရေးသမားရှေ့နေတစ်ဦးဖြစ်တဲ့ သြဂတ်စတိုဒီအာရူဒါက ရူးမိုက်တဲ့လုပ်ရပ်လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ နေမာဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် အနားယူနေ ရတာဖြစ်ပြီး ဒီလုပ်ရပ်ကြောင့် အရေးယူ ခံရဖွယ်ရှိ၊ မရှိ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ crd ; therivernews