ပင်လယ်တခုကနေ သဲကန္တာရဖြစ်သွားခဲ့ရတဲ့ အေရယ်ပင်လယ်အကြောင်း သိကောင်းစရာ

ပင်လယ်တခုကနေ သဲကန္တာရဖြစ်သွားခဲ့ရတဲ့ အေရယ်ပင်လယ်အကြောင်း သိကောင်းစရာ

အေရယ်ပင်လယ်ဟာ အာရှတိုက်အလယ်ပိုင်း ကာဇက်စတန် နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံတွေရဲ့ အကြားမှာတည်ရှိတဲ့ ပင်လယ်( ရေကန်ကြီး) တခုဖြစ်ပါတယ်။ ကုန်းတွင်းပင်လယ် အမျိုးအစားဖြစ်ပြီး ကတ်စပီယန် ပင်လယ်ကလွဲရင် အာရှတိုက်မှာ အကြီးဆုံး ကုန်းတွင်းပင်လယ် ( ရေကန်ကြီး) ဖြစ်ပါတယ်။ တချိန်ကတော့ ကမ္ဘာ့ စတုတ္ထအကြီးဆုံး ကုန်းတွင်း ပင်လယ်ကြီးဖြစ်ခဲ့သော်လည်း ၁၉၉၆ ခုနှစ်အရောက်မှာတော့ စတုရန်းမိုင် ၁၁၀၀၀ ခန့်သာ ကျန်ရှိပါတော့တယ်။

တာခ်မင်နစ္စတန် နဲ့ ဥဇဘက်ကစ္စတန်တို့မှာ အေရယ်ပယ်လယ်ကို အဓိကစီးဝင်သော မြစ်လက်တက်တွေဖြစ်တဲ့ အမူး(ဒါးယား) မြစ် နဲ့ဆီးရဒါးယားမြစ် တွေကို ပိတ်ကာဆည်တွေဆောက်ခြင်း တူးမြောင်းဖောက်လုပ်ခြင်းတွေပြုလုပ်ခဲ့ရာကနေ အေရယ်ပင်လယ်မှာ ရေတွေနည်းလာခဲ့ရတာဖြစ်ပါတယ်။ ဒီတခါတော့ မိတ်ဆွေများအတွက် ဒီအေရယ်ပင်လယ်ရဲ့ စိတ်ဝင်စားစရာ အချက်အလက် အချို့ကို ဝေမျှလိုက်ပါတယ်။

အေရယ်ပင်လယ်ရဲ့ စိတ်ဝင်စားစရာအချက်များ

အေရယ်ပင်လယ်ဟာ လွန်ခဲ့သောနှစ်ပေါင်း ၅.၅ သန်းကတည်းက တည်ရှိနေခဲ့တာဖြစ်ပြီး အေဒီ ၂၀ ရာစုမှာတော့ လူသားတို့ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ အေရယ်ပင်လယ်ကို ဥဇဘက်စ္စတန်တို့က Orol Dengizi ဟုလည်းကောင်း ၊ ရုရှားတို့က Aral’skoye More ဟုလည်ကောင်း ၊ ကာဇက်တို့က Aral teńizi ဟုလည်ကောင်း အသီးသီးခေါ်ဆိုကြပါတယ်။ အေရယ် ဆိုတဲ့ အဓိပ္ပါယ်ကတော့ “ ကျွန်းများ၏ပင်လယ်” Sea of Islands လို့ အဓိပ္ပါယ်ရပါတယ်။ ပင်လယ်ထဲမှာရှိတဲ ကျွန်းကြီးကျွန်းငယ်ပေါင်း ၁၁၀၀ ကိုရည်ရွယ်ပြီး ဒီနာမည်ကိုပေးခဲ့ကြတာဖြစ်ပါတယ်။

ကတ်စပီယံပင်လယ် နဲ့ အေရယ်ပင်လယ်ဟာ မိုင် ၂၈၀ သာ ကွာဝေးပါတယ် ။ အေရယ်ပင်လယ်ထဲမှာ ကာဇက်စတန်နိုင်ငံရဲ့ တောင်ပိုင်း နဲ့ ဥဇဘက်ကစ္စတန်ရဲ့ မြောက်ပိုင်းဒေသတွေ ပါဝင်နေပါတယ်။ မြစ်ဝှမ်းအနေနဲ့ ကတော့ ကာဇက်စတန် ၊ ကာဂျစစ္စတန် ၊ တာဂျစ်စတန် ၊ တာ့ခ်မင်နစ္စတန် ၊ ဥဇဘက်ကစ္စတန် ၊ ရုရှား ၊ အာဖဂန်နစ္စတန် နဲ့ အီရံနိုင်ငံဒေသတွေ ပါဝင်နေပါတယ်။

၁၉၆၀ ခုနှစ်မတိုင်မီ အထိကတော့ ဒီပင်လယ်ဟာ ကမ္ဘာ့စတုတ္ထ အကြီးဆုံး ကုန်းတွင်းပင်လယ် (သို့) ရေကန်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ သူ့ရဲ့ အကျယ်အဝန်းဟာ အလျား ၂၆၆ မိုင် ၊ အနံ ၁၈၁ မိုင် စုစုပေါင်း ၂၆၃၀၀ စတုရန်းမိုင်အထိ ရှိခဲ့ဖူးပါတယ်။ မူလ တဆက်တည်းရှိရာကနေ လူသားတွေရဲ့ အသုံးချမှုများကြောင့် ၁၉၈၇ ခုနှစ်မှာတော့ တောင်နဲ့ မြောက်၂ပိုင်းကွဲသွားခဲ့ပြီး အကျယ်အဝန်းအနေနဲ့လည်း ၁၁၀၇၆ စတုရန်းမိုင်သာ ကျန်ရှိပါတော့တယ်။

ပျမ်းမျှ ရေအနက်အနေနဲ့ကတော့ တောင်ပိုင်းက ၄၉ပေ ခန့် ရှိပြီး မောက်ပိုင်းက ၂၉ပေခန့်ပဲ နက်ပါတယ်။ ၁၉၉၈ ခုနှစ်အထိ အနက်ဆုံးရေအနက်ဟာ ၃၃၅ပေ အထိရှိခဲ့ရာကနေ ၂၀၀၈ ခုနှစ်မှာတော့ ၁၃၁ပေခန့်ပဲ နက်ပါတော့တယ်။

ဆားငန်ရေဖြစ်ပေမယ့် ဆားပါဝင်မှုနှုန်းအလွန်နည်းပါးတာကြောင့် စတားဂျင်ငါးကဲ့သို့သော ရေချိုငါးမျိုးစိတ်တွေအပြင် အခြားငါးမျိုးစိတ်ပေါင်းများစွာ ကျက်စားနေထိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ တချိန်ကတော့ ဤဒေသရဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေအတွက် အချက်အခြာနေရာတခုဖြစ်ခဲ့ပါတယ်။

အေရယ်ပင်လယ် ခမ်းခြောက်လာခြင်းဟာ အဆိုးဆုံး သဘာဝပျက်စီးမှုတွေထဲမှာ ပါဝင်ပြီး အဲဒီဒေသမှာ အဓိကလုပ်ကိုင်နေတဲ့ ငါးဖမ်းလုပ်ငန်းကို ပျက်စီးစေပြီး ဒေသခံတွေရဲ့ စီးပွားရေးကို ကျဆင်းစေခဲ့ကာ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။

၁၉၆၀ ခုနှစ်မှာတော့ ဆိုဗီယက်အစိုးရဟာ အေရယ်ပင်လယ်ထဲ အဓိကစီးဝင်နေတဲ့ မြစ်နှစ်စင်းကို တူးမြောင်းများ ဖောက်လုပ်ခြင်း နှင့် ဆည်များတည်ဆောက်ခြင်းတွေပြုလုပ်ကာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဆိုဗီယက်အစိုးရဟာ တူးမြောင်းတွေ ဖောက်လုပ်ကာ ဝါဂွမ်းစိုက်ပျိုးရေးမှာ အသုံးချခြင်းအားဖြင့် ဝင်ငွေအမြောက်အများ ရရှိစေဖို့ ကြံဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာတော့ အေရယ်ပင်လယ်ဟာ တဖြည်းဖြည်း ရေနည်းလာပြီး ခမ်းခြောက်မှုတွေ ဖြစ်ခဲ့ရပါတယ်။

ပင်လယ်ကရေတွေကို လမ်းကြောင်းပြောင်းကာ မြောင်းတွေနဲ့ သွယ်တန်းကာ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေကို ပို့ဆောင်စေခဲ့ပေမယ့် လုပ်ငန်းခွင်တွေဆီမရောက်ခင်မှာပဲ ရေငွေ့ပျံမှု နဲ့ စိမ့်ဝင်မှုတွေကြောင့် ရေပမာဏများစွာ ဆုံးရှုံးပျောက်ကွယ်ခဲ့ရပါတယ်။

ရေနည်းပါးလာမှုနှင့်အတူ ကျွန်းများပေါ်လာခဲ့ပြီး ပင်လယ်ကြီးဟာလည်း၁၉၈၇ ခုနှစ်အရောက်မှာတော့ North Aral Sea နဲ့ South Aral Sea ဆိုပြီး နှစ်ပိုင်းကွဲသွားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်အရောက်မှာတော့၁၉၆၀ ခုနှစ်က အနေအထားနှင့်နှိုင်းယှဉ်လျင် အေရယ်ပင်လယ်ရဲ့ ဧရိယာ ၇၅%အထိ လျော့နည်းသွားသလို ရေပမာဏအားဖြင့်လည်း ၉၀% အထိ လျော့ကျသွားပါတော့တယ်။

ရေနည်းပါးလာသည်နှင့်အမျှ ဆားပါဝင်မှုနှုန်းက ပိုမိုများပြားလာတဲ့အပြင် ပြင်းထန်တဲ့သဲမုန်တိုင်း တိုက်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီအချက်တွေဟာ ပင်လယ်ကိုမှီတင်းနေထိုင်တဲ့ ဒေသခံများအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့ပြီး ၁၉၆၀ ခုနှစ်က စလို့ နှစ်ပေါင်းများစွာ တောက်လျှောက် ခံ စားလာခဲ့ရပါတယ်။

ဒါအပြင် အဆိပ်ဓာတ်ပါတဲ့ ဓာတုပစ္စည်းတွေ ၊ လက်နက်စမ်းသပ်မှုတွေ ၊ မြေသြဇာ နဲ့ ပိုးသတ်ဆေးများ မျောပါခြင်း စတာတွေကလည်း ဒီနေရာကို ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တဲ့ အချက်တွေဖြစ်ပါတယ်။ ရေထဲမှာနေထိုင်တဲ့သက်ရှိပေါင်းများစွာလည်း သေကြေပျက်စီးခဲ့ရပြီး ငါးမျိုးစိတ်များတွေ ငှက်မျိုးစိတ်လတွေလည်း ပျောက်ကွယ် သွားခဲ့ရပါတယ် ။

ဒေသခံတွေဟာ ကင်ဆာ၊ အစာခြေစနစ်ပျက်စီးမှု၊ အဆုတ်ရောဂါ၊ အသည်း၊ ကျောက်ကပ်နှင့် မျက်စိရောဂါများနှင့် ဆေးယဉ်ပါးသည့် တီဘီ စတဲ့ရောဂါပေါင်းမျိုးစုံကို ဖြစ်ကာ ဆိုးရွားတဲ့ ကျန်းမာရေးစနစ် ပျက်စီးခဲ့ရပါတယ်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသည့် အချိန်မှစကာ ဆယ်စုနှစ်များစွာအတွင်းရေကို အပြိုင်အဆိုင် ရယူသုံးစွဲမှု၊ ရာသီဥတုပြောင်းလဲမှု လျင်လျင်မြန်မြန်ဖြစ်ပေါ်လာခြင်းတို့ကြောင့် အေရယ်ပင်လယ်ရဲ့ အခြေအနေဟာ ဆိုးသထက်ဆိုးရွားသွားခဲ့ပါတယ်။ တချို့ဒေသတွေမှာ ဆိုရင် မူလက ရောအောက်မှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောတွေဟာ ကုန်းပေါ်တင်လာတဲ့အထိ ခမ်းခြောက်သွားပြီး သဲကန္တာရသဖွယ် ဖြစ်နေပါပြီ။

ဆိုဗီယက်ပြိုကွဲပြီးနောက်ပိုင်းမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်း က ဒီရေကန်ကြီးကို ပြန်လည်ထိန်းသိမ်းဖို့အတွက် အကူအညီတွေပေးခဲ့ပါတယ်။ မြစ်ဝှမ်းနိုင်ငံ ၅နိုင်ငံက ရေများကို ထိန်းချုပ်ရယူသုံးစွဲပြီး ကန်ကြီး၏ ရေမျက်နှာပြင် မြင့်တက်လာအောင် ဆောင်ရွက်ဖို့ သဘောတူခဲ့သော်လည်း တကတမ်းအလုပ်မဖြစ်ခဲ့ပါချေ။

၂၀၀၅ ခုနှစ်မှာတော့ အေရယ်ပင်လယ်ကို ထိန်းသိမ်းဖို့အတွက် ကာဇက်စ္စတန်မှာ ဆည်တခုကို တည်ဆောက်ခဲ့ပြီး ရေမျက်နှာပြင်ကိုမြင့်တက်ခြင်း ၊ ဆားပါဝင်မှုကိုလျော့စေခြင်း နဲ့ ပင်လယ်တွင်း ငါးများပြန်လည် ရှင်သန်နေထိုင်စေခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ရေကန်ကြီး အနီးမှာ ရေကာတာတွေတည် ဆောက်ပြီး ထိန်းချုပ်မှုတွေပြုလုပ်ခဲ့တာကြောင့် အေရယ်ပင်လယ်ရဲ့ ရေမျက်နှာပြင်ဟာ အနည်းငယ် ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အေရယ်ပင်လယ် ကြမ်းပြင်ရဲ့ ၁၇၀၀၀ စတုရန်းမိုင်ခန့်ဟာ သဲကန္တာရအဖြစ်ပြောင်းလဲသွားပြီဖြစ်ကာ ဒီလိုပြောင်းလဲခြင်းဟာ ဒေသတွင်း ဆိုးရွားသောရာသီဥတုပြောင်းလဲမှုကို ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်ရှိတဲ့ ရေပမာဏကလည်း မူလရှိရေပမဏာရဲ့ ၁၇% သာ ရှိပါတော့တယ်။

နိုင်ငံခြောက်နိုင်ငံ တရားဝင်သဘောတူညီချက်ရယူကာ အေရယ်ပင်လယ်ဒေသကို ရာသီဥတုပုံမှန်ပြန်ဖြစ်စေရန်နှင့် ရေကို စောင့်ကြည့်မှတ်သားစစ်ဆေးခြင်းစသည့် ဖြေရှင်းနည်းများဖြင့် ရေရှည်ဆက်လက်ထိန်းသိမ်းသွားဖို့ ပညာရှင်များက အကြံပြုထားကြပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ ဒီမြစ်ဝှမ်းဟာ အကြောင်းအမျိုးမျိုးအတွက် ရေလိုအပ်သည့် နိုင်ငံများနှင့် စက်မှုလုပ်ငန်းများအကြား ယှဉ်ပြိုင်နေဆဲ နေရာတခုဖြစ်နေတုန်းပါ။

ကာဂျစ်စတန် နဲ့ ဥဇဘက်ကစ္စတန်တို့ကတော့ ရာသီအလိုက်သာ ရေကိုသုံးစွဲဖို့ သဘောတူထားကြပါတယ်။ ကာဂျစ်စတန်က လျှပ်စစ်အတွက် ဆောင်းတွင်းမှာပဲ အသုံးပြုပြီး ဥဇဘက်ကစ္စတန်ကတော့ နွေရာသီမှာပဲ ရေသွင်းစိုက်ပျိုး ရေးပြုလုပ်ကာ စီမံခန့်ခွဲလျက်ရှိပါတယ်။ သဘာဝအရင်းအမြစ်များပြားခဲ့တဲ့ အေရယ်ပင်လယ်ကြီးဟာ လက်ရှိအချိန်မှာတော့ လူသားတို့ကြောင့် ခမ်းခြောက်လုဆဲ အနေအထားမှာ ခပ်ယဲ့ယဲ့သာ ကျန်ရှိနေပါတော့တယ်။ လေးစားစွာဖြင့် ခရက်ဒစ် ; Thutazone

Add a Comment

Your email address will not be published. Required fields are marked *