မိန့်စရာရှိလျှင်ဘုရင်နှင့်မိဖုရားကိုပါ ပြတ်သားစွာမိန့်ဆိုလေ့ရှိပြီး အမှားရှိလျှင်လည်းကိုရင်ငယ်လေးကိုပင် တောင်းပန်ဖို့ဝန်မလေးသည့် ရာဇဝင်ထဲကနာမည်ကျော် ဆရာတော်ဦးဗုဓ်အကြောင်း

မိန့်စရာရှိလျှင်ဘုရင်နှင့်မိဖုရားကိုပါ ပြတ်သားစွာမိန့်ဆိုလေ့ရှိပြီး အမှားရှိလျှင်လည်းကိုရင်ငယ်လေးကိုပင် တောင်းပန်ဖို့ဝန်မလေးသည့် ရာဇဝင်ထဲကနာမည်ကျော် ဆရာတော် ဦးဗုဓ်အကြောင်း

ဆရာတော် ဦးဗုဓ်သည် မြန်မာနိုင်ငံ ပရိယတ္တိ ပညာရေးသမိုင်းတွင် လယ်တီဆရာတော် အပါအ၀င် စာအတတ်ဆုံး ပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးမှ အ သိအမှတ်ပြုထားသော ဆရာတော်ဖြစ်သည် ။ ထို့ကြောင့်ဗုဓ်စ ၊ ဗုဓ်လယ် ၊ ဗုဓ်ဆုံး ဟူ၍ ဂုဏ်ပြု ပူဇော် ကြလေသည်။ အဓိပ္ပါယ်မှာ ဗုဓ်စ -သည် ဗုဒ္ဓဘုရား၊ ဗုဓ်လယ်-ကား အရှင်မဟာ ဗုဒ္ဓဃောသ ဖြစ်၍ ဘုရား ဟော ပါဠိတော်များ၏ အဖွင့်ဖြစ်သော အဋ္ဌကထာများအား ရေးသားခဲ့သည့် သီရိဓမ္မာသောကမင်းပေါ်ပြီး နောက်ပိုင်းမှာ ပေါ်ထွန်းခဲ့သော မထေရ်ဖြစ်သည်။

အဋ္ဌကထာဆိုသည်မှာ ဘုရားဟော ပါဠိတော်များကို ဥာဏ်နုသူများ လေ့လာကျက်မှတ်သည့် အခါ မရှင်းမလင်း ဖြစ်သဖြင့် ဋီကာ အနု ဋီကာ၊ မဓုဋီကာ ထပ်ဆင့် ဖွင့်ဆိုကာ သက်တော် (၅၅) နှစ်အတွင်း ကျမ်းစာ(၆၀) ကျော် အနက် နိဿယကျမ်း (၄၅) ကျမ်းတိတိ အဓိက ထားပြုစုကာ နောင်းခေတ် စာသင်သားများ မပင်မပန်း၊ ချမ်းချမ်း သာသာ သင်ယူနိုင်ရန် ရေးသားခဲ့သူမှာ ဗုဓ်ဆုံး – ဆရာတော် ဦးဗုဓ်ပင် ဖြစ်ပါသည်။

ဆရာတော် ဦးဗုဓ်အား မြန်မာပြည်၌ စာအတတ်ဆုံးဟု သတ်မှတ်ရခြင်းမှာဆ ရာတော်၏ နောက်ခံသမိုင်း တစ်ခုတည်းကို ကြည့်ပြီး ပြောကြသည်မဟုတ် ဆရာတော်ပြုစုခဲ့သော ကျမ်းစာများ၏ အတိမ် အနက်ကို ကြည့်ပြီး ဆုံးဖြတ်ခြင်း ဖြစ်ပါသည် ။ ဤမျှနှင့်မကပါ မြန်မာ့သမိုင်း တလျှောက်တွင် အထက်မြက်ဆုံး မိဖုရားကြီးဖြစ်သော နန်းမတော်မယ်နု၏ နောက်ဆုံးခန်းမှ “မိနုသူ့ ကြွေးရှိလျှင် ဆပ်ရမည် ” ဟူသောစကား တစ်ခွန်း သည် မယ်နု သေပွဲဝင်ရာ၌ စိုးစဉ်းမျှကြောက်ရွံ့ စိတ်မရှိအောင် အကြီးမားဆုံး စိတ်ခွန်အား ပေးနိုင်ခဲ့သည်။

ဆရာတော်ဦးဗုဓ်သည် ပညာဉာဏ်ကြီးမားသူ ပီပီ ပါဠိ စာပေ ကျမ်းကန်ဖတ်ခြင်း၊ ကျမ်းပြုခြင်း တို့ကိုသာ မွေ့လျော်ကာ ဆိတ်ဆိတ်နေရခြင်း ကိုနှစ်သက်သည်။ အရည်အပြုံးနည်းပြီး ဩဝါဒပေးရာတွင် ဖွဲ့နွဲ့မပြော သလို အပိုမဆ လာ အလုပ်တို့ကို လုံးဝမနှစ်သက်ဘဲ လွန်စွာစကားနည်းသူဖြစ်သည်။ စာပေအသိတရား မရှိသူဒုန်းဝေးသူဆိုလျှင် ဘုရင်ဖြစ်စေ လေကုန်ခံ မပြောဘဲဘု ပြောတတ်သဖြင့် လူတိုင်းမဆိုထားနှင့် ဘုရင်ပင် ဆရာတော်နှင့် စကားပြောရမည်ကို လန့်သည်။

ဆရာတော်သည် အကြောင်းကြီးငယ် ကိစ္စများ ပြသနာ ဖြေရှင်းရာတွင်လည်း ဗုဒ္ဓဆိုဆုံးမသော ကျမ်းဂန်ရှုထောင့်မှသာ မဏ္ဍိုင်ယူကာ ဆုံးဖြတ်ဖြေရှင်း သဖြင့် အမှားမရှိသလို လူလေးစားခံရသည်။ ဆရာတော် လက်ကိုင်ထားပြီး ကိုယ်တိုင်လည်း ကျင့်သုံးသော အယူဆတစ်ခုမှာ “ ဘယ်သူ ကဲ့ရဲ့ကဲ့ရဲ့ဘုရား မကဲ့ရဲ့အောင်နေ ” ဖြစ်သည် ။

ဆရာတော်ဦးဗုဓ်သည် အထက်ဗဒုံ (အလုံ) ကျေးလက် ညောင်ကန်ရွာသာ ခေါင်အရပ်နေ ယာပိုင်ရှင် ဦးအို၊ ဒေါ်မွှေး တို့က (၁၁၄၉) ခုနှစ် ၊ နယုန် လပြည့်ကျော် (၅) ရက် အင်္ဂါနေ့တွင် ဖွားမြင်ခဲ့သည်။ လငပုပ် ဖမ်းချိန်မှာ မွေးသဖြင့် မောင်ပုပ်ဟု မှည့်ခေါ်သော်လည်း လက်ဦးဆရာဆရာတော် ဦးသာပုံက ဗုဓသဒ္ဒါ ကိုထောက်ထားပြီး မောင်ဗုဓ် ဟုအမည် ပေးသည်။

ဆရာတော်ဦးဗုဓ် ပထမဘွဲ့တံဆိပ်တော်မှာ စက္ကိန္ဒာဘိ ဓဇမဟာမဟာဓမ္မရာဇဂုရုဖြစ်ပြီး ဒုတိယဘွဲတော်မှာ စက္ကိန္ဒာဘိ သီရိသဒ္ဓမ္မဓဇမဟာ ဓမ္မရာဇဂုရု ဖြစ်သည်။ ဘွဲ့တော် အမည်ထက် လူအမည်နင့်သာ ထင်ရှားသည်။ ထိုမှဆရာတော်ဦးပိုးထံ ပညာသင်ကြားခဲ့ပြန်သည်။ ဆရာတော် ဦးပိုးအား ဘကြီးတော်က အင်းဝနေပြည်တော်သို့ ပင့်ဆောင်ကိုးကွယ်ချိန် မဟာအောင်မြေဘုံစံ အုဋ်ကျောင်းကြီးတွင်ကျောင်းထိုင်ခဲ့ပြီး (၁) နှစ်ကြာတွင် ဆရာတော် ဦးပိုးပျံလွန်တော်မူသည်။

ထိုကျောင်း၏ဒကာမမှာ ဘကြီးတော်မင်းရဲ့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ဖြစ်သဖြင့် ကျောင်းထိုင်ရန် တော်ရုံပညာ စွမ်းနင့်မဖြစ်ချေ။ မည်သည့်ဆရာတော်က သာသင့်တော်မည် စူးစမ်းမေးမြန်းချိန်တွင် “မိုးကြီးချုပ်လို့ ဘုတ် ကြီးမည်၊ သာသနာ ဓါယမာ တစ်ဖန်ထုတ်ဖို့ရန်၊ ရွှေအုတ်မယ့်ဆံထုံး၊နားလှည့်ပါဦး” ဟူသော တဘောင်ပေါ်လာခဲ့သည်။

ဆရာတော်ဦးပိုးနေရာ ကျောင်းထိုင်သူသည် ဦးပိုးကဲ့သို့ စာပေကျမ်းဂန် တတ် မြောက်ရမည်ဖြစ်၍ သုဓ္ဓမာ ဇရပ် တွင် (၇) ရက်ပတ်လုံးအမေးခံပြီးမှ ကျောင်းနဲ့ သင့်လျော် မသင့်လျော် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ ဆရာတော်ဦးဗုဓ်ရဲ့ငယ်ဖော် ဦးဉာဏ်မှ ကျောင်းထိုင်ရန် ပြောသည်ကို ” ကိုဉာဏ်၊ မင်းဆရာလုပ်ရတာ စာကြည့် ပျက်တယ်။ ကိစ္စလည်းများတယ်။ မလုပ်လိုဘူး”လို့ ငြင်း ပါတယ်။ သို့သော် ပညာသင်ဆရာတော်ရင်း ဦးပိုးရဲ့ တပည့်အများနဲ့သီတင်းသုံးဖော်တွေ ကွဲပြားပျက်စီးမယ်၊ ငဲ့ညှာသီးခံပြီး နေပါ၊ ကိုယ့်စာကိုယ်ကြည့်ပြီး နေနိုင် ပါတယ်လို့ လျှောက်မှ လက်ခံခဲ့သည်။

ထိုအခါ သာသနာပိုင် သဲအင်းဆရာတော်ကြီးများသည် ဦးဗုဓ်အား ပိဋိကတ်တော်ထဲက အလွန်တရာခဲရာခဲဆစ် ဖြစ်သော အရာဌာန ဂဏိပဗ္ဗပြသနာတို့ကို တစ်ခုပြီး တစ်ခုမေးမြန်း တော်မူသောအခါ ဆရာတော်ဦးဗုဓ်က ဆန်း၊လင်္ကာ၊သဒ္ဒါ ၊ နေတ္တိနည်းတို့ဖြင့် ဆန်းပြားကျယ်ဝန်းစွာ ဒိုးဒိုး ဒေါက်ဒေါက်ဖြေဆိုပြီး (၅) ရက်မြောက် တွင် ဆရာတော်ကြီးများလည်း မေးစရာမရှိတော့တဲ့ အချိန်မှာ ” ကိုဉာဏ် ငါးရက်ပတ်လုံးမေးတာ မဖြေ နိုင်တာမရှိ၊ တပည့်တော်ကများ ပြန်မေးရရင် ဘယ်လိုနေကြလိမ့်မသိ “ဆိုသော် အကင်းပါးတဲ့ မူးကြီးမတ်ကြီးများက သဘင်ကို ရုပ်သိမ်းလိုက်လေသည်။

ဆရာတော်ဦးဗုဓ်ကို ရာဇဂုရုဘွဲ့တော် ဆက်ကပ်ပြီး ဘုရင်နဲ့ မိဖုရားသီလခံတော့ ဆရာတော်က နှုတ်ပိတ် နေသည်။ ဆရာတော် ဦးသူက “ကိုဗုဓ်တို့က လုပ်ကရော့မဗျ၊ အခုမှစခါရှိသေး၊ ဘာအလို မကျတယ် မသိဘူး၊ ဖွင့်ဟပြောမှပေါ့” လို့ဆိုပါတယ်။ ဦးဗုဓ်က ” ရှိခိုးတယ်ဆိုတာ ကျမ်းဂန်ကတော့ ပဉ္စပတိ ဋ္ဌိတ လို့ ဆိုတယ်”။ သီလခံသူ ဘုရင်မှာ ထိခြင်းငါးပါးနဲ့မညီဘဲ တံတောင်ဆစ်အောက်တွင် ကတ္တီပါခေါင်းအုံး ခံထား သဖြင့် အကင်းပါးသော မိဖု ရားမှ ခေါင်းအုံးကိုဆွဲဖယ် လိုက်မှ သီလပေးလေတော့သည်။

မိဖုရားကြီးနန်းမတော် မယ်နုကျင်းပသော ဘုံကထိန်ပွဲကြီး၌ ဦးဗုဓ်ကို တရား ဟောရန် တိုက်တွန်းရာ ဆရာတော်က ` ဟေတု ပစ္စယော´ဟူသော(၂၄) ပစ္စည်းဂါထာကို ရွတ်တော်မူကာ ဆိတ်ဆိတ်နေလျှင် ရှင်ဘုရင် ကလည်းရေစက်သွန်းချ အမျှဝေရလေတော့သည်။ ထိုအခါ လေးပြင်လေးရပ် ကြွလာတော်မူကြသော ဆရာတော်ကြီးများက`ဦးဗုဓ်ကိုစာတတ်သည်ဟု ကြည်ညိုလွန်းလှ ၍၊ ဧရာမကျောင်းတော်ကြီးကို လှူဒါန်း၍၊ ဧရာမ မိဖုရားကြီးက ဧရာမကထိန်ပွဲကြီး ကျင်းပရာ မှာတကတဲဗျာ ဟောလိုက်သည့်တရားက ` ဟေတု ပစ္စယောတဲ့ဗျာ´ ဟု ဝိုင်း၍ ပြစ်တင်စကားပြောကြ၏။

ဆရာတော် ဦးဗုဓ်၏အဖြေကား (ဧရာမ ကျောင်းတော်ကြီး မည်မျှ လှူဒါန်းပြီး ဧရာမ မိဖုရားကြီးက ဧရာမကထိန်ပွဲကြီး ကျင်းပရာမှာ ဧရာမ ပဋ္ဌာန်းတရားတော်ကြီး ဟောလိုက်တာ ဘယ်သူကဘာ ပြောချင်ကြသေးသလဲ )ဟူ၍ ဖြစ်ရာ မည်သူမျှ ပြန်လည် မချေပနိုင်ဘဲ ဆိတ်ဆိတ်နေကြရသည် ။

ဆရာတော်နှင့်သာသနာပိုင်

တစ်နေ့တွင် ဦးဗုဓ်က စာချနေဆဲ သာသနာပိုင်က သူ့ထံ ကြွလာရာ သံဃာငယ်တို့က သင်ဖြူးခင်းကြ၏။

ဦးဗုဓ်။ ။ဘာလုပ်ကြတာတုံး။

ကိုရင်။ ။သာသနာပိုင် လာလို့ နေရာခင်းပါတယ်။

ဦးဗုဓ် ။ ။သာသနာပိုင်က ကိုယ့်နေရာ ကိုယ်နေတာ မဟုတ်ဘူး။(ထိုအသံကြား၍ ဦးညေယျက ကျောင်းပေါ်မတက် တော့ဘဲ လှေကားမှ ပြန်ကြွသွား၏ ။ဦးဗုဓ်ကို သူ့ထံကြွ ရန် စာရေးပင့်လေသည်။)

ဦးဗုဓ် ။ ။ ဦးညေယျက ကျုပ်ကိုဘာကိစ္စ ခေါ်တာတုံးဗျ။

ယ် ။ ။ တခြားအကြောင်းထူး မရှိပါ။ တပည့်တော်မှာ လူငယ်ဖြစ်လျှက်သာသနာပြုရသောကြောင့် ချွတ်ချော် တိမ်းပါး အမှားများမြင်တွေ့လျှင် ဆိုဆုံးမတော် မူစေလိုပါတယ်။

ဦးဗုဓ် ။ ။ ကိုယ်စွမ်းလို့ကိုယ်ဖြစ်တာ ပြောစရာမလိုပါဘူး။

အုတ်ကျောင်းမှရဟန်းငယ်များ ဆေးလိပ်သောက်သည် ကို သာသနာပိုင်က ပိတ်ပင်ရာ ` ဆေးလိပ်သောက်တာ က သာသနာပိုင် ဘုရားတည် တာလောက် အပြစ်မကြီး ပါဘူး´ ဟုမိန့်ဆို၏ ဝိသုဒ္ဓိမဂ်၌ ရဟန်းတို့ အလှူပေးခြင်း ၊ ဘုရားတည်ခြင်း မှာ အပြစ်မလွတ်ဟု ဆိုလေသည်။

ဆရာတော်နှင့်မယ်တော်ကြီး

တစ်နေ့သောအခါ ဆရာတော်ဦးဗုဓ်၏ မယ်တော်ကြီး သည် မိမိနေအိမ် မီးလောင်သွားသောကြောင့် သားဦးဇင်းထံသို့ အားကိုးတကြီးနှင့် လာလေသည်။ထိုအချိန်မှာ ဆရာတော်ဦးဗုဓ်က မင်းကိုကွယ်တဲ့ ဆရာတော် ဖြစ်နေပါပြီ ။မယ် တော်ကြီးအတွက် နေစရာအိမ်တစ်လုံး တော့ကောင်းကောင်း ဖန်တီးပေ နိုင်စွမ်း ရှိပါတယ်။

ဘုရင်ကိုယ်တိုင်က အလွန်ကြည်ညိုတဲ့ ဆရာတော် ဖြစ်သည့်အတွက် အိမ်မီးထဲပါသွားသည် လို့ပြောလိုက်ရုံဖြင့် ကိစ္စပြီးနိုင်သည်။ မယ်တော်ကြီးလာတဲ့အခါမှာ ဘာမေးလဲဆိုတော့ ” ခု မယ်တော်ကြီး အိမ်မီးထဲပါသွား ပြီဘာတွေကျန်သေးလဲလို့ မေးပါတယ်။ ဒီအခါမှာ မယ်တော်ကြီးက အားကိုးတကြီးနဲ့ တပည့်တော်မမှာ ခုဝတ်ထားတဲ့အဝတ်နဲ့ပခုံးပေါ်က ဒီတဘက်တစ်ထည်ပဲ ကျန်ပါ တော့တယ်ဘုရား” လို့လျှောက် လိုက်သည်။

ဆရာတော် ဦးဗုဓ်က ” မယ်တော်ကြီး ရှေ့ကပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ခုလို ဒုက္ခတွေရောက် ရတာ ။ ဒါကြောင့် ကုသိုလ်ပြုပါ ” ဆိုပြီး ပုခုံးပေါ်က ရှိစုမဲ့စု တဘက်လေးကို အလှူခံလိုက်လေသည်။

ဆရာတော်နှင့်ကိုရင်လေး

ဆရာ​တော်​ ဦး​ဗုဓ်​ဆီကို စစ်​ကိုင်းက ကိုရင်​လေးတစ်​ပါးလာပါတယ် ​။ဘုရားရှိ ခိုးတယ်​။ သင့်​​လျော်တဲ့ေ​နရာမှာ ထိုင်​တယ်​။ ဆရာ​တော်​ဦး​ဗုဓ်​က လုံးဝ မကြည့်​ဘူး။ သူ့စာသူ ဖတ်​​နေတာ၊လုံးဝ ဂရုမပြုဘူး။ကြာလာ​ တော့ ကိုရင်​​လေးက ​ပြောတယ်​ ” မြတ်​စွာဘုရားကို သတိရလိုက်​တာ”….တဲ့။

ဆရာ​တော်​ဦး​ဗုဓ်​ နည်းနည်း တွန့်​သွားတယ် ​။ ဂရုမပြုလို့ မဖြစ်​​တော့ဘူး။မြ တ်​စွာဘုရားဆိုတဲ့ အသံကို ကြားလိုက်​တာကိုး ။ ကိုရင်​က ဆက်​​ပြောတယ်​။

“မြတ်​စွာဘုရားကို သတိရလိုက်တာ အာဝါသိကဝတ်​ကို မသိတဲ့​ကျောင်းတိုက်​ကို​ရောက်တဲ့အခါ အာဂန္တုတွေ အ​နေရခက်​တယ်​လို့ ​မိန့်တော်မူခဲ့တာ မှန်လိုက်တာ “တဲ့။

ဘုရား​ဒေသနာအတိုင်း ​ကျောင်း​နေရဟန်းဝတ်ပြောတာကို ဆရာ​တော်ဦး​​ဗုဓ်​ကြား​တော့ ပြာပြာသလဲ ” ထိုင်​ပါကိုရင် ထိုင်​ပါ ခုငါမေးပါတယ်​ကွာ ကိုရင့် ဘွဲ့ အမည်​က ဘယ်လိုခေါ်လဲ ဘာကိစ္စနဲ့ ကြွလာသလဲ​” ပေါ့ ဖြစ်​​ရော။

ကိုရင်​ကလျှောက်တယ် ” အရှင်​ဘုရားက ဝိနည်း,သုတ္တန်​,အဘိဓမ္မာ​တွေကိုအာဂုံရွတ်​ဆိုရင်​ နှစ်​သက်​တယ်​​ပြောလို့ စာလာပြန်တာပါဘုရား”လို့ ​လျှောက်တော့ ” ကြွပါကိုရင် ” ဆိုပြီး ချက်​ချင်းပဲ ​နေရာ​ထိုင်ခင်း ကိုယ်တိုင် ကျကျနန ခင်းပေးပြီး အဲဒီအခင်းပေါ်မှာ ကိုရင်ကို ထိုင်ခိုင်း ပါတယ်။

ကိုရင်​က ဓမ္မစကြာတရားကို ပြန်​ပါတယ်​။ တရားဆုံး​တော့ ဆရာ​တော်​ကြီးက ” သာဓု သာဓု သာဓု ” ဆိုပြီး သာဓုသုံးကြိမ်​ ခေါ်ဆိုပါတယ်​။ ပြီး​တော့ သင်္ကန်းတစ်​စုံ ကို ရိုရိုသေသေ ကပ်လှူပါတယ်​။ သင်္ကန်းလှူတာ သာမန်​ကိစ္စ ထား​တော့ ။သင်္ကန်းလှူပြီး ဆရာ​တော် ​​ဗုဓ်​​ပြောတဲ့စကားက နမူနာထားအတု ယူစရာ​ကောင်းတဲ့ ရာဇဝင်​တွင်​ကျန်​ရစ်​တဲ့ စကားဖြစ်​​စေခဲ့ပါတယ်​။

ရှင်​ဘုရင်​,အမတ်​ကြီး,မဟာဒါန်​ဝန်​တို့ အ​ပေါ်တင်းတင်းမာမာ ပြတ်​ပြတ်​​တောင်း​တောင်းပြောဆိုခဲ့တဲ့ ဆရာ​တော်​​က ကိုရင်​​လေး​အ​ပေါ် အနူးအညွှတ်​တောင်းပန်​ပြီး ပြောလိုက်​တဲ့စကားက “​ နောက်​များ ဝိနည်း​တော်​ နဲ့ မညီတာ များ​တွေ့ရင် ​တပည့်တော်ကို ဆုံးမပါဘုရား”တဲ့။

ဆရာတော်အား တိုင်းသူပြည်သားများက လေးစားလွန်းသဖြင့် သာသနာပိုင်တင်မြောက်ရန် ဆန္ဒရှိ၍ အမတ်တို့က ဘုရင်အားလျှောက်တင်ရာ ဘကြီးတော်မင်းက ” ကောင်းပါရဲ့ သူသာသနာပိုင်ဖြစ်တော့ ကိစ္စအရပ်ရပ် သူ့ကိုလျှောက်ထားရန် ဘယ်သူ တာဝန်ယူမလဲ။ ငါတော့ မလျှောက်ဝံ့ဘူး” ဟု ဘုရင်ကဆိုလေသည်။

ဆရာတော်ဦးဗုဓ်သည် ကျမ်းတစ်စောင်ပေ တစ်ဖွဲ့ပြုစုပြီဆိုလျှင် မပြီးမချင်း ရပ်နားလေ့မရှိ။ “ခုဒ္ဒကပါဠိတော်နိဿယကျမ်းကြီး” ကားဆရာတော် ဦးဗုဓ်၏ နောက်ဆုံးလက်ရာ ဖြစ်လေသည် ။ အဆိုပါ ကျမ်းကြီးကိုပြုစုစဉ် ဆရာတော်ဦးဗုဓ်၌ ဒူလာ ဝမ်းသက် ရောဂါ စွဲကပ်ခဲ့လေသည်။ မည်သည့်ဆေးဝါးနှင့်မျှ ပျောက်ကင်း သက်သာသည်မရှိခဲ့။ အခြေအနေမှာတစ်နေ့ထက်တစ်နေ့ဆိုးရွား လာခဲ့၏ ။ ကုဋီမှဆင်းရသည် မရှိလောက်အောင် ဖြစ်နေချိန်တွင် ပြုစုနေဆဲကျမ်းဂန် မပြီးဆုံးဘဲ ပျံလွန်တော် မူသွားမှာကို ဆရာတော် စိုးရိမ်နေခဲ့သည်။

သည့်အတွက် တပည့်ရဟန်းများအား ၎င်းကုဋီထိုင် သည့် မျက်နှာမူရာ ရှေ့ တွင် မီးသွေးများ သုတ်လိမ်း ပေးထားရန် မိန့်တော်မူခဲ့သည်။ဆရာတော်ဦးဗုဓ်သည် ကုဋီထိုင်ရင်း အဆိုပါကျမ်းကို မပြီးပြီးအောင် ရေးသား ပြုစု၏။ ဆရာ တော် ရေးသားထားသော စာကို ကူးကြ ရ၏။ ကူးပြီးနောက် မီးသွေးများဖြင့် ပြန်၍ လိမ်းကျံ ပေးထားရ၏။

ဤသို့ဖြင့် ခုဒ္ဒကပါဠိတော်နိဿယကျမ်းကြီးကို ပြီးမြောက်စေခဲ့သည် ။ ထိုကျမ်းကား ဂါထာစုဏ္ဏိယပေါင်းပုဒ်ရေ (၄၈) ပုဒ်ရှိပြီး သာသနာတော် အတွက် လွန်စွာမှ အကျိုးရှိသော ကျမ်းကြီးတစ်ဆူ ဖြစ်ခဲ့လေသည်။ ဆရာတော် ဦးဗုဓ် နောက်ဆုံးပြုစုခဲ့သော ကျမ်းကြီး ဖြစ်၍ ပြုစုခဲ့သမျှထဲတွင် အပင်ပန်းအဆင်းရဲ ခံရဆုံးသော ကျမ်းဖြစ်ခဲ့ပေသည်။

ဣရိယာပထမျှတမှု မရှိအောင် စာနှင့် စာမျက်နှာတော် မခွာစတမ်း စွဲစွဲလမ်းလမ်း ထိုင်နေ လျောင်းနေတော်မူ သည့်အတွက် ထိုမျှသာ နေထိုင် သွားရခြင်းဖြစ်၏။ ဆရာတော်ပြုစုခဲ့သော ကျမ်းအရေအတွက် (၆၁)ကျမ်း ဖြစ်ကြောင်း မှတ်သားရပါသည် ။ အမှန်တကယ် ဆရာတော် ရောဂါဖြစ်နေတဲ့ကြားက အနားမယူဘဲ ကျမ်းတစ်စောင်ပြီးအောင် ရေးခဲ့ရခြင်းမှာ သာသနာတော် တစ်ခုကြောင့်သာဖြစ်ပြီး မည်သည့် အောင်မြင်ကျော်ကြားမှုကိုမှ မမျှော်လင့်ဘဲ စေတနာ သဒ္ဓါတရားစစ်စစ်ဖြင့်သာ ရေးခဲ့ခြင်းဖြစ်လေသည်။ဆရာတော်ဘုရား၏ အုတ်ဂူအား မန္တလေးမြို့ ၈၂ လမ်း ၊အမှတ် (၁၃) ကျောင်းအနီး၊ မဟာအောင်မြေမြို့နယ် တွင်ဖူးမျှော်နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်နိုးဆော် လိုက်ပါသည်။ Ref  ; ကုန်းဘောင်ရှာပုံတော်  / ညောင်ကန်ဆရာတော်ဘုရားများ၏အတ္ထုပတ္တိ / မယ်နုအုတ်ကျောင်းဆရာတော် (အရှင်ပညာသာမိ)

Add a Comment

Your email address will not be published. Required fields are marked *