အိန္ဒိယတွင် ဇန်နဝါရီလ ၁၆ ရက်တွင် တနိုင်ငံလုံးအား ကာကွယ်ဆေးစတင် ထိုးနှံမည်

အိန္ဒိယတွင် ဇန်နဝါရီလ ၁၆ ရက်တွင် တနိုင်ငံလုံးအား ကာကွယ်ဆေးစတင် ထိုးနှံမည်

အိန္ဒိယမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကိုဇန်နဝါရီလ ၁၆ ရက်မှာ စတင် ထိုးနှံမယ်လို့ ကျန်းမာရေးနဲ့ မိသားစုဖူလှုံ ရေးဌာနက စနေနေ့မှာ ကြေညာခဲ့ပါတယ်။

လူဦးရေ သန်း ၁၃၅၀ ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံဟာ လူအများကို ကာကွယ်ဆေးထိုးနှံပေးတဲ့ အစီအစဉ်အတွက် အရှိန်မြင့် လုပ်ဆောင်ချင်နေပြီး ကျန်းမာ ရေးဝန်ထမ်းတွေ၊ အသက်ကြီးသူတွေနဲ့ ခုခံအား နည်းသူတွေ အပါဝင်လူ သန်း ၃၀၀ ကို သြဂုတ်လ မတိုင်မီ ဆေးထိုး ပေးနိုင်ဖို့ စီစဉ်နေပါတယ်။

ဒီအတွက် ကြိုတင် ပြင်ဆင်မှု တွေကိုလည်း လပေါင်းများစွာ ပြုလုပ်လာတာပါ။ စနေနေ့မှာတော့ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီ သဘာပတိပြုလုပ်တဲ့ အဆင့်မြင့် ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ ကာကွယ်ဆေး ထိုးရေးအစီစဉ်တွေကို ပြန်သုံးသပ်ခဲ့ပါတယ်။ စီမံချက်အရ ကျန်းမာရေး ဝန်ထမ်းနဲ့ ရှေ့တန်းမှာ အလုပ်လုပ်သူတွေပါဝင်တဲ့ လူပေါင်း သန်း ၃၀ ကို ပထမ အသုတ်အဖြစ် ဆေးထိုးပေးမှာ ဖြစ်ပါတယ်။

ဒုတိယ အသုတ်မှာတော့ အသက် ၅၀ အထက်နဲ့ သက်ကြီး ရွယ်အို၊ ဒါမှမဟုတ် ရောဂါ အခံရှိတဲ့ အသက် ၅၀ အောက်တွေ အပါဝင် လူပေါင်း သန်း ၂၇၀ ကို ထိုးပေးမှာဖြစ်ပါတယ်။

ဒီလို အစုအပြုံလိုက် ဆေးထိုးပေး နိုင်ဖို့အတွက် နိုင်ငံတဝန်းမှာ ကာကွယ်ဆေးထိုးရေးစင်တာ ၅ ထောင် နီးပါး ဖွင့်ထားပါတယ်။ အဲဒီအတွက် စီစဉ်ပေးသူ ဝန်ထမ်း ၆၀,၀၀၀ ကျော်၊ ကာကွယ်ဆေး ထိုးပေးမယ့်သူ ၂ သိန်း နဲ့ ကူညီပေးမယ့်သူ ၃ သိန်း ကျော်ကို သင်တန်းပေး ထားပြီး ဖြစ်ပါတယ်။

ထိုးပေးမယ့် ကာကွယ်ဆေး အမည်ကို တာဝန်ရှိသူတွေက ပြောမသွားပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းသတင်းတွေအရ AstraZeneca နဲ့ Bharat Biotech ဆေးနှစ်မျိုးကို အိန္ဒိယ ဆေးဝါး အာဏာပိုင်အဖွဲ့က အသုံးပြုခွင့်ပေးထားပါတယ်။

ပြီးခဲ့တဲ့ စနေ့က အိန္ဒိယမှာ တစ်ရက်တည်းနဲ့ ကိုဗစ်-၁၉ ကူးစက်လူနာ အသစ် နှစ်သောင်း နီးပါး (၁၈,၂၂၂) ရှိပြီး၊ သေဆုံးသူ ၂၂၈ ဦး ရှိခဲ့ပါတယ်။ အားလုံးပေါင်းဆိုရင် ကူးစက်သူဆယ်သန်းကျော် (၁၀,၂၈၀,၈၄၁) ရှိ ပြီး သေဆုံးသူက တသိန်းခွဲကျော် (၁၅၀,၉၉၉) ရှိသွားပြီလို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက မှတ်တမ်းမှာဖေါ်ပြထားပါတယ်။  Source ; CNN

Add a Comment

Your email address will not be published. Required fields are marked *