ဂျပန်မစ်ဆူဘီရှီ ကော်ပိုရေးရှင်မှ မှာယူထားသည့် ရထားတွဲများသည် အသစ်ကျပ်ချွတ်များဖြစ်၍ ရောက်ရှိသည်နှင့်ပြေးလမ်းပေါ် တန်းတင်နိုင်မည်ဟုသိရ

ဂျပန်မစ်ဆူဘီရှီ ကော်ပိုရေးရှင်မှ မှာယူထားသည့် ရထားတွဲများသည် အသစ်ကျပ်ချွတ်များဖြစ်၍ ရောက်ရှိသည်နှင့်ပြေးလမ်းပေါ် တန်းတင်နိုင်မည်ဟုသိရ

ဂျပန်မစ်ဆူဘီရှီ ကော်ပိုရေးရှင်းထံမှ ဝယ်ယူထားသော ရထားတွဲသစ်များသည် လက်ရှိအဆင့်မြှင့်တင်ထားသော လမ်းပိုင်း အတိုင်းအတာ အကွာအဝေးအတိုင်း ဝယ်ယူခြင်းဖြစ်၍ ပြန်လည်ပြုပြင် မွမ်းမံရန်မလိုဘဲ ချက်ချင်းအသုံးပြုပြေးဆွဲနိုင်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး လမ်းပိုင်းအပိုင်း(၁) ဖြစ်သည့် ရန်ကုန်- တောင်ငူ မီးရထားလမ်းပိုင်း အဆင့်မြှင့်မှု စီမံကိန်းကို ရန်ကုန်- ပဲခူး (CP -101) ၊ ပဲခူး – ညောင်လေးပင်(CP -102)၊ ညောင်လေးပင်- တောင်ငူ (CP-103) ကန် ထရိုက်တာ ၃ ဦးမှ တလမ်းပိတ်၊ တလမ်းပြင် အဆင့်မြှင့်တင်နေခြင်းဖြစ်သည်။ ယခုရက်ပိုင်းတွင် အဆင့်မြှင့်တင်ပြီးသောလမ်းပိုင်းများတွင် ရထားစမ်းသပ်မောင်နှင်ခဲ့ကြောင်း မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောသည်။

”အခုလမ်းပိုင်းမှာ ပြေးဆွဲလို့ရတဲ့ အမျိုးအစားတွေပဲ ဝယ်ထားတာ။ အခုဆိုရင် ဒီနေ့ရယ်၊ မနေ့ကရယ် လမ်းပိုင်း စဖွင့်နေပြီ။ အပိုင်းလိုက် စဖွင့်နေပြီ။အဆင့်မြှင့်တင်ပြီးတဲ့လမ်းပိုင်းကို ပြောင်းပြီးတော့ ဖွင့်ပေးလိုက်တာပေါ့။ တလမ်းကိုပြင်တယ်။ တလမ်းကို ဖွင့်ပေးလိုက်တယ်။ အခုဆိုရင် အရမ်းငြိမ်တယ်။ အဲဒီလမ်းတွေက ရက်ရက်စက်စက် ကောင်းတယ်။ 102 ရော၊103 ရော နှစ်ခု ဖွင့်လိုက်ပြီ”ဟု ဦးဘမြင့်ကပြောသည်။

ဂျပန်မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက မြန်မာ့မီးရထားနှင့် ဒေါ်လာ ၆၆၃ သန်းတန်ဖိုးရှိ ကန်ထရိုက်စာချုပ်နှစ်ခုကို ဒီဇင်ဘာ ၇ ရက်ကချုပ်ဆိုခဲ့သည်။ ယင်းသဘောတူညီချက်အရ ဂျပန်မစ်ဆူဘီရှီ ကော်ပိုရေးရှင်းသည် ရန်ကုန် မြို့ပတ်ရထားလမ်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းတို့တွင် ပြေးဆွဲအသုံးပြုရန်လျာထားသည့် ရထားတွဲအသစ် ၂၄၆ တွဲကို မြန်မာနိုင်ငံ သို့ ၂ဝ၂၃ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အတွင်း ဆက်တိုက်ပေးပို့သွားမည်ဖြစ်သည်။

အဆိုပါတွဲသစ်များသည် တပတ်ရစ်တွဲများကဲ့သို့ မြန်မာနိုင်ငံရှိလမ်းပိုင်းများနှင့်ကိုက်ညီစေရန် စက်ရုံများတွင် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်မလိုဘဲ ချက်ချင်းအသုံးပြု၍ရကြောင်း ဦးဘမြင့်က ဆက်ပြောသည်။

”ဂျပန်မှာသုံးတဲ့အဟောင်းတွေကို ပြန်သုံးလို့ရှိရင် gauge လို့ခေါ်တယ်။ အဲဒါ လေးတွေကိုပြန်ရွှေ့ရတာ။ အခု ကျွန်တော်တို့က Meter gauge တခါတည်းဝယ်ထားတော့ တခါတည်း တန်းသုံးရုံပဲ၊ ကွက်တိပဲ”ဟု ၎င်းကပြောသည်။

လက်ရှိရထားသံလမ်း ၂ ခုကြား အကျယ်ဝန်း (gauge) မှာ ၁ဝဝဝ မီလီ မီတာရှိပြီး ယင်းအတိုင်းအတာအတိုင်း ဝယ်ယူခြင်းဖြစ်ကြောင်း မြန်မာ့မီး ရထား အထွေထွေမန်နေဂျာ ( အောက်မြန်မာပြည်) ဦးအောင်သူလတ်က ပြောသည်။ မစ်ဆူဘီရှီကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံအတွက် ရထားတွဲသစ်များကို စပိန်နိုင်ငံ၏ အကြီးဆုံးရထားတွဲထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့်CAF ကုမ္ပဏီအား ဂျပန် ထုတ်စက်ပစ္စည်းကိရိယာအချို့ကို အသုံးပြု၍ ထုတ်လုပ်စေမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ Source ; News Watch

Add a Comment

Your email address will not be published. Required fields are marked *