ကာကွယ်ဆေး ဝယ်ယူရန်အတွက် CB Bank မှ ငွေကျပ် ၂ ဘီလီယံလှူဒါန်း
|ကာကွယ်ဆေး ဝယ်ယူရန်အတွက် CB Bank မှ ငွေကျပ် ၂ ဘီလီယံလှူဒါန်း
မြန်မာနိုင်ငံရှိ ပြည်သူ/ ပြည်သားများ Covid-19ကာကွယ်ဆေး အခမဲ့ထိုးနှံနိုင်ရေးအတွက် CB Bank မှ Covid-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (Covid-19 Vaccination Fund) သို့ ငွေကျပ် သိန်းပေါင်း နှစ်သောင်း ( ၂ ဘီလီယံ )အား မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်းအမှတ် OA 013733 သို့ ယနေ့ ပေးသွင်း လှူဒါန်းခဲ့ပါတယ်လို့ဆိုပါတယ်။
CB Bank မှ ပဲခူးတိုင်းအတွင်းရှိ Covid-19Positive လူနာများကို ကုသပေးရန်အတွက် ပဲခူးတက္ကသိုလ်အတွင်း ဖွင့်လှစ်ထားရှိသည့်လူနာ (၃၅၀) ဦးဆံ့ CB Center Covid-19 ယာယီကုသရေး ဆေးရုံ အဆောင် ( ၁ ) ၊ ( ၂ ) နှင့် သုံးထပ်ဆောင်တို့ကို ၂၀၂၀ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့မှ စတင်ဖွင့်လှစ်၍ လူနာများကို လက်ခံကုသပေးလျက်ရှိရာ ယနေ့ထိ လက်ခံကုသပေးခဲ့သည့် လူနာပေါင်း (၁၈၁၇ ) ဦး ရှိပြီဖြစ်ပါတယ်လို့ ဆိုပါတယ်။
CB Bank ဥက္ကဋ္ဌကြီးဦးခင်မောင်အေး၏ စီစဉ်လမ်းညွှန်မှုဖြင့်CB Bank မိသားစုများသည် Covid-19 ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးတို့ နှင့် ကာကွယ်ဆေး ဝယ်ယူရန် တို့အတွက် Covid-19 စတင်ဖြစ်ပွားချိန်မှယ နေ့အထိ CB Bank ၏ လှူဒါန်းမှု စုစုပေါင်းသည် ငွေကျပ် သိန်းပေါင်း သုံးသောင်း ရှစ်ထောင် (၃.၈ ဘီလီယံ) အား လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်လို့ဆိုပါတယ်။
ထို့အပြင် ကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံ ငွေ (COVID-19 Vaccination Fund)သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၀၀၀ ( ငွေကျပ် ၃ ဘီလီယံ) ကို ဇန်နဝါရီလ ၇ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်းသိရပါတယ်။
ကမ္ဘောဇဘဏ် အနေဖြင့် ယခု ကိုဗစ်-၁၉ ကာကွယ်ဆေး လှူဒါန်းမှုအပါအဝင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ကုသ၊ ထိန်းချုပ် ရေးအတွက် ဖေဖော်ဝါရီလ ၂၀၂၀ မှစတင်ကာယနေ့အထိ ငွေကျပ် ၁၄.၂ ဘီလီယံကျော် လှူဒါန်းထားပြီး ဖြစ်ကြောင်း သိရပါတယ်။
ဧရာဝတီ ဖောင်ဒေးရှင်းကလည်း ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ နိုင်ငံတော်သို့ ငွေကျပ် (၂) ဘီလီယံ လှူဒါန်း လိုက်ကြောင်း သိရပါတယ်။ လက်ရှိတွင် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးနှင့် ပတ်သတ်ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ၊ Serum Institute of India CO., Ltd နှင့် ဝယ်ယူရေး သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးမှာ လူတဦးလျှင် ၂ ကြိမ် ထိုးနှံရမည်ဖြစ်ပြီး လူဦးရေ ၁၅ သန်းအတွက် ဆေးအလုံးရေ သန်း ၃၀ ကို မှာယူထားခြင်းဖြစ်ကြောင်း သိရသည် ။ လူဦးရေ ၁၅ သန်းအတွက် အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကုန်ကျမည်ဖြစ်ပြီး ကျသင့်ငွေကို ၂ ကြိမ်ခွဲပြီး ပေးချေ ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကျသင့်ငွေ၏ ထက်ဝက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၅ သန်းကို လာမည့် ဇန်နဝါရီလ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ပေးချေသွားမည်ဟု ဦးဇော်ဌေးပြောသည်။ “ကျန်တဲ့ အမေရိကန်ဒေါ်လာ ၇၅ သန်းကိုတော့ ၁၀ သန်း မြန်မာနိုင်ငံကို ရောက်လာပြီးရင် ပထမဆုံးရုံးဖွင့်ရက် အဲဒီရက်မှာ ကျွန်တော်တို့ လွှဲရမှာ ဖြစ်တယ်“ဟု ၎င်းကဆိုသည်။
ကာကွယ်ဆေးများကို လာမည့်ဖေဖော်ဝါရီလအတွင်းရရှိရန် အစိုးရအနေဖြင့် မျှော်မှန်းထားပြီး ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ထမ်းများမှာ တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၁၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ ခရက်ဒစ်