တစ်ရွာလုံးသဲကန္တာရ ဝါးမျိုခံလိုက်ရသောရွာလေးကို အမှတ်တရ လာလည်နေကြသော ရွာသားများ
|တစ်ရွာလုံး သဲကန္တာရ ဝါးမျိုခံလိုက်ရသောရွာလေးကို အမှတ်တရလာလည်နေကြသော ရွာသားများ
အိုမန်ရှိ ဝါဒီအယ်လ်မူရ်ရွာ လေးသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က သဲမုန်တိုင်း တိုက်ခတ်ပြီးနောက် တစ်ရွာလုံး သဲကန္တာရ ဖုန်းလွှမ်းခြင်းကို ခံခဲ့ရသည်။ ဒေသခံ အကြီးအကဲ ဟောင်းများ၏ အဆိုအရ တစ်ရွာလုံးသဲဖုံးသွားသည့်အခါ ရွာခံများကို ရွေ့ပြောင်းခိုင်းခဲ့ကြောင်း သိရသည်။
ရွာမှ အိမ်များသည် သဲခုံအောက် ရောက်သွားသော်လည်း စကတည်းက ကျောက်တုံးနံရံများနှင့် ကျောက်သားများကို အဓိကထားတည်ဆောက်ထားခဲ့ဖြင့် ယခုအခါ ရာသီဥတုကြောင့် သဲကန္တာရများ ကျယ်ပြန့်ခြင်း၊ ရွေ့လျောခြင်းများ ဖြစ်လာသည့်အခါ အချို့အိမ်ခြေများ ပြန်လည် ပေါ်ထွက်လာခဲ့သဖြင့် ခရီးသွားများ၊ ဓာတ်ပုံဆရာများ သာမက ရွာသားဟောင်းများကပါ မွေးရပ်မြေကို အလွမ်းပြေ ပြန်လည်လာရောက် လည်ပတ်နေ ကြသည်။
သဲကန္တာရအောက် မြုပ်နေသည့်ရွာငယ်မှ တစ်စွန်းတစ ပေါ်နေသည့် အိမ်များထဲမှ ကြည့်ကာ မည်သူမည်ဝါ၏ အိမ်ဖြစ်သည်ကို ပြန်လည်ရှာဖွေ နေကြရင်းက ဘဝအမောကို ဖြေကြရှင်း ရှေဟောင်းနှောင်းဖြစ်များ စုဝေး ပြောဆိုနေကြသည်ကို ရွာပျက်အနီးတွင် မကြာခဏ မြင်တွေ့လာကြသည်။
ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် သဲကန္တာရ များသည် ပိုမိုကျယ်ပြန့်လာသဖြင့် အိုမန်မှ အချို့ရွာများလည်း သဲဖုံးမည့် အလား အလာနှင့် ရင်ဆိုင် နေရသည်။ ဝါဒီအယ်မူရ်ရွာသည် မြို့တော် မတ်စကတ်၏ အနောက် တောင်ဘက် ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) အကွာရှိ ချိုင့်ဝှမ်း အောက်ခြေတွင် တည်ရှိပြီး အဓိက လမ်းမကြီးများမှာလည်း သဲဖုံးနေသဖြင့် ရှည်လျားကြမ်းတမ်းသော လမ်းကြောင်းကြီး ဖြစ်နေရသည်။
ရွာသားဟောင်း တစ်ဦးဖြစ်သူ မိုဟာမက်အယ်လ်ဂန်ဘိုစီက သဲများဖုံးလွှမ်းပြီး နောက် ရွေ့လျားပြောင်းလဲနေသည့် သဲခုံအချို့တွင် နေအိမ်အချို့ကို ပြန်လည်ရှာဖွေတွေ့ ရှိခဲ့သည်ဟု ဆိုသည်။ “မကြာသေးခင်က ဒီရွာကို တောင်တက်ခရီးစဉ် တွေထဲမှာ ထည့်လာခဲ့ပြီး ဓာတ်ပုံအနုပညာ ဝါသနာရှင်တွေကိုလည်း ဆွဲဆောင်လာခဲ့တယ် ” ဟုဆိုသည်။ ရွာတွင် တစ်ချိန်က ဗလီတစ်လုံး အိမ်ခြေ ၃၀ ခန့် နှင့် ရွာသားပေါင်း ၁၅၀ ခန့် နေထိုင်ခဲ့သည်။
အိုမန်နိုင်ငံသည် ရေနံ တစ်ခုတည်အပေါ် အပေါ် မှီခိုနေရသည့် စီးပွားရေးမှ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းနေသည်။ နိုင်ငံ၏ ကြွယ်ဝသော အမွေအနှစ်များ၊ သာယာလှပသော ကမ်းရိုးတန်းများနှင့် ရင်သပ်ရှုမောဖွယ် လှပသော တောင်တန်းများကို အားကိုးကာ ခရီးသွားလုပ်ငန်းများ ချဲ့ထွင်ချိန်တွင် သဲဖုံးနေသည့် ရွာလေးကလည်း တစ်ထောင့်တစ်နေမှာ ပါဝင်တော့သည်။ crd