စကားဝှက်မေ့နေ၍ အမေရိကန်ဒေါ်လာ သန်း၃၀၀ကျော်ဖိုးရှိ ဘစ်ကွိုင်များဆုံးရှုံးရမည့်အရေးနှင့် ရင်ဆိုင်နေရတဲ့ ဂျာမန်ပရိုဂရမ်မာတစ်ဦးရဲ့အဖြစ်
|စကားဝှက်မေ့နေ၍ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုးရှိ ဘစ်ကွိုင်များ ဆုံးရှုံးရမည့်အရေးနှင့် ရင်ဆိုင်နေရတဲ့ ဂျာမန်ပရိုဂရမ်မာတစ်ဦးရဲ့အဖြစ်
အမေရိကန်နိုင်ငံ၊ ဆန်ဖရန်ဆစ္စကိုမြို့မှ စတီဖင်သောမတ်စ် အမည်ရ ဂျာမန် ကွန်ပြူတာ ပရိုဂရမ်မာတစ်ဦးသည် ၎င်း၏ ဘစ်ကွိုင်အကောင့်ကို ဖွင့်ရန် ကြိုးစားရင်း စကားဝှက်(passwords) မေ့နေ၍ ကန်ဒေါ်လာသန်း၃၀၀ ကျော် ဆုံးရှုံးရဖွယ်ရှိနေကြောင်း နယူးယော့ခ်တိုင်းမ် သတင်းအရ သိရသည်။
ဂျာမနီ ဇာတိဖွား သောမတ်စ်သည် ၇၀၀၂ ဘစ်ကွိုင်အားသိမ်းထားသည့် လုံခြုံရေးစကားဝှက်ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားသော်လည်း ၎င်းစာရွက် ပျောက်ဆုံးနေသောကြောင့် ဖြစ်နိုင်ဖွယ်ရှိသည့် စကားဝှက်များနှင့် အကောင့်ကို ဖွင့်ရန် ကြိုးစားရင်း ယခုအခါ ကြိုးစားခွင့် နှစ်ကြိမ်သာ ကျန်တော့သည်။
ဘစ်ကွိုင်ဈေးနှုန်းသည် သမိုင်းတလျှောက် စံချိန်တင် မြင့်တက်နေပြီး တစ်လအတွင်း ၉၂ ရာခိုင်နှုန်းနှင့် တစ်နှစ်အတွင်း ၃၄၀ ရာခိုင်နှုန်းအထိ မြင့်တက် နေရာ ၎င်းအနေနှင့် အင်တာနက် လုံခြုံရေး ကျွမ်းကျင်သူများ၏ အကူအညီကို ရရန် စဉ်းစားနေသည်။
” အိပ်ရာထဲလဲရင်း စဉ်းစားမိတိုင်း ကျွန်တော့် ကွန်ပြူတာဆီသွားပြီး ဘယ်လို နည်းဗျူဟာနဲ့ ဖွင့်လို့ရမလဲလို့ ကြိုးစားကြည့်ပေမယ့် အလုပ်မဖြစ်ဘူး”ဟုနယူးယောက်တိုင်းမ်နှင့် အင်တာဗျူးတွင် သောမတ်စ်က ရင်ဖွင့်ခဲ့သည်။
အဲလက်စ်စတမ်းမော့စ် အမည်ရ အင်တာနက် လုံခြုံရေးကျွမ်းကျင်သူ တစ်ဦးက ခြောက်လအတွင်း စကားဝှက်ကို ကျော်လွှားပြီး သောမတ်စ်၏ ဘစ်ကွိုင်အကောင့်အား ပြန်ဝင်နိုင်ရန် ကြိုးစားပေးမည်ဟု ဆိုထားပြီး အကျိုးဆောင်ခအဖြစ် သူ့အား ၁၀ ရာခိုင်နှုန်းပေးရန် တောင်းဆိုထားသည်။ ကိုးကား ; nytimes / crd ; စံတော်ချိန်