အင်ဒိုနီးရှားတွင် ငလျင်ဒဏ်ခံရသူများကို ရှာဖွေကယ်တင်နေစဉ် နောက်ဆက်တွဲ ငလျင်ထပ်လှုပ်
|အင်ဒိုနီးရှားတွင် ငလျင်ဒဏ်ခံရသူများကို ရှာဖွေကယ်တင်နေစဉ် နောက်ဆက်တွဲ ငလျင်ထပ်လှုပ်
ယနေ့အထိ ငလျင်ကြောင့် လူပေါင်း ၄၅ဦးသေဆုံး၊ ၁၉၀ကျော် ဒဏ်ရာရကာ လူပေါင်း ၁၅၀၀၀ သည် ယာယီခိုလှုံရာများတွင် ရောက်နေ
ယနေ့ နောက်ဆုံး သတင်းများအရ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီ ကျွန်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အပျက် အစီးများကြားမှ အသက်ရှင် လွတ်မြောက်သူများကို ရှာဖွေ နေစဉ် နောက်ဆက်တွဲ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည် ။ ငလျင်ကြောင့် လူပေါင်း ၄၅ ဦး သေဆုံးပြီး ၁၉၀ ကျော် ဒဏ်ရာရကာ လူပေါင်း ၁၅၀၀၀ သည် ယာယီ ခိုလှုံရာများတွင် ရောက်နေကြသည်။
အင်ဒိုနီးရှား၏ ဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီက အင်အား ပြင်းအား ၆.၂ ငလျင် လှုပ်ပြီးနောက် တစ်ရက်အကြာ ယနေ့တွင် အနောက် ဆူလာ ဝေစီရိုင်ရှိ မမ်မူဂျုနှင့် မာဂျင်းတွင် အင်အား ၅.၀ ရစ်ခ်ျတာစကေး အဆင့်ရှိသော နောက်ဆက်တွဲ ငလျင် ထပ်မံ လှုပ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှု သို့မဟုတ် ထိခိုက် ဒဏ်ရာရမှုများကို ထပ်မံ မတွေ့ရသေးဟု ပြောကြားခဲ့သည်။
သောကြာနေ့က ပထမ စလှုပ်ခဲ့သော ငလျင်သည် ၂၀၁၈ ခုနှစ်က လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့သော ငလျင်ကို ပြန်လည် အမှတ်ရစေမိသည့်အတွက် ကျွန်းတွင် နေထိုင်သူများအကြား ထိတ်လန့်နေကြသည်။
မမ်မူဂျုမှ ကယ်ဆယ်ရေးအေဂျင်စီမှ Arianto က“ နောက်ဆုံး အချက်အလက်တွေ အရ လူ ၄၅ ယောက် သေဆုံးခဲ့ပါတယ်။ သောကြာနေ့ ညနေပိုင်းမှာတင် သေဆုံးသူ ၄၂ ဦး ရှိခဲ့ပါတယ်။ ဒီနေ့ လူသုံးယောက် ထပ်တိုးတယ်”ဟုဆိုသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြေပြိုခြင်းတို့ကြောင့် ပင်လယ်ကမ်းခြေမြို့၏ အဓိက လမ်းမကြီးကို ပိတ်ဆို့ခံထားသည်။ မိုးလေ ဝသနှင့် ဇလဗေဒအေဂျင်စီမှ ဒေသခံများကို ပြင်းထန်သော ငလျင်လှုပ်ခတ်မှုတွင် ဆူနာမီရန်ကို ရှောင်ရှားရန် ကမ်းခြေများတွင် မနေထိုင်ကြရန် သတိပေးခဲ့သည်။
မြို့၏ လေဆိပ်လည်း ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က ဆေးကုသမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများကို အခင်းဖြစ်ပွားနေရာသို့ အလျင်အမြန် ပို့ဆောင်နေသည်ဟု ဆိုသည်။
၂၀၀၄၊ ဒီဇင်ဘာ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆူမာထရာ ကမ်းရိုးတန်းတွင် ၉.၁ ပြင်းအားရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီလှိုင်းပါ ရိုက်ခတ်ခဲ့သည့် အတွက် အင်ဒိုနီးရှား၌ လူ ၁၇၀,၀၀၀ ခန့် အပါအဝင် ဒေသတစ်ခွင်လုံး၌ စုစုပေါင်း ၂၂၀,၀၀၀ ခန့်သေဆုံးခဲ့သည်။ crd ; ကျော်မွန်ဦး / Ref; AFP