နှစ်ပေါင်း ၂ ထောင်ကျော် သက်တမ်းရှိ ကမ္ဘာ့အရှည်ဆုံး တူးမြောင်းကြီး

နှစ်ပေါင်း ၂ ထောင်ကျော် သက်တမ်းရှိ ကမ္ဘာ့အရှည်ဆုံး တူးမြောင်းကြီး

တူးမြောင်းလို့ ဆိုလိုက်ရင် ပနားမားတူးမြောင်း နဲ့ ဆူးအက်တူးမြောင်း စတာ တွေကို ကြားဖူးသိဖူးကြမှာပါ။ အဲဒီတူးမြောင်းတွေဟာ မိုင် ၅၀နဲ့ မိုင် ၁၂၀ အသီးသီး ရှည်လျားကြပါတယ်။ စီးပွားရေးအရ သယ်ယူပို့ဆောင်ရေးမှာ အဓိ က အရေးပါခဲ့တာကြောင့် သူတို့ရဲ့ နာမည်တွေဟာ ကျော်ကြားရခြင်း ဖြစ်ပါတယ်။ နာမည်ကြီးပေမယ့် ဒီတူးမြောင်း ၂ခုလုံးဟာ ကမ္ဘာ့အရှည်ဆုံး တူးမြောင်း ၁၀ ခု စာရင်းမှာ မပါဝင်ပါဘူး။

ကမ္ဘာ့အရှည်ဆုံး တူးမြောင်းကတော့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ စပြီး ဟန်ကျိုးမြို့မှာ ဆုံးတဲ့ Grand တူးမြောင်းဖြစ်ပါတယ်။ တရုတ် လူမျိုးတွေကတော့ Jing–Hang Grand Canal လို့ခေါ်ကြပါတယ်။ မြစ်ဝါမြစ် နဲ့ ယန်ဇီမြစ် တို့အပြင် Hai , Huai နဲ့ Qiantang မြစ်တို့ကိုဆက်စပ်ပေးထားတဲ့ တူးမြောင်းလည်းဖြစ်ပါတယ်။ အရှည်ကတော့ မိုင်ပေါင်း ၁၁၀၄မိုင် တောင် ရှည်ပါတယ်။

ကမ္ဘာ့အရှည်ဆုံး တူးမြောင်းဖြစ်သလို ရှေးအကျဆုံး တူးမြောင်းဆိုရင်လည်းမ မှားပါဘူး။ ဘာလို့လဲဆိုတော့ ဒီတူးမြောင်းရဲ့ တပိုင်းတစဟာ ဘီစီ ၅ ရာစု ဝန်းကျင်လောက်ကတည်းက တူးဖော်ပြီးဖြစ်လို့ပါ။ တည်ဆောက် ခိုင်းစေခဲ့သူကတော့ ဝူနယ်မြေရဲ့ အရှင်သခင် ဘုရင် Fuchai ဖြစ်ပါတယ်။

ဒါပေမယ့် ရှိပြီးသားတူးမြောင်းငယ်တွေကို ဆက်စပ်ပြီး တဆက်တည်းတူးမြောင်းကြီးဖြစ်ဖို့ တူးဖော်ခဲ့တာတော့ Sui မင်းဆက် ဘုရင် Yang ရဲ့ လက်ထက် အေဒီ ၆ ရာစု နဲ့ ၇ ရာစုကြား ကာလမှာ ဖြစ်ပါတယ်။ ဘုရင် Yang ဟာ ကောက်ပဲသီးနှံ ပေါကြွယ်ဝတဲ့ တရုတ်တောင်ပိုင်း နယ်တွေဆီက အသီးအနှံတွေကို မြို့တော်ဘေဂျင်းကို အမြန်ဆုံး ပို့ဆောင်နိုင်စေဖို့အတွက် ဒီလမ်းကြောင်းကို ဖောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်ပွဲတွေဖြစ်တဲ့အခါမျိုးမှာ တပ်ကူတွေကိုလည်း ဒီရေလမ်းကြောင်းကတဆင့် အလျှင်အမြန်ပို့လွှတ်နိုင်စေဖို့လည်း ရည်ရွယ်ခဲ့ပါတယ်။

ဒီတူးမြောင်း ဖောက်လုပ်မှုကြောင့် ဘုရင် Yang ဟာလည်း နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။ အကြောင်းကတော့ ဒီတူးမြောင်းကို ဖောက်လုပ်ရာမှာ သန်းနဲ့ ချီနဲ့ အလုပ်သမားတွေကိုသုံးပြီး ၆ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပြင် လယ်သမား သန်းပေါင်းများစွာကိုလည်း ဒီဖောက်လုပ်ရေးမှာ အတင်းအကြပ်ခိုင်းစေခဲ့လို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းခွင်မှာပဲ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပါတယ်။ တူးမြောင်းဖောက်လုပ်မှုကတော့ အေဒီ ၆၀၉ မှာ ပြီးစီးခဲ့ပါတယ်။

အေဒီ ၁၃ ရာစု နဲ့ ၁၇ ရာစုကြား တရုတ်မင်းဆက်တွေဟာလည်း ဒီတူးမြောင်းကို အဆင့်ဆင့် ထိမ်းသိမ်းစောင့်ရှောက် ခဲ့ကြပါတယ်။ မိုင် ၁ထောင်ကျော်ရှည်လျားတဲ့ ဒီတူးမြောင်းရဲ့ အမြင့်ဆုံးနေရာကတော့ ရှန်ဒိုပြည်နယ်မှာဖြစ်ပြီး အဲဒီနေရာမှာတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၈ပေ မြင့်ပါတယ်။ အကျယ်ကတော့ ပေ ၁၀၀ ကနေ ၂၀၀ အထိရှိပြီး အနက်ဆုံးနေရာတွေမှာ ၁၅ ပေ အထိ နက်ပါတယ်။

ဒီလိုရေအမြင့် မတူညီပေမယ့် ဒီတူးမြောင်းအတွင်းမှာ သွားလာတဲ့ သင်္ဘောတွေအတွက် ဒုက္ခတော့ မဖြစ်ခဲ့ပါဘူး။ အကြောင်းကတော့ သင်္ဘောတွေ သွားလို့ ရအောင် ရေပြင် အနိမ့်အမြင့်ကို ညှိပေးတဲ့ pound lock တွေကို ၁၀ ရာစုမှာကတည်းက တရုတ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Qiao Weiyue က တီထွင်ခဲ့ပြီး ဖြစ်လို့ပါ။

ဒီတူးမြောင်းဟာ တရုတ်နိုင်ငံရဲ့ သမိုင်းတလျှောက်မှာ အလွန်အရေးပါ ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ဘုန်းတော်ကြီး Ennin (794–864), ပါရှန်းသမိုင်းပညာရှင် Rashid al-Din (1247–1318),ကိုရီးယားလူမျိုး အရာရှိ Choe Bu (1454–1504) နဲ့ အီတလီသာသနာပြုခေါင်းဆောင် Matteo Ricci (1552–1610) တို့က ဒီတူးမြောင်းအကြောင်းကို ရေးသားခဲ့ကြဖူးပါတယ်။

တချိန်ကတဆက်တည်းရှိခဲ့တဲ့ ဒီတူးမြောင်းဟာ ယနေ့မှာတော့ တဆက်တည်းမရှိတော့ပဲ အပိုင်း ၇ ခု ကွဲသွားခဲ့ပါပြီ။ အဲဒါတွေကတော့ Jiangnan တူးမြောင်း ၊ Li တူးမြောင်း, Zhong တူးမြောင်း, Lu တူးမြောင်း, တောင်ပိုင်း တူးမြောင်း, မြောက်ပိုင်းတူးမြောင်း နဲ့ Tonghui မြစ် ဆိုပြီးဖြစ်ပါတယ်။ ကွဲသွားတဲ့အပိုင်းတွေမှာ သင်္ဘောများ သွားလာခြင်း သယ်ယူပို့ဆောင်ခြင်းကို ယနေ့တိုင် လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂ထောင်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီ Grand တူးမြောင်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု အဖြစ် ၂၀၀၄ခုနှစ်မှာ ထည့်သွင်းသတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ crd ; သုတဇုန်

Add a Comment

Your email address will not be published. Required fields are marked *