ရွှေဘိုမြို့မီးကြီးလောင်မည်ကို ကြိုမြင်တော်မူခဲ့သော ဆရာတော်ကြီး

ရွှေဘိုမြို့ မီးကြီးလောင်မည်ကို ကြိုမြင်တော်မူခဲ့သော ဆရာတော်ကြီး

ဝေဘူဆရာတော်ဘုရားကြီးသည် ရွှေဘိုမြို့  မီးကြီးလောင်မည်ကို ကြိုတင်၍ မြင်တော်မူလေသည်။ သိမြင်တော် မူသည့်အတိုင်း မြို့သူမြို့သားတို့အား ရေတွင်းရေကန်များကို အပူတပြင်း တူးဖော် စေလေသည်။ သို့သော် ရေတွင်းရေကန်များမှာ ကျန်တစ်ဝက်မျှသာ တူးဖော်ပြီးစီး၍ ကျန်တစ်ဝက်မှာ ပြီးစီးအောင် မတူးဖော် နိုင်ခဲ့ပေ။

၁၃၁၂ – ခု၊ နှစ်ဆန်းတစ်ရက်နေ့ (၁၉၅၁- ခု၊ ဧပြီလ ၁၇ ရက်) နေ့ တွင် ရွှေဘိုမြို့တွင် မီးအကြီးအကျယ် လောင်လေသည်။ ထိုအခါကျမှ ရေတွင်းရေကန် တူးဖော်စေမှုကို မြို့သူမြို့သားများ သိရှိရလေတော့၏။ ထိုလောင်ကျွမ်းသောမီးကြီးတွင် ရေတွင်းရေကန် တူးဖော်ထားသော မြို့တစ်ခြမ်းမှာ သက်သာရာရရှိ၍, ကျန်တစ်ခြမ်းမှာ မီးဘေးသင့်ခြင်းကို အကြီးအကျယ် ခံစားခဲ့ကြရလေသည်။

ထိုအကြောင်းနှင့်ပတ်သက်၍ ဆရာတော်ဘုရားကြီးက “သတ္တဝါတွေဟာ ကယ်တိုင်းမရဘူးဗျ၊ သူတို့ကိုယ်တိုင် ကံကောင်းအောင် မထူနိုင်ကြတော့ တစ်ဝက်လောက်ပဲ ကူပေးလို့ ရတယ်” ဟု မိန့်တော်မူသည်။ ထိုစဉ်က မီးလောင်ထားသော ဒဏ်ရာဒဏ်ချက်ကြောင့် မြို့သူမြို့သားများမှာ လွန်စွာဒုက္ခရောက်ကြရလေသည်။ သင့်လျော်သော သစ်ပင်အောက်တွင် လည်းကောင်း၊ အချို့တဲကလေးများ ထိုး၍လည်းကောင်း၊ ဆင်းရဲပင်ပန်းစွာ နေထိုင်ကြရလေ၏။

ထိုအချိန်တွင် ဝေဘူဆရာတော်ဘုရားကြီးက မိမိ၏ တူအရင်းလည်းဖြစ်၍ မိမိ ၏ ကိစ္စမှန်သမျှ ဝေယျာဝစ္စ လုပ်ကိုင်ပေးနေသော အတွင်းရေးမှူး ဦးပဉ္စင်းကို “မိမိတို့ ရဟန်းသံဃာများ မြို့တွင်းသို့ ဆွမ်းခံကြွတော်မူမည်” ဟု မိန့်တော်မူလေရာ, ထိုအခါ တူဦးပဉ္စင်းက

“ ဆရာတော်ဘုရား … လူတွေမှာ မီးလောင်ခံထားရသဖြင့် စားစရာမရှိ၊ နေစရာမရှိ၊ သစ်ပင်များအောက်တွင် ဖြစ်သလို နေထိုင်ကြရပါတယ်ဘုရား၊ဤသို့ ဆင်းရဲဒုက္ခ ရောက်ရသည့်အထဲ ဆရာတော်ဘုရားက ဆွမ်းခံကြွတော်မူမည်ဆိုလျှင် အလွန်အားနာစရာ ကောင်းပါသည်ဘုရား၊ ကြွတော်မမူပါနှင့်  ဘုရား” ဟု လျှောက်ထားလေသည်။ (ဦးပဉ္စင်း၏ အမြင်သည် လောကီအမြင်ဖြစ်သည်။)ထိုအခါ ဝေဘူဆရာတော်ဘုရားကြီးက ဤသို့ ပြန်မိန့်တော်မူလေသည်။

“ သင်ပြောတာလည်း မှန်ပါသည်။  သို့သော်ငါသည် ဆွမ်းအလိုရှိ၍ ဆွမ်းခံခြင်း မဟုတ်ပါ။ ငါနှင့်တကွ ရဟန်းသံဃာတော်များ မြို့ထဲသို့ ကြွလာသောအခါ မီးလောင်ခံရသော ဒုက္ခသည်များသည် ဘာတစ်ခုမှ လှူဒါန်းစရာ မရှိသော်လည်း သံဃာတော်များကို ရှိခိုးကြမည်၊ ဖူးမျှော်ကြမည်။

ဤကဲ့သို့သော ကုသိုလ် အကျိုးတရားများကြောင့် သူတို့မီးလောင်၍ ခံစားနေကြရသော ဆင်းရဲဒုက္ခအပေါင်းတို့ အမြန်ဆုံးလွတ်ကင်း၍ ချမ်းသာသုခ ရကြ လိမ့်မည် ၊ လောကီရော၊ လောကုတ္တရာအတွက်ပါ အကျိုးပေးလိမ့်မည်။ဤသို့ ရည်စူး၍ ငါဆွမ်းခံကြွတော်မူခြင်း ဖြစ်သည်”ဟု မိန့်တော်မူလေသည်။ ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး Crd ; Ashin Zutimanta

Add a Comment

Your email address will not be published. Required fields are marked *