စအိုတွင်းမှ နမူနာရယူခြင်းက ကိုဗစ်စစ်ဆေးရာတွင် ပိုမိုတိကျမှန်ကန်ကြောင်း တရုတ်ရောဂါပိုးမွှား ပညာရှင်တစ်ဦးမှပြောကြား

စအိုတွင်းမှ နမူနာရယူခြင်းက ကိုဗစ်စစ်ဆေးရာတွင် ပိုမိုတိကျမှန်ကန်ကြောင်း တရုတ်ရောဂါပိုးမွှား ပညာရှင်တစ်ဦးမှပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့တွင်း နေထိုင်သူများထဲမှ တစ်သန်းကျော်ကို ကိုဗစ်- ၁၉ စမ်းသပ်စစ်ဆေးရာမှာ စအိုအတွင်းမှ နမူနာနှိုက်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာပုံမှန် နှာခေါင်းအတွင်းမှ နှိုက်ယူစစ်ဆေးခြင်းထက် တိကျပြီး မှန်ကန်တဲ့အဖြေကို ရရှိကြောင်း တရုတ် ရောဂါပိုးမွှားဗေဒပညာရှင်တစ်ဦးက ဆိုပါတယ်။

ပေကျင်းမြို့ Daxing နဲ့ Dongcheng မြို့နယ်များအတွင်း ပြီးခဲ့တဲ့သောကြာနေ့က အစုအပြုံလိုက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အသက် ၉ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးထံမှာ လန်ဒန်နဲ့ အင်္ဂလန်နိုင်ငံတောင်ပိုင်းမှာ စတင်တွေ့ရှိခဲ့တဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်ပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်ကျန်းမာရေးအာဏာပိုင်များဟာ (၄၈) နာရီအတွင်း လူပေါင်း နှစ်သန်းအထိကို ကိုဗစ်-၁၉ စစ်ဆေးဖို့ ရည်ရွယ်ထားရှိပါတယ်။ ယင်းပမာဏထဲမှာ Daxing မြို့နေပြည်သူ ၁.၆ သန်းကိုတော့ လည်ချောင်း၊ နှာရည်နဲ့ စအိုအတွင်းမှ နျူကလစ်အက်စစ် ရယူစစ်ဆေးမှုတွေ ပြုလုပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ စအိုအတွင်းမှ နမူနာနှိုက်ယူစစ်ဆေးခြင်းကို အဓိကဆိပ်ကမ်းမြို့ကြီးဖြစ်တဲ့ ရှန်ဟဲမြို့အပါအဝင် မြို့ကြီးအများအပြားမှာ ယမန်နှစ်ကတည်းက ပြုလုပ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်မားတဲ့ဒေသတွေမှာတော့ အဓိကနည်းလမ်းအဖြစ် အသုံးမပြုဘဲ အချို့ကိစ္စရပ်များတွင်သာ အရံသဘောမျိုး စစ် ဆေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ပေကျင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ တရုတ်နိုင်ငံမှာ စအိုကတဆင့် ဓာတ်ခွဲစမ်းသပ်မှုတွေကို ပြုလုပ်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက အသက် ၉ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးမှာ ကိုဗစ်ကူးစက်တာကို တွေ့ရှိခဲ့ရပြီးနောက်မှာ နှာခေါင်း၊ အာခေါင်နဲ့ စအိုတို့ကတဆင့် ဓာတ်ခွဲစမ်းသပ်မှုအမျိုးမျိုးကို တရုတ်က လုပ်ဆောင်ခဲ့ပြီး စအိုကတဆင့် စမ်းသပ်မှုဟာပိုမိုတိကျ နိုင်တယ်လို့ သိရပါတယ်။

ပေကျင်း You’an ဆေးရုံက ကူးစက်ရောဂါဆိုင်ရာတာဝန်ခံလက်ထောက်ဒါရိုက်တာဖြစ်တဲ့ Li Tongzeng က ဗိုင်းရပ်စ်ဟာ မစင်တွေအတွင်းမှာ ပိုမိုကြာရှည်စွာရှင်သန်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ စမ်းသပ်မှုတချို့မှာတော့ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံနေရသူတွေအတွက် ဗိုင်းရပ်စ်ဟာ လည်ချောင်းအတွင်းမှာ ၃ ရက်ကနေ ၅ ရက်အထိ ရှိနိုင်ပြီး ဒီအတွက်ကြောင့် မှားယွင်းတဲ့ရလဒ်တွေထွက်ပေါ်ကာ ဆိုးကျိုးရှိနိုင်တယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်လည်ရှိလာခဲ့တဲ့ တရုတ်မှာတော့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရပြီးတရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့Weibo မှာတော့ စအိုကတဆင့် ဓာတ်ခွဲစမ်းသပ်မှုကို လှောင်ပြောင်နေကြပါတယ်။အ သုံးပြုသူတစ်ဦးက ” တရုတ်ကို ငါမြန်မြန်ပြန်ရောက်လာတာ ကံကောင်းတာပဲ” လို့ ပြောဆိုခဲ့ပြီး ရွံရှာစရာအဖြစ် ရှုတ်ချခဲ့ပါတယ်။

တရုတ်ဗဟိုရုပ်မြင်သံကြားနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ Li က စအိုကနေ ဓာတ်ခွဲစမ်းသပ်မှုဟာ ပိုမိုတိကျနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း နှာခေါင်းနဲ့ အာခေါင်တို့ပတ်ယူတာလောက် အဆင်ပြေမှုမရှိတာကြောင့် ကျယ်ပြန့်စွာအသုံးပြုဖို့အတွက်တော့ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေကလည်း ဒီလိုစမ်းသပ်မှုနဲ့ပတ်သက်ပြီး အငြင်းပွားနေကြကာ ဝူဟန်တက္ကသိုလ်က လက်ထောက်ဒါရိုက်တာဖြစ်သူ Yang Zhanqiu က”အစောချေစနစ်ထက် အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ခံရကြောင်းကို သက်သေပြခဲ့ပြီးဖြစ်လို့ အထိရောက်ဆုံးစမ်းသပ်မှုဟာ နှာခေါင်းနဲ့ လည်ချောင်းတွေကသာဖြစ်ပါတယ်” လို့ Global Times သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

တရုတ်ကျန်းမာရေးပညာရှင်တွေကလည်း ဒီအပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ကြပါတယ်။ လက်ရှိမှာတော့ တရုတ်ဟာ နိုင်ငံတကာက ရောက်ရှိလာခဲ့သူတွေကိုတင်းကျပ်တဲ့စည်းမျဉ်းတွေ သတ်မှတ်ထားပြီး ပြည်တွင်းကူးစက်မှုမရှိစေဖို့အတွက် တော်တော်လေးသတိထားကိုင်တွယ်နေကြပါတယ်။ တရုတ်ကိုရောက်လာသူတွေဟာ ကိုဗစ်ကင်းစင်ကြောင်း စစ်ဆေးမှုသက်သေခံလက်မှတ်တွေကို ပြသဖို့လိုအပ်နေပြီး သတ်မှတ်ထားတဲ့ နေရာတွေ၊ ဟိုတယ်တွေမှာ ၁၄ရက်ကြာ ကွာရန်တင်းဝင်ရမယ်လို့လည်း သတ်မှတ်ထားပါတယ်။ crd

Add a Comment

Your email address will not be published. Required fields are marked *