ယာယီရပ်နားထားသောခရီးဝေးရထား မြို့ပတ်နှင့်ဆင်ခြေဖုံး ရထားများပြန်လည်ပြေးဆွဲမည်

ယာယီရပ်နားထားသော ခရီးဝေးရထား မြို့ပတ်နှင့်ဆင်ခြေဖုံးရထားများ ပြန်လည်ပြေးဆွဲမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ယာယီရပ်နားထားသော ခရီးဝေးရထား၊ မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားများ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ ခရီးသွားလာမှု ကန့်သတ်ချက်များအရ ရထားနှင့်ခ ရီးသည် စီးနင်းမှုလျော့နည်းသွားသဖြင့် ခရီးဝေးရထားများတွင် စာပို့ရထား ( ၆) စင်း၊ ပါဆယ် ရထား (၄) စင်း နှင့် ကုန်ရထားများပြေးဆွဲပေးလျက်ရှိပြီး မြို့ပတ်နှင့် ဆင်ခြေဖုံး လမ်းပိုင်းများတွင် တွဲဆိုင်း(၃) ဆိုင်းဖြင့် ခေါက်ရေ(၁၂) ခေါက်သာ ပြေးဆွဲပေးလျက်ရှိသည်။

ယခုအခါ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာပြီ ဖြစ်သည့်အတွက် ခရီးသွား ပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရန် ရန်ကုန်-မန္တလေး၊ မန္တလေး- မြစ်ကြီးနား၊ ရန်ကုန်- မော်လမြိုင်- ရေး-ထားဝယ်၊ ရန်ကုန်- ပြည်၊ မန္တလေး-လားရှိုး စသည့် ရထားလမ်းပိုင်း များနှင့် အခြားလမ်းပိုင်း အသီးသီးတွင် လူစီးအမြန်ရထား၊ လူစီးစာပို့ရထား၊ လူစီးကုန်တင် ရထား၊ ခရီးတိုရထားများနှင့် ရန်ကုန်မြို့ပတ် ဆင်ခြေဖုံးရထား ခရီးစဉ်များကို ဖေဖော်ဝါရီ (၄) ရက်မှစ၍ ရထားစင်းရေ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ယင်းကဲ့သို့ ရထားများပြေးဆွဲပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ Social Distancing ရှိရေးအတွက် ဘူတာအဝင်နှင့် ရထားပေါ်တွင် ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဘူတာ အဝင် လက်ဆေးခုံများ၌ လက်ဆေးစေခြင်း၊ Mask တပ်ဆင်ပြီးမှ ဘူတာအတွင်းနှင့် ရထားပေါ်သို့ တက်ရောက်စေခြင်း၊ Social Distancing အတွက် (၂) ယောက်ထိုင်နိုင်သော ထိုင်ခုံ(၁)ခုံ၌ ခရီးသည်(၁) ဦးသာ ထိုင်စေခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစဉ် ရထားလမ်းကွန်ရက် တစ်လျှောက်တွင် လူစီးအမြန်ရထား အစင်း (၄၀)၊ လူစီးစာပို့ရထား (၅၂)စင်း၊ လူစီးကုန်တင်ရထား (၄၈)စင်း၊ ခရီးတိုရထား(၁၆)စင်းတို့ဖြင့် ခရီးဝေးရထား စုစုပေါင်း (၁၅၆)စင်းနှင့် မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားများကို တွဲဆိုင်း(၂၁)ဆိုင်းဖြင့် (၁၆၈) ခေါက် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။ Source : MOI

Tags:

Add a Comment

Your email address will not be published. Required fields are marked *