နောင်အခါကျမတို့စာရေးဆရာတွေ ခေတ်ကိုမှတ်တမ်းတင် ရေးသားတဲ့အခါ နာကျင်စရာသမိုင်းဆိုးတွေကို မရေးဖွဲ့ပါရစေနဲ့လို့ဆိုလာတဲ့ ဆရာမပုညခင်

နောင်အခါ ကျမတို့စာရေးဆရာတွေ ခေတ်ကိုမှတ်တမ်းတင် ရေးသားတဲ့အခါ နာကျင်စရာသမိုင်းဆိုးတွေကို မရေးဖွဲ့ပါရစေနဲ့လို့ဆိုလာတဲ့ ဆရာမ ပုညခင်

ကျွန်မ ပြောချင်တာလေးတစ်ခုရှိပါတယ် ။ ကျွန်မစာအုပ်တွေကို ဖတ်ဖူးတဲ့ ကျွန်မပရိသတ်တွေကတော့ သိပြီးသားဖြစ်ပေမဲ့ မသိသူတွေလည်းရှိနိုင်တာမို့ ပြောရခြင်း ဖြစ်ပါတယ် ။ ကျမ ကျမရဲ့ ကျော်ကြားမှုကို အသုံးချပြီး ဘယ်တုန်းကမှ စည်းလွတ်ဝါးလွတ်အရေးအသားတွေ မရေးခဲ့ဖူးပါ ။ ဝတ္ထုရေးတဲ့အခါမှာ အစွန်းရောက်တစ်ဖက်သတ် ရေးသားဖူးခြင်းမရှိသလို ဒီpageကိုလည်း တလွဲ အသုံးချဖူးခြင်းမရှိပါ ။

ကျမရဲ့ကိုယ်ရေးကိုယ်တာ ခံစားချက်တွေတောင် မရေးပါ ။ ကျမရဲ့ စာပေရေးသားခြင်းနဲ့သက်ဆိုင်တဲ့ activity တွေ ခရီးသွားအတွေ့ အကြုံတွေကိုသာ တင်လေ့ရှိပါတယ် ။ ကျမ လော်ဘီလည်း မလုပ်ပါ ။ အစွန်းလည်းမရောက်ပါ ။ အစွန်းရောက်လွန်းရင် အနီပဲဖြစ်ဖြစ် အစိမ်းပဲ ဖြစ်ဖြစ် မကြိုက်ပါ ။ လူတိုင်းလူတိုင်းမှာ ကိုယ်ရပ်တည်ဖို့ ဆန္ဒရှိတာကို ငြိမ်းချမ်းစွာရပ်တည်နိုင်ခွင့်ရှိသလို ကျမတို့ စာရေးဆရာတွေမှာလည်း ရှိပါတယ် ။

ဒီနေ့ ကျမရဲ့ အတွေ့အကြုံလေးတစ်ခုကိုတော့ ပြောပြချင်ပါတယ် ။ဒီနေ့ကျမ ဆန္ဒပြပွဲတွေ ရှိရာကိုသွားရင်း လမ်းမှာချီတက်လာတဲ့ သူတွေနဲ့ဆုံရပါတယ် ။ ရှေ့ဆုံးမှာက ambulance ကားတွေ ၊ နောက်မှာတော့ အသက် ၂၀ကျော်အရွယ် ဖြူစင်နုနယ်လှတဲ့ လူငယ်လေးတွေဟာ ပူပြင်းတဲ့နေရောင်အောက်မှာ ချွေးပေါက်ပေါက်ကျလို့ စနစ်တကျ ချီတက်လာပါတယ်။ သူတို့တွေရဲ့ဘေးမှာ ကြိုးလေးတွေကာထားပြီး လက်ချင်းတွဲကာရန်ထားသူတွေလည်း အများကြီးပါ ။

စနစ်တကျ အမှိုက်သိမ်းပေးမယ့်သူတွေလည်း ပါလာပါတယ် ။ သူတို့ရဲ့ကြွေးေ ကြော်သံတွေထဲမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု အစွန်းရောက်မှုတွေ မပါပါဘူး ။ နိုင်ငံသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုသာ တောင်းဆိုကြွေးကြော်လာပါတယ် ။ သူတို့မှာ အရောင်အသွေးမပါဘူး ။ သူတို့ကို ဘယ်သူမှ ပိုက်ဆံပေးခိုင်းမထားဘူး ။သူတို့ ..သူတို့အနာဂါတ်အတွက် အားလုံးရဲ့အနာဂါတ်အတွက် ရှေ့ထွက်ကြတာပါ ။ သူတို့ကို ဘာတစ်ခုမှ မကူညီဘဲ အခြေအနေကောင်းလာတော့မှ အသာလေး အသီးခူးစားတာလောက် ရှက်စရာကောင်းတာရှိပါဦးတော့မလား ။ ဒါကြောင့် ကျမ သူတို့ကို ဝန်းရံပါတယ်။

ကျွန်မတို့လို အသက် ၄၀ကျော် ၅ဝဝန်းကျင် လူကြီးအများစုဟာ ကြောက်မျိုးဆက်မှာ ရှင်သန်ရင်း အမှောင်ထဲကို ငေးငေးပြီးတော့လည်း ကြောက်ခဲ့ရတယ် ၊အလင်းထဲမှာ တွေးတွေးပြီးတော့လည်း ကြောက်ခဲ့ရတယ် ။ အခု လူငယ်တွေကတော့ သူတို့အနာဂါတ်ကိုသူတို့ ထုဆစ်ဖို့ .. ကောက်မျိုးဆက်ကိုဖြတ်ချပြီး သူတို့မျိုးဆက်သစ်ကို သူတို့ထူထောင်ဖို့ ကြိုးစားနေခဲ့ကြတာကို မြင်တွေ့ရတာ တကယ်ကို လေးစားမိပါတယ် ။ ကျေးဇူးလည်း တင်ပါတယ်။

အာဏာဆိုတာ ကြင်နာတတ်တယ် ၊ ရက်စက်တတ်တယ် ၊အာဏာဆိုတာ အလုံးစုံ တည်ဆောက်နိုင်သလို အလုံးစုံ ပျက်စီးစေနိုင်တယ် ။ အာဏာဆိုတာ နတ်ဆိုးနတ်ကောင်း ပူးနေတဲ့အရာပါ ။ လူ့စိတ်မှာ အာဏာပူးလာရင် နတ်ဆိုးနဲ့နတ်ကောင်းကို မျှမျှတတကြိုးကိုင်ဖို့ ခက်ခဲသွားတတ်ပါတယ် ။

ရှင်သန်ချိန်မှာ အနိုင်ရဖို့အရေးကြီးပေမဲ့ သေဆုံးပြီးနောက် သမိုင်းလှလှ ကျန်ခဲ့ဖို့ကလည်း အရေးကြီးပါတယ် ။ အသက်ရှင်သန်ရမှာက အနှစ် ၁၀၀ဆိုရင်တောင် သမိုင်းကျန်ခဲ့မှာက ကမ္ဘာတည်သရွေ့ပါ ။ အာဏာရှင်များလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ် ။

လူထုကလည်း နှစ်သစ်ကူးသလို သကြင်္န်လို အုတ်အော်သောင်းနင်းဖြစ်မသွားအောင် သတိလေးနဲ့ထိန်းသိမ်းကြဖို့ မေတ္တာရပ်ခံပါတယ် ။အရောအနှောတွေကိုလည်း သတိထားစေချင်ပါတယ် ။ ကလောင်ကလွဲလို့ ဘာအင်အားမှမရှိသူမို့ မေတ္တာရပ်ခံပေးရုံသာ တတ်နိုင်ပါတယ် ။ နောင်အခါ ကျမတို့စာရေးဆရာတွေ ခေတ်ကိုမှတ်တမ်းတင် ရေးသားတဲ့အခါ နာကျင်စရာသမိုင်းဆိုးတွေကို မရေးဖွဲ့ပါရစေနဲ့ ။

Add a Comment

Your email address will not be published. Required fields are marked *