သံလိုက်အစွမ်း ရမယ်ထင်ပြီး သံလိုက်လုံး၅၄လုံးကို မျိုချခဲ့တဲ့နောက် သေလုမတတ်ဖြစ်ခဲ့ရတဲ့ ၁၂နှစ်အရွယ်ကလေးငယ်
|သံလိုက်အစွမ်းရမယ်ထင်ပြီး သံလိုက်လုံး ၅၄ လုံးကို မျိုချခဲ့တဲ့နောက် သေလုမတတ် ဖြစ်ခဲ့ရတဲ့ ၁၂နှစ်အရွယ်ကလေးငယ်
သိပ္ပံပညာနဲ့ပတ်သက်ပြီး အနည်းငယ် စွဲလမ်းစိတ်တွေရှိနေတဲ့ အသက် ၁၂နှစ်အရွယ် ချာတိတ်လေး Rhiley Morrison ဟာ သံလိုက်လုံး ၅၄ လုံးကို မျိုချခဲ့ပြီးနောက် ကံကောင်းလို့ အသက်ရှင်သန်ရတဲ့ ဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သံလိုက်လုံးတွေကို မျိုချလိုက်မယ်ဆိုရင် သံလိုက်သတ္တိ ရရှိမယ်ဆိုတဲ့ အတွေးနဲ့ မော်ရစ်ဆင်က ပြုလုပ်ခဲ့တာဖြစ်ပြီး အမြန်ဆုံးပြန်လည်ဖယ်ရှား ပစ်ခဲ့ရပါတယ်။
သူဟာ သံလိုက်လုံး ၅၄ လုံးကို နှစ်ခါခွဲကာ မျိုချခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှာ ပထမ တစ်ကြိမ်၊ ၄ ရက်နေ့မှာ ဒုတိယ အကြိမ် မျိုချပစ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူ့ခန္ဓာကိုယ်က ပုံမှန်အတိုင်း တုံ့ပြန်နေတာမျိုးမဟုတ် တော့တာကြောင့် မိခင်ဖြစ်သူကို သံလိုက်လုံးတွေ မျိုချမိခဲ့တယ်ဆိုတာကို အသိပေး ပြောဆိုခဲ့ပါတယ်။
ဒီအတွက် ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပြီး x-ray ရိုက် စစ်ဆေးခဲ့ရပြီး သံလိုက် လုံးတွေဟာ သူ့ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်စ ပြုနေပြီဖြစ်ပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်နိုင်တာကြောင့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး ၆ နာရီကြာအောင် ခွဲစိတ်ကာ ဖယ်ရှားပစ်ခဲ့ရတယ်လို့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဂရိတ်မန်ချက်စတာမှာ နေထိုင်တဲ့ မော်ရစ်ဆင်ဟာ အူသိမ်ပေါက်ထွက်ခဲ့တယ်လို့ သိရပြီး ဆေးရုံ ကုတင်ထက်မှာ ၁၀ ရက်ခန့် မလှုပ်ရှားနိုင်ဘဲ နေခဲ့ရပြီး ပြွန်ကတဆင့် အစာကျွေးမွေးခဲ့ရပါတယ်။ သူဟာ သိပ္ပံပညာရပ်တွေကို စိတ်ဝင်စားပြိး မကြာခဏ ဆိုသလို စမ်းသပ်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း မော်ရစ်ဆင်က ကိုယ်တိုင်ဝန်ခံ ပြောကြားခဲ့ပါတယ်။
“သံလိုက်တွေကို မျိုချဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်၊ တကယ်လို့ အဲဒီလိုမျိုချလိုက်မယ်ဆိုရင် ကျွန်တော့်ခန္ဓာကိုယ်မှာ သံလိုက်သတ္တိတွေ ရရှိမှာလားဆိုတာကို သိချင်ခဲ့တာပါ” လို့ မော်ရစ်ဆင်က ဆိုပါတယ်။ သူ့ရဲ့ မိခင်ကတော့ ” အဲဒါက တကယ်တော့ ရူးနှမ်းတာပါပဲ၊ ဒါပေမယ့် သူက ကလေး ပဲရှိသေးပြီး ကလေးတွေက ဒီလိုပဲ လုပ်တတ်ကြပါတယ်” လို့ ပြောခဲ့ပါတယ်။
မော်ရစ်ဆင်ဟာ ဆေးရုံမှာ ၂ ပတ်ကြာ တက်ရောက် ကုသခဲ့ပြီးနောက် ပြန်လည်ဆင်းခွင့် ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ သူခံစားနေရတာကို မြင်တွေ့ရတာက စိတ်မချမ်းသာဖွယ်ရာဖြစ်ခဲ့ရတယ်လို့ မိခင်ဖြစ်သူက ထပ်မံပြောကြားခဲ့ပြီး ထိုင်လို့မရခဲ့သလို ခန္ဓာကိုယ်လှုပ်ရှားလိုက်တိုင်းမှာလည်း နာကျင်နေခဲ့ရတယ်လို့လည်း သိရပြီး တော်တော်လေးခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရကာ ကံကောင်းထောက်မစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ Source ; therivernews