အရပ်သားအစိုးရကို အာဏာချက်ချင်းပြန်လွှဲပေးဖို့ ဂျပန် အမေရိကန် အိန္ဒိယနဲ့ ဩဇီတို့ တောင်းဆို
|အရပ်သားအစိုးရကို အာဏာချက်ချင်းပြန်လွှဲပေးဖို့ ဂျပန် အမေရိကန် အိန္ဒိယနဲ့ ဩဇီတို့ တောင်းဆို
မြန်မာနိုင်မှာ စစ်တပ်အာဏာ သိမ်းခဲ့တာနဲ့ ပတ်သက်ပြီး အရပ်သား အစိုးရကို အာဏာချက်ချင်း ပြန်လွှဲပေးဖို့နဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ ကြိုးစားနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဂျပန်၊ အမေရိကန်၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Quad အဖွဲ့က သတင်းထုတ်ပြန် လိုက်ပါတယ်။
အဲဒီအဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရသစ်တက်လာပြီးနောက် ပထမဆုံး အကြိမ်အဖြစ် အွန်လိုင်း ကနေ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး မြန်မာ့အရေး၊ ကိုဗစ်ရောဂါ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာတွေနဲ့ အင်ဒို-ပစိဖိတ်ဒေသ အရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မက်ထရိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ဦးဆောင်ကျင်းပခဲ့တဲ့ အခုဆွေးနွေးပွဲဟာ အာရှဒေသမှာ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို ဆန့်ကျင်တဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်အမြန်ဆုံး ပြန်လည် တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာနဲ့ ပိုနေမြဲ ကျားနေမြဲ အခြေအနေတစ်ခုကို အင်အားသုံးပြီး တစ်ဖက်သတ်ပြောင်းလဲဖို့ ကြိုးစားမှုမှန်သမျှကို အဖွဲ့ဝင်နိုင်ငံအားလုံးက အတိအလင်း ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ်ဆူမိုတီဂီက ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကလည်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ သတင်းတု တိုက်ဖျက်ရေး၊ ရေကြောင်း လုံခြုံရေးနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် အမြန်ဆုံးပြန်လည် ထူထောင်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ (၁) ရက်မှာ အာဏာ သိမ်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် ထိပ်တန်းနိုင်ငံရေးသမားတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒီဖြစ်စဉ်ပြီးတဲ့ အချိန်မှာ မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်တွေကို အမေရိကန်နိုင်ငံက ပထမဆုံးအရေးယူ ပိတ်ဆို့ခဲ့ပြီး နိုင်ငံတကာကိုလည်း ဒီလိုအရေးယူ ပိတ်ဆို့မှုတွေချမှတ်ဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Source ; O media