ဘယ်သူ့ကို အသိအမှတ်ပြုမလဲ ကုလသမဂ္ဂမှာ ဆုံးဖြတ်ရတော့မယ်

ဘယ်သူ့ကို အသိအမှတ်ပြုမလဲ ကုလသမဂ္ဂမှာ ဆုံးဖြတ်ရတော့မယ်

အာဏာသိမ်းစစ်တပ်က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရာထူးတာဝန်တွေကနေ ရပ်ဆိုင်းထားလိုက်ပြီး သူ့နေရာကို လက်ထောက်အမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်နဲ့ အစားထိုးလိုက်တယ်လို့ ကုလသမဂ္ဂကို နှုတ်အားဖြင့် အသိပေးအကြောင်းကြားမှု လက်ခံရရှိတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဒူဂျာရစ်က ဆိုပါတယ်။

တရားဝင်စာနဲ့ အကြောင်းကြားတာမဟုတ်ဘူးလို့ ပြောဆိုရင်း အဖွဲ့ဝင်နိုင်ငံ မြန်မာပြည်ရဲ့ကိုယ်စားပြုမှုက ဘယ်သံအမတ်ဖြစ်တယ်ဆိုတဲ့ အငြင်းပွါးမှုဟာ အဖွဲ့ဝင် ၉နိုင်ငံပါဝင်တဲ့ အထွေထွေညီလာခံရဲ့ အသိအမှတ်ပြုကော်မတီကနေ အဆုံးအဖြတ်ပေးရတော့မယ့်အနေအထား ရောက်လာပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့အနေနဲ့ အချိန်အတော်ကြာကြာအတွင်း မမြင်ရသေးတဲ့ ထူးခြားတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။ ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ အခြားပြဌာန်းချက်တွေအားလုံးနဲ့အညီ ဖြေရှင်းသွားရမှာပါ”လို့ ကုလသမဂ္ဂ ပြောခွင့်ရသူ စတီဖနီ ဒူဂျာရစ်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

နယူးယောက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကိုယ်စားပြုတဲ့ရာထူးတာဝန်မှာ ဆက်ပြီးရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စုက နားလည်သဘောပေါက်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နတ်ပရိုက်စ်က ဆိုပါတယ်။

“ကျနော်တို့က စစ်တပ်အာဏာသိမ်းမှုကို ဆက်ပြီးဆန့်ကျင်သွားမှာပါ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရအာဏာပြန်ရရေး ဆက်ပြီးအားပေးထောက်ခံသွားမှာပါ”လို့ နတ်ပရိုက်စ်က ဆိုပါတယ်။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ နေရာကို ဘယ်သူကကိုယ်စားပြုတယ်ဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကတော့ ကုလသမဂ္ဂရဲ့ Credentials Committee မှာ ဆွေးနွေးရမှာပါလို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရပ်စ်က မြန်မာစစ်တပ် ဒီမိုကရေစီလမ်းကြောင်းဆီပြန်သွားဖို့ လုံခြုံရေးကောင်စီကနေတစ်ဆင့် လုပ်ကိုင်ချင်တဲ့ဆန္ဒရှိတယ်လို့ ပြောခွင့်ရသူက ဆိုပါတယ်။

လုံခြုံရေးကောင်စီမှာ မြန်မာပြည်အရေးဆွေးနွေးဖို့ လာမယ့်သောကြာနေ့ အစည်းအဝေးပြုလုပ်ဖို့ ဗြိတိန်နိုင်ငံက အဆိုပြုထားပြီး တံခါးပိတ်အစည်းအဝေးဖြစ်ဖို့များတယ်လို့ စီအန်အန်က ဆိုပါတယ်။ Crd

Tags:

Add a Comment

Your email address will not be published. Required fields are marked *