တရုတ်မှာ ဒေါ်နယ်ထရမ့်တရားထိုင်ဟန် ရုပ်ထုတွေကို စတင်ရောင်းချနေ

တရုတ်မှာ ဒေါ်နယ်ထရမ့်တရားထိုင်ဟန် ရုပ်ထုတွေကို စတင်ရောင်းချနေ

တရုတ်နိုင်ငံတွင်းမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ တရားထိုင်နေဟန်ရုပ်ထုတွေကို စတင်ရောင်းချမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ တည်ကြည်လေးနက်ဟန်နဲ့ တရားထိုင်နေတဲ့ ထရမ့်ရဲ့ ရုပ်ထုကို တရုတ်စွန့်ဦးတီထွင် စီးပွားရေးသမားတွေက ထုလုပ်ကာ ရောင်းချနေတာဖြစ်တယ်လို့လည်း The Guardian က ဖော်ပြခဲ့ပါတယ်။

ဒီရုပ်ထုတွေကိုတော့ တရုတ်ရဲ့ e-commerce ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Taobao မှာ တင်သွင်းထားပြီး ၉၉၉ ယွမ် ( ဒေါ်လာ ၁၅၀) နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ အငယ်စားရုပ်ထုအရွယ်ဟာ ၁.၆ မီတာ အမြင့်ရှိပြီး အကြီးစားအရွယ်ကတော့ ၄.၆ မီတာအမြင့်ရှိကာ ဈေးနှုန်းကတော့ ဒေါ်လာ ၆၁၀ အထိ ရှိတယ်လို့ ဆိုပါတယ်။

တရားဓမ္မအားထုတ်နေစဉ်အတွင်း ပြုလုပ်ရတဲ့ သဏ္ဍန်အတိုင်း ပြုလုပ်ထားတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ တရုတ်အစိုးရပိုင် Global Times သတင်းစာက ဒီသတင်းကို ပထမဆုံးဖော်ပြခဲ့ပြီး Xiamen, Fujian စီရင်စုမှာ အခြေစိုက်တဲ့ရောင်းချသူက သူ့ရဲ့ရုပ်ထုကို ပရိုမိုးရှင်းပြုလုပ်ရာမှာ ” Make your company great again” ဆိုတဲ့ ဆောင်ပုဒ်ကို အသုံးပြုခဲ့ပြီး ဒါဟာ ထရမ့်ရဲ့ နာမည်ကျော် “Make American Great Again” ဆိုတဲ့ ပြောဆိုမှုကနေ တဆင့်ပြန်ယူထားတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုပ်ထုပေါင်း ၁၀၀ အထိ ထုတ်လုပ်ထားပြီး ဒါဇင်နဲ့ချီကာ ရောင်းချပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဝယ်ယူခဲ့သူတစ်ဦးကတော့ ရုပ်ထုအရွယ်အစားကို သိပ်ပြီးတော့မကြီးမားဖို့အတွက် သတိပေးစကားဆိုခဲ့ပါတယ်။ ဒီရုပ်ထုမတိုင်ခင်မှာလည်း ထရမ့်ကုန်ပစ္စည်းတွေကို Taobao က ရောင်းချမှုတွေရှိခဲ့ပြီး အိမ်သာစုတ်တံ၊ အိမ်သာစက္ကူ၊ ဟော်လိုဝင်းမျက်နှာဖုံးတွေနဲ့ ပေါ့ပ်အရုပ်တွေကို ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *