လေယာဉ်ပျက်ကျပြီး အမေဇုန်တောထဲ ၃၈ရက်ကြာ နေခဲ့ရပေမယ့် အသက်ရှင်ခဲ့တဲ့ဘရာဇီးလ် လေယာဉ်မှူး

လေယာဉ်ပျက်ကျပြီး အမေဇုန်တောထဲ ၃၈ ရက်ကြာနေခဲ့ရပေမယ့် အသက်ရှင်ခဲ့တဲ့ ဘရာဇီးလ်လေယာဉ်မှူး

အန်တိုနီယိုဆန်နာလို့ အမည်ရတဲ့ အမျိုးသားဟာ Cessna 210 အမျိုးအစားလေယာဉ်ကို တစ်ဦးတည်းမောင်းနှင်ခဲ့စဉ် ဘရာဇီးလ်အမေဇုန်သစ်တောအပေါ်အရောက်မှာ အင်ဂျင်ရုတ်တရက် ရပ်တန့်ခဲ့ပြီးနောက် လေယာဉ်ပျက်ကျခဲ့ကာ တောအုပ်အတွင်း သူ့ကို အစက် အပြောက် တစ်ခုအနေနဲ့သာ မြင်တွေ့ခဲ့ရတဲ့ အထိဖြစ်သွားခဲ့ ပါတယ်။

ကံကောင်းထောက်မစွာနဲ့ သူဟာ ကြီးကြီးမားမား ဒဏ်ရာမရရှိခဲ့ဘဲ တောအုပ် မြေပြင်ပေါ် ကျရောက်ခဲ့ပြီး အသက်ရှင်နေခဲ့ပါတယ်။ သူဟာ ကမ္ဘာ့အကြီးဆုံးမိုးသစ်တောအတွင်း ၃၈ ရက်ကြာ သောင်တင်နေခဲ့ကာ သူ့ဘဝရဲ့ အကြီးမားဆုံး သင်ခန်းစာတွေကို လေ့လာ ခဲ့ရပါတော့တယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်နာဟာ မြောက်ပိုင်း Alenquer ဒေသကနေ မိုးသစ်တောကြီး အတွင်းက ကယ်လီဖိုးနီးယားလို့ လူသိများတဲ့ တရားမဝင် ရွှေတွင်းကို ကုန်ပစ္စည်းပို့ဖို့ ငှားရမ်းခံခဲ့ရတာဖြစ်ပါတယ်။ အမြင့်ပေ ၁၀၀၀ ကနေ ပျံသန်းနေစဉ် အင်ဂျင်ရပ်သွားခဲ့တဲ့နောက် သူ့အတွက် အချိန် သိပ်မရှိတော့ဘူး သိခဲ့ပြီးနောက် သူဟာ လေယာဉ်ကို ချိုင့်ဝှမ်းတခုအတွင်းဆင်းသက်နိုင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပါတယ်။

သူဟာ အသုံး ဝင်နိုင်တဲ့ ဘယ်အရာကိုမဆို ယူဆောင်ဖို့ ကြိုးစားခဲ့ရာမှာ ကျောပိုးအိတ်၊ ရေသုံးဗူး၊ အချိုရည် လေးဗူး၊ ပေါင်မုန့်တအိတ်၊ ကြိုးခွေတချို့နဲ့ အရေးပေါ် အသက်ကယ် ဝတ်စုံ၊ လက်ဆွဲ မီးအိမ်တခုနဲ့ ဓာတ်မီးနှစ်လက်တို့ကို စုဆောင်းနိုင်ခဲ့ပါတယ်။ လေယာဉ်ဟာလည်း မြေပြင်ပေါ် ပျက်ကျခဲ့ပေမယ့် ပေါက်ကွဲ ပျက်စီးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီအဖြစ် အပျက်တွေဟာ ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

သူ ပြန်လည် လွတ်မြောက်ပြီးနောက် သူ့နေအိမ်မှာ AP သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတောအုပ်ထဲရောက်ပြီး ပထမဆုံးငါးရက်မှာ ကယ်ဆယ်ရေးလေယာဉ်ရောက်လာတဲ့ အသံကိုကြားခဲ့ရပြီး သူ့ကိုလာရောက် ရှာဖွေတာသိခဲ့ပေမယ့် လေယာဉ်ဟာ နေပြောက်မထိုးတဲ့ တောအုပ်အောက်ခြေ က သူ့ကို မမြင်တွေခဲ့ဘဲ သူကသာ လေယာဉ်ကို တွေ့ခဲ့ရကြောင်း ပြန်ပြောပြခဲ့ပါတယ်။ ဒီနောက်မှာ အင်ဂျင်သံတွေ ထပ်ကြားရတာမရှိတော့ဘဲ သူသေဆုံးပြီလို့ မှတ်ယူကာ လက်လျှော့ဖွယ်ရှိတယ်လို့ ခံစားရကြောင်းလည်း သူက ပြောပါတယ်။

“ကျနော်စိတ်ဓာတ်ကျခဲ့ပြီး ဒီထဲကနေ ငါထွက်နိုင်မှာမဟုတ်ဘူး၊ ငါသေတော့မယ်လို့ တွေးနေခဲ့ပါတယ်” လို့ ဆန်နာ ကပြောပါတယ်။ ဆန်နာဟာ ဖုန်းက GPS ကို အသုံးပြုပြီး သူရောက်နေတဲ့ နေရာကို ရှာဖွေခဲ့ပြီး လေယာဉ်ကွင်းနှစ်ခုရှိရာ အရှေ့ဘက်ဆီ လမ်းလျှောက်ခဲ့ပြီး ရေသာ တွေပြီး အစား အစာမတွေ့ခဲ့ကြောင်းလည်း ဆိုပါတယ်။ မိကျောင်း၊ အန်နာကွန်ဒါတွေနဲ့ တူတဲ့သတ္တဝါတွေကိုလည်း မြင်တွေ့ခဲ့ရပြီး သစ်သီးတချို့ကို မျောက်တွေစားနေတာတွေ့လို့ စားသောက်ခဲ့ပြီး ၃၈ ရက်အတွင်းမှာ ငှက်ဥ သုံးလုံးတည်းသာ သောက်ခဲ့ရပြီး ပရိုတင်းဓာတ် ရခဲ့တယ်လို့လည်း သိရပါတယ်။

“သဘာဝအတိုင်းရှိနေတဲ့ အပျိုစင်တောအုပ်တွေကို ကျနော်တွေ့ခဲ့ရတယ်၊ တခါမှ မမြင်ဖူးခဲ့ဘူး၊ အမေဇုန်က သစ်တော တခုတည်းမဟုတ်ဘဲ လေးငါးခုလောက် ပေါင်းစပ် ထားတာဖြစ်မယ်၊ မိဘတွေ၊ မောင်နှမတွေနဲ့ ပြန်တွေ့ဖို့ဆိုတဲ့ အတွေးက ကျနော့်ကိုရှေ့ဆက်သွားစေခဲ့တာပါ” လို့ သူက ထပ်ပြောခဲ့ပါတယ်။ ဆန်နာကတော့ အမေဇုန် နဲ့ Tapajos မြစ်ဆုံရာ ဒေသက Santarem မြို့မှာမွေးဖွားသူဖြစ်ပြီး သူ့ကိုယ်သူ အမေဇုန်သားလို့ ခေါ်ဝေါ်ကာ သစ်တောတွေကို နှစ်သက်သူပါ။

ကိုဗစ်ကြောင့် ရွေးချယ်စရာနည်းပါးလာတဲ့ အလုပ်အကိုင်ရှားပါးမှုက သူ့ကို တရားမဝင်ရွှေတွင်းတွေနဲ့ ဆက်စပ်လုပ်ကိုင်စေဖို့ဖြစ်ခဲ့ရပြီး နာရီပေါင်း ၂၄၀၀ အထိ လောယဉ်မောင်းသက်ရှိတဲ့ ဆန်နာဟာ ဒီမတိုင်ခင် ဇာတိမြို့မှာ စားသောက်ဆိုင်ဖွင့်ခဲ့သူဖြစ်ပါတယ်။ တောအုပ်ထဲရောက်ပြီး ၃၅ ရက်အကြာမှာတော့ သူဟာ သစ်ပင်ခုတ်လှဲတာမဟုတ်တဲ့ လွှဖြတ်သံတွေကိုကြားခဲ့ရပြီး အသံကြားရာဆီ သွားခဲ့ရာမှာ အခွံမာသီးတွေ ကောက်ယူစုဆောင်းတဲ့ ဘရာဇီးလ်လူမျိုးတွေရဲ့ စခန်းကိုရောက်ခဲ့ပြီး ရှင်သန်လွတ်မြောက်ခဲ့ရပါတော့တယ်။

ဒီနောက်မှာ မိခင်ကိုဆက်သွယ်ကာ သူ အသက်ရှင်နေကြောင်း အကြောင်းကြားခဲ့ပြီး မိသားစုနဲ့အတူ အခွမာသီးတွေကောက်ပြီးပြန်ရောင်းတဲ့ အလုပ်ကိုလုပ်ကိုင်နေတာ နှစ်ပေါင်းငါးဆယ်ရှိပြီဖြစ်တဲ့ စခန်းပိုင်ရှင်က အစားအသောက်တွေကျွေးမွေးခဲ့တယ်လို့ ဆိုပါတယ်။ “ကျနော် တရားမဝင်ရွှေတွင်းတွေဆီ ဘယ်တော့မှ မပျံသန်းတော့ဘူး” လို့ လွတ်မြောက်လာခဲ့ပြီးနောက်မှာ ဆန်နာက ခိုင်မာပြတ်သားတဲ့ စကားကို ဆိုခဲ့ပါတော့တယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *