ကိုဗစ်ဖြစ်ပွားမှု စံချိန်တင် မြင့်တက်နေသည့် အိန္ဒိယကို ကမ္ဘာတစ်ဝန်းမှ အကူအညီပေးရန် အရေးပေါ် စီစဉ်နေရ

ကိုဗစ်ဖြစ်ပွားမှု စံချိန်တင်မြင့်တက်နေသည့် အိန္ဒိယကို ကမ္ဘာတစ်ဝန်းမှ အကူအညီပေးရန် အရေးပေါ် စီစဉ်နေရ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှု လေးရက်ဆက်တိုက် ကမ္ဘာ့စံချိန်တင် မြင့်တက်သွားတဲ့အတွက် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာတစ်ဝန်းလုံးက စီစဉ်ပေးနေရပြီ ဖြစ်ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုနှုန်းဟာ အလွန်ထိတ်လန့် စရာကောင်းနေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ဖြစ်ပွားတဲ့ လူနာသစ် ၃၄၉,၆၉၁ ယောက် တွေ့ရှိခဲ့ရတယ်လို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံက ဆေးရုံ အားလုံးဟာ ကိုဗစ်လူနာတွေနဲ့ ပြည့်နှက်နေပြီ ဖြစ်ပြီး နောက်ထပ် လူနာသစ် လက်ခံဖို့ အောက်ဆီဂျင်နဲ့ ဆေးရုံခုတင်နေရာ မရှိတော့အောင် ဖြစ်သွားပြီလို့် တာဝန် ထမ်းဆောင်နေသူ ဆရာဝန်တွေကလည်း အသိပေး သွားခဲ့ပါတယ်။

ကိုဗစ်ကူး စက်မှုနှုန်း တစ်ရက် တစ်သောင်းအောက် ကျဆင်းအောင် မစွမ်းဆောင်နိုင်ခြင်း၊ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို အလျင်အမြန် အကောင် အထည် မဖော်နိုင်တဲ့အတွက် ဘာသာရေးနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ပြစ်တင် ဝေဖန်မှုတွေကို ဝန်ကြီးချုပ်မိုဒီ ဦးဆောင်တဲ့ အစိုးရအဖွဲ့က ရင်ဆိုင်နေရပြီလည်းဖြစ်ပါတယ်။

အမေရိကန်ဟာ အိန္ဒိယအတွက် ကာကွယ်ဆေးနဲ့ တခြားဆေးဝါးအထောက်အပံ့တွေ အရေးပေါ် ပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်နေပြီး ဂျာမနီကလည်း အောက်ဆီဂျင်အိုးတွေ အပါအဝင် တခြားလိုအပ်တာတွေကို အိန္ဒိယဆီ ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။

စင်ကာပူကလည်း အိန္ဒိယအတွက် ဘာတွေ ထောက်ပံ့ပေးဖို့ လိုအပ်သလဲဆိုတာကို ဆက်သွယ်မေးမြန်းနေပြီး ပထမအဆင့်အဖြစ် အောက်ဆီဂျင်နဲ့ အသက်ရှူစက်တွေကို ပေးပို့ထားပြီလို့လည်း သိရှိရပါတယ်။ သတင်း – စံတော်ချိန် / ကိုးကား – Channel News Asia

Add a Comment

Your email address will not be published. Required fields are marked *