ဟိုဟာလုပ်ပါဒီဟာလုပ်ပါလာပြောဖို့က မင်းတို့အလုပ်မဟုတ်ဘူးလို့ တရုတ်ကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးသတိပေး

ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ လာပြောဖို့က မင်းတို့အလုပ်မဟုတ်ဘူးလို့ တရုတ်ကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး သတိပေး

ပင်လယ်ပြင်အတွင်းမှာ ဒါပဲလုပ်ရမယ်၊ ဟိုဟာမလုပ်ရဘူးဆိုပြီး ဖိလစ်ပိုင်ကို ပြောဖို့က တရုတ်ရဲ့ အလုပ်ကိစ္စမဟုတ်ဘူးလို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဘေဂျင်းအစိုးရက ဖိလစ်ပိုင်ရဲ့ ကမ်းရိုးတန်းစောင့်ကြည့်ရေးလေ့ကျင့်နေမှုအပေါ် ကန့်ကွက်ခဲ့ရာမှာ တရုတ်အစိုးရကို ကိုယ့်အလုပ်ကိုယ်လုပ်ဖို့သာ ပြန်လည်သတိပေးသွားခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၃ ထရီလီယံတန်ဖိုးရှိတဲ့ ကုန်သွယ်ရေးကဏ္ဍအတွက် တရုတ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို သူပိုင်ဆိုင်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဟိဂ်တရားရုံး ခုံသမာဓိအဖွဲ့ က ဒီတောင်းဆိုပြောသားချက်နဲ့ ပတ်သက်ပြီး အဆုံးအဖြတ်ပေးခဲ့ရာမှာတော့ တရုတ်ရဲ့ အရေးဆိုမှုက ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တရုတ်က အခုအခါမှာ တောင်တရုတ် ပင်လယ်တစ်ခုလုံးကို စိုးမိုးနိုင်ဖို့အတွက် ပြန်လည်ကြိုးစားနေရာမှာတော့ အခြားသောနိုင်ငံတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာခဲ့ပါတယ်။ ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အတွင်းရေးမှူးဖြစ်တဲ့ Delfin Lorenzana က “ဒီလေ့ကျင့်မှုတွေကို တားဆီးဖို့အတွက် သူတို့မှာ သြဇာအာဏာ မရှိသလို ဥပဒေကြောင်းအရလည်း အခြေအမြစ်မရှိပါဘူး” လို့ သတင်းထောက်တွေကို ပြောဆိုသွားခဲ့ပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် နဲ့ ငါးဖမ်းလုပ်ငန်းဗျူရိုဟာ စနေနေ့မှာ လေ့ကျင့်မှုတွေကို စတင်ခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်းမှာ ရေကြောင်းဆိုင်ရာလေ့ကျင့်မှုတွေစတင်ခဲ့တာဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်လှေတွေ ဖြတ်သန်းသွားလာမှုတွေ ပြုလုပ်ပြီး ခြိမ်းခြောက်တဲ့အရိပ်အယောင်တွေပြသခဲ့ပြီးနောက် ဒီအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တင်္နလာနေ့မှာ ဖိလစ်ပိုင်ကို ဒီဆောင်ရွက်ချက်တွေရပ်တန့်သင့်တယ်လို့ ပြောကြားခဲ့ပြီး အခြေအနေတွေကို ပိုမိုဆိုးရွားစေ ကာ အငြင်းပွားမှုတွေလည်း ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီအပေါ်မှာဖိ လစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်စာတစ်စောင်ရေးသားထုတ်ပြန်ခဲ့ပြီး “ဖိလစ်ပိုင်ကို ဘာလုပ်ပါ၊ ညာလုပ်ပါပြောနေစရာ ဘာအကြောင်းမှ တရုတ်မှာမရှိဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်တွေအတွင်း ဖိလစ်ပိုင်ရဲ့အထူးစီးပွားရေးဇုန်အတွင်းမှာ တရုတ်သင်္ဘောတွေ ရာနဲ့ချီပြီးရှိနေခဲ့ကာ တင်းမာမှုတွေဖြစ်ပွားခဲ့ပြီးနောက် သမ္မတဒူတာတေးက ဘေဂျင်းအစိုးရတာဝန်ရှိသူတွေကို လက်ခံတွေ့ဆုံခဲ့ပြီး အခြေအနေကို ပြန်လည်ထိန်းသိမ်းခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ဆေးအခမဲ့ရရှိနေမှုနဲ့ အခြားသောကိစ္စရပ်အများအပြားမှာ တရုတ်အပေါ် မှီခိုနေရတဲ့ ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်အရေးမှာတော့ နိုင်ငံရဲ့အချုပ်အခြာအာဏာကိုအထိပါးခံပြီး အလျှော့ပေးမှာမဟုတ်ဘူးလို့ ဒူတာတေးက ဗုဒ္ဓဟူးနေ့မှာပဲ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။

“တရုတ်က ကျွန်တော်တို့ရဲ့ သူငယ်ချင်းကောင်းတစ်ဦးဆိုတာ သိထားမှာပါ၊ သူတို့နဲ့ ကျွန်တော်တို့ ပြသနာမဖြစ်ချင်ဘူး၊ အထူးသဖြင့်တော့ စစ်ပွဲပေါ့၊ ဒါပေမယ့်လည်း အပေးအယူလုပ်လို့မရတဲ့ အရာတွေရှိပါတယ်၊ သူတို့နားလည်မယ်လို့လည်း မျှော်လင့်ပါတယ်၊ ကျွန်တော့်ဘက်ကလည်း တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့တာဝန်ရှိနေပါတယ်” လို့ ဒူတာတေးက ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်ကတော့ သူတို့ရဲ့လေ့ကျင့်နေမှုတွေကို အငြင်းပွားမှုအကြီးအကျယ်ဖြစ်ပေါ်နေတဲ့ Spratly ကျွန်းစုအနီးမှာ ပြုလုပ်နေတာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Lorenzana က တရုတ်ဟာ ကျွန်းအတုတွေဖန်တီးကာ သန္တာကျောက်တန်းတွေ တရားမဝင်သိမ်းယူနေမှုက အခြေအနေတွေကို ရှုပ်ထွေးစေခဲ့တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *