ထိန်းချုပ်မှုကင်းမဲ့နေတဲ့ တရုတ်ဒုံးကျည် ဒီတပတ်အတွင်း ကမ္ဘာပေါ်ကို ပြန်ကျမည်

ထိန်းချုပ်မှုကင်းမဲ့နေတဲ့ တရုတ်ဒုံးကျည် ဒီတပတ်အတွင်း ကမ္ဘာပေါ်ကိုပြန်ကျမည်

ထိန်းချုပ်မှု ကင်းမဲ့နေပြီဖြစ်တဲ့ တရုတ် ဒုံးပျံကျည် Long March 5B ဟာ ဒီတစ်ပတ် အတွင်းမှာပဲ ကမ္ဘာမြေပေါ်ကို ပြန်လည်ပြီးကျဆင်းလာလိမ့်မယ်လို့ ကျွမ်းကျင်သူက ခန့်မှန်းပြောဆို လိုက်ပါတယ်။ ဒီလိုမျိုး ပြန်လည်ကျဆင်းရာမှာ ထိန်းချုပ်မှု မရှိတာကြောင့် ဘယ်နေရာကို ကျရောက်ပြီး ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက် အထိ ရှိလာမလဲဆိုတာနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။

၂၂ တန် အလေးချိန်ရှိတဲ့ ဒုံးကျည်ကို ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ပေကျင်းရဲ့ အာကာသ စခန်းအသစ်ကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ထိန်းချုပ်မှုကနေ ကင်းလွတ်သွား ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကမ္ဘာမြေပေါ် ပြန်လည်ပြုတ်ကျရာမှာ နေရာအတိအကျကို ခန့်မှန်းလို့ မရဖြစ်နေပြီး လေ့လာသုံးသပ်သူတွေကတော့ ဒုံးကျည် အပိုင်းအစတွေဟာ သမုဒ္ဒရာတွေအပေါ် ကျဆင်းဖို့ အခွင့်အလမ်းများနေကြောင်း ဆိုခဲ့ကြပါတယ်။

“ကမ္ဘာ့မြေနေရာအများအပြားကို ရေတွေနဲ့ လွှမ်းခြုံထားတာပါ၊ ဒီအတွက်ကြောင့် အရမ်းကြီးစိုးရိမ်စရာတော့မလိုပါဘူး” လို့ Space Safety Coalition ကို တည်ထောင်ခဲ့သူ Dan Oltrogge က ပြောပါတယ်။ သူက အများပြည်သူတွေကို ထိခိုက်နိုင်ချေဟာ သုညအဆင့်မှာသာ ရှိနေတာမဟုတ်ပေမယ့်လည်း ပြန်လည်ကျဆင်းလာမယ့် ဒုံးကျည်ဟာ သမုဒ္ဒရာတွေဆီကို ဦးတည်မယ်ဆိုရင်တော့ ထိခိုက်ဆုံးရှုံးမှုနည်းပါးမယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဒုံးကျည်ဟာ ၁ စက္ကန့်ကို ၇ ကီလိုမီတာနှုန်းနဲ့ ကမ္ဘာ့လေထုထဲကို ထိန်းချုပ်ခြင်းကင်းမဲ့စွာနဲ့ ပြန်ဝင်လာနေတာဖြစ်ပါတယ်။ အမေရိကန် အာကာသကျွမ်းကျင် ပညာရှင်တွေနဲ့ သတင်းတွေကတော့ လူသူကင်းဝေးတဲ့နေရာကို ကျရောက်ဖို့များတယ်လို့ ခန့်မှန်းထားကြပြီး အတိ အကျကိုတော့ ပြောဆိုနိုင်ခြင်းမရှိပါဘူး။ ဒါဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ၁၀ တန်အထက်လေးတဲ့ ဘယ်လိုဂြိုလ်တုအစိတ်အပိုင်းမှ အထိန်းအချုပ်ကင်းမဲ့စွာနဲ့ ကမ္ဘာမြေထဲကို ပြန်ဝင်လာခဲ့ခြင်းမရှိတဲ့ မှတ်တမ်းကို ချိုးဖျက်တော့မှာလည်းဖြစ်ပါတယ်။

အမေရိကန် Space Command ကတော့ Long March ရဲ့ တည်နေရာကို ခြေရာခံခဲ့ပြီးနောက် မေလ၈ရက်နေ့၊ စနေနေ့ (မနက်ဖြန်) မှာ ကမ္ဘာပေါ်ကို ပြန်လည်ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒုံးကျည်ရဲ့ ခန္ဓာကိုယ်ဟာ အလုပ် မလုပ်တော့ဘူးလို့ သိရပြီး ဒီအတွက်ကြောင့် ထိန်းချုပ်လို့ မရတော့ တာလည်းဖြစ်ပါတယ်။ ဒုံးကျည်ဟာ အီကွေတာကနေ ၄၁.၅ ဒီဂရီနေရာကနေ ကမ္ဘာမြေကို ထောင့်ဖြတ်ပုံစံနဲ့ ပတ်နေပြီး ချီလီ၊ နယူးဇီလန်၊ နယူးယောက်မြောက်ပိုင်းနဲ့ မက်ဒရစ်မြို့တို့ကို ဖြတ်သန်းသွားမှာဖြစ်ပါတယ်။

ဟားဗက်မှာနေထိုင်တဲ့ ရူပနက္ခတ္တဗေဒပညာရှင် Jonathan Mc Dowell ကတော့ ” နေ့တိုင်းလိုလိုမှာ၊ ပြီးတော့ လအနည်းငယ်မှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် အရာဝတ္ထုပစ္စည်းတွေက ကမ္ဘာမြေပေါ်ကို ပြန်ပြန်ရောက်လာတတ်ပါတယ်၊ ဒါပေမယ့် ဒီလိုကြီးမားတဲ့အရာတစ်ခုက ထိန်းချုပ်မှုမရှိဘဲ ပြန်ဝင်လာတာက နှစ်ပေါင်း ၃၀ အတွင်းမှာ ဒုတိယအကြိမ်ဖြစ်ပါတယ်၊ ကျွန်တော်ကတော့ သိသာထင်ရှားတဲ့အပိုင်းအစတွေ ကမ္ဘာမြေမျက်နှာပြင်ပေါ်ကို ရောက်လာမယ်လို့ ထင်တယ်၊ အလေးချိန် ၁၀၀ ကီလိုဂရမ်အထိရှိမယ့် အပိုင်းအစတွေ တော်တော်များများပါပါလိမ့်မယ်” လို့ ခန့်မှန်းပြောဆိုထားပါတယ်။Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *