အိန္ဒိယတင်မကဘဲ အာရှနိုင်ငံများပါ ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှု လှိုင်းအသစ်ဖြင့် ရင်ဆိုင်နေရပြီ

အိန္ဒိယတင်မကဘဲ အာရှနိုင်ငံများပါ ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှု လှိုင်းအသစ်ဖြင့် ရင်ဆိုင်နေရပြီ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ပိုးရောဂါ ကူးစက်မှုလှိုင်းကို တကမ္ဘာလုံးကူးစက်မှု၏ ထက်ဝက်နီးပါးနှင့် သေဆုံးမှု၏ လေးပုံတပုံအထိ ဆိုးဝါးစွာရင်ဆိုင်နေရ ကြောင်း WHO ထုတ်ပြန်ချက်အရ သိရသည်။ ယခုအခါ အိန္ဒိယနိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသော နီပေါနှင့် မော်လ်ဒိုက်တို့တင်မကဘဲ အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ထိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့တွင်ပါ ကူးစက်မှုပြင်းထန်မည့် အရိပ်အယောင်များကို မြင်နေရပြီ ဖြစ်သည်။

“ အရှေ့တောင် အာရှဇုန်မှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုအသစ် ၂ ဒသမ ၇ သန်းရှိလာပြီး သေဆုံးသူ ဦးရေသစ်က ၂၅,၀၀၀ အထိ ရှိလာပြီ။ ကူးစက်သူသစ် ၁၉ ရာခိုင်နှုန်းနဲ့ သေဆုံးသူက ၄၈ ရာခိုင်နှုန်း တိုးလာတာ ဖြစ်တယ်” ဟု WHO က ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။

သိရိလင်္ကာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်ပိုးသစ် ကူးစက်မှုဒဏ်ကို ဧပြီလလယ်လောက်ကတည်းက စတင်ခံစားခဲ့ရပြီး ဖေဖော်ဝါရီ ကူးစက်မှုလှိုင်းကို လျှင်မြန်စွာပင် ဖြတ်ကျော်သွားသည်။ နေ့စဉ်တွေ့ရှိသော ကူးစက်လူနာဦးရေမှာ ပြီးခဲ့သည့် ဧပြီလဆန်းအတွင်းက နေ့စဉ်ကူးစက်သူ ပမာဏ၏ ငါးဆနီးပါး ခုန်တက်သွားပြီး သောကြာနေ့ ( မေ ၇) တရက်တည်းတွင် ကူးစက်လူနာသစ် ၁,၈၉၅ အထိ ထိုးတက်သွားသည်။

ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ကာလအတွင်း နယ်စပ်ဖြတ်ကျော်ခွင့်များ ပြန်လည်ပေးခဲ့သော ခရီးသွားနိုင်ငံဖြစ်သည့် မော်ဒိုက်လ်တွင်လည်း ပြီးခဲ့သော အင်္ဂါနေ့ က ကူးစက်လူနာသစ် ၆၀၁ ဦးတွေ့ရှိ ခဲ့သည်။ ထို့အတွက် နယ်စပ်ဖြတ်ကျော်ခွင့်နှင့် ခရီးသွားခွင့်များကို ပြန်လည်ပိတ်ပင်ရန် ကြိုးပမ်းနေကြ ရပြီဖြစ်သည် ။ မော်ဒိုက်လ်သည် လတ်တလော ကာလအတွင်း အိန္ဒိယနိုင်ငံတွင်း ကိုဗစ်-၁၉ ဆိုးရွားမှုကို ရှောင်ရှားလိုသော ဘောလိဝုဒ် သရုပ်ဆောင်များနှင့် ကြွယ်ဝသူ ၇၀,၀၀၀ ကျော် လာရောက်ခိုလှုံနေသော နိုင်ငံလည်း ဖြစ်သည်။

နီပေါနိုင်ငံသည်လည်း အိန္ဒိယနိုင်ငံနှင့် အလားတူ ကူးစက်မှုအခြေအနေကို ရင်ဆိုင်နေရပြီး ကူးစက်လူနာအသစ်များ တဖွဲဖွဲတိုးတက်လာနေသည်။ ဆေးရုံနှင့် ဆေးဝါး မလုံလောက်မှုများ ရင်ဆိုင်နေရပြီး အခြားနိုင်ငံများသို့ပါအကူအညီ တောင်းခံနေရသည်။ ကူးစက်လူနာသစ်မှာ လူဦးရေ ၁၀၀,၀၀၀ လျှင် ကူးစက်လူနာ ၂၀ နှုန်းတိုးပွားနေသောကြောင့် အိန္ဒိယနိုင်ငံ၏ လွန်ခဲ့သော သီတင်းနှစ်ပတ်က ကူးစက်နှုန်းနှင့် ထပ်တူညီနေသည်မှာလည်း စိုးရိမ်ဖွယ်ဖြစ်နေသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်ပိုးစစ်ဆေးမှုများတွင် ၄၄ ရာခိုင်နှုန်းအထိ Positive ပြသခဲ့ကြောင်း IFRC က ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့ နီပေါမှာသာ ကိုဗစ်ရောဂါကူးစက်မှုလှိုင်းအသစ်ကို မထိန်းနိုင်ခဲ့ရင် အခု အိန္ဒိယမှာ ဖြစ်နေသလိုမျိုး မိနစ်တိုင်း အသက်တွေ ဆုံးရှုံးနေရတဲ့ အခြေအနေမျိုးကြုံတွေ့ရမှာပါ” ဟု နီပေါ ကြက်ခြေနီအဖွဲ့ ဥက္ကဌ ဒေါက်တာ Netra Prasad Timsina က ဆိုသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကတည်းက တရုတ်နိုင်ငံပြင်ပပထမဆုံး ကိုဗစ်-၁၉ ကူးစက်သည့် နိုင်ငံဖြစ်ခဲ့သော်လည်း ရောဂါပိုးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သဖြင့် ၂၀၂၀ ခုနှစ် တခုလုံး ရောဂါပိုးကူးစက် လူနာသစ် နည်းပါးစွာပင် ရှိခဲ့သည်။ ယခုရင်ဆိုင်နေရသော နောက်ဆုံးလှိုင်းကို မထိ တွေ့မီ မတ်လ ၃၁ ရက်နေ့အထိ ကူးစက်လူနာစုစုပေါင်း ၂၈,၈၆၃ ဦးသာ ရှိခဲ့သောလည်း လှိုင်းအသစ်တွင် ငါးပတ်အတွင်း မူလပမာဏ၏ နှစ်ဆကျော်ဖြစ်သော ၇၆,၀၀၀ ကျော်အထိ ရောက်ရှိခဲ့သည်။ သောကြာနေ့ တရက်တည်းတွင် ကူးစက်လူနာသစ်ပေါင်း ၁,၉၁၁ ဦးအထိ တိုးလာသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတိုင် ကူးစက်ခံရသူ အနည်းဆုံးနှင့်သေဆုံးလူနာ လုံးဝမရှိသော နိုင်ငံအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သော ကမ္ဘောဒီးယားတွင် ဖေဖော်ဝါရီလ ကုန်ပိုင်းမှစပြီး တရက်လျှင်ကူးစက်လူနာသစ် ၁၀၀ ဝန်းကျင်တွေ့ရှိ ခဲ့သည်။ ဖေဖော်ဝါရီ လကုန်ပိုင်းက ကူးစက် လူနာသစ် ၅၀၀ ဝန်းကျင်သာ ရှိရာမှ ယခုအခါ ကူးစက်လူနာစုစုပေါင်း ၁၇,၆၂၁ဦးအထိ ရှိလာနေပြီး၎င်းနှ င့်ဆက်စပ်သော သေဆုံးမှုပေါင်း ၁၁၄ ဦးအထိ ရှိနေကြောင်း ဂျွန်ဟော့ဖ်ကင်းတက္ကသိုလ် ထုတ်ပြန်မှုအရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် အိန္ဒိယနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်နှုန်းပြင်းထန်သည့် ကိုရိုနာဗိုင်းရပ်မျိုးကွဲ B.1.617 ကူးစက် လူနာအသစ်ကို ယ ခုသီတင်းပတ် အစောပိုင်းက တွေ့ရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ် အတွင်း လူဦးရေ သန်း ၂၇၀ နေထိုင်သော ၎င်းနိုင်ငံတွင်း တရက်လျှင် ကိုဗစ် – ၁၉ ကူးစက်လူနာသစ် ၅,၀၀၀ အထိ တွေ့ရှိခဲ့သည်။ အစ်ကာလအတွင်း ကိုဗစ်-၁၉ ပျံ့နှံ့မှုကို တားဆီးရန်အတွက် အင်ဒိုနီးရှားပြည်တွင်းနှင့် ပြည်ပလခရီးသွားလာမှုအားလုံးကို မေလ ၆ ရက်မှ ၁၇ ရက်အထိ ပိတ်ပင်ခဲ့သည်။ crd

Add a Comment

Your email address will not be published. Required fields are marked *